What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 January 2019 14:59

လေဖြတ်နိုင်ခြေ မြင့်မားစေသည့် အစာများ

ဦးနှောက် သွေးကြောထဲမှာ သွေးခဲ ပိတ်ဆို့တာကြောင့် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ မရတော့ဘဲ ဦးနှောက်ဆဲလ်တွေ ထိခိုက်သွားတဲ့ အခြေအနေကို လေဖြတ်တယ်လို့ ခေါ်ပါတယ်။ လေဖြတ်အောင် လှုံ့ဆော်ပေးနိုင်တဲ့ အစားအစာ ငါးမျိုး ရှိပါတယ်။

၁)အာလူးချောင်းကြော်၊ အဆီကဲသော ကိတ်မုန့်၊ ဒိုးနပ်မုန့်များ

ဒိုးနပ်မုန့်၊ အာလူးချောင်းကြော်၊ ကိတ်မုန့်စတဲ့ မုန့်ပဲသရေစာတွေမှာ ထပ်ပြန်ကြော် ဆီများစွာ ပါဝင်နေပါတယ်။ ဒီလို မုန့်ပဲသရေစာတွေ ပြုလုပ်ရာမှာ သုံးတဲ့ အဆီတွေက အခန်းအပူချိန်မှာ ခဲနေတတ်ပါတယ်။

 

ဘာကြောင့် ကျန်းမာရေးအတွက် မကောင်းတာလဲ

ထပ်ပြန်ကြော်ဆီဟာ သွေးကြောတွေကို ပိတ်ဆို့စေပြီး သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရော အဆင့်မြင့် တက်စေကာ ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ နေ့စဉ် ဒိုးနပ်နှစ်ခု ဒါမှမဟုတ် အာလူးချောင်းကြော် ပွဲဝက်ခန့် စားသူတွေက အစားနည်းသူတွေထက် လေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။

ဘာလုပ်သင့်သလဲ

တစ်နေ့မှာ ထရန့်ဖက်စ် (Trans Fat) တစ်ဂရမ်ထက် ပိုမစားသင့်ပါ။ ဒါကြောင့် အပြင်မှာ စားတဲ့အခါ အာလူးကြော်နဲ့ တခြား ဆီကြော်စာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

 

၂) ကျပ်တင်ထားသော အသား၊ တာရှည်ခံအောင် ပြုပြင်ထားသော အသား

ဝက်အူချောင်း၊ ဟော့ဒေါ့မုန့်၊ ဝက်ပေါင်ခြောက်၊ ကျပ်တင်ထားတဲ့ အသားစတာတွေက သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။

 

ဘာကြောင့် ကျန်းမာရေးအတွက် မကောင်းတာလဲ

ကျပ်တင်ထားတဲ့ အသားတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေမှာ လေဖြတ်နိုင်တဲ့ အန္တရာယ် နှစ်နည်းရှိပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ နည်းဟာ ဆိုဒီယမ်အများအပြားကို သုံးထားလို့ပါ။ Sodium Nitrate နဲ့ Sodium Nitrite တို့ဟာ သွေးကြောတွေကို တိုက်ရိုက် ထိခိုက်စေပြီး သွေးကြောမာကျော ကျဉ်းမြောင်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးကြောထိခိုက်မှုနဲ့ သွေးကြော ကျဉ်းမြောင်းမှုကြောင့် လေဖြတ်စေတာ ဖြစ်ပါတယ်။ လေ့လာမှုများစွာအရ ပြုပြင်ထားတဲ့ အသားတွေဟာ သွေးခဲပိတ်ဆို့တဲ့ရောဂါနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျပ်တင်ထားတဲ့ အသားတွေက ဆီးချိုရောဂါနဲ့ ကင်ဆာတို့နဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

ဘာလုပ်သင့်သလဲ

ကျပ်တင်ထားတဲ့ အသားကို စားမယ့်အစား တူနာငါး၊ မြေပဲထောပတ် စတာတွေကို ပြောင်းလဲစားပေးပါ။ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ပြီး ငါးကို စားပေးပါ။

 

၃) ဆော်ဒါအချိုရည်

သကြားပါတဲ့ အချိုရည်တွေအစား Diet လုပ်ထားတဲ့ ဆော်ဒါအချိုရည်ကို သောက်တာက ကိုယ်အလေးချိန် လျော့ကျစေနိုင်တယ် ထင်ရပေမယ့် လေဖြတ်နိုင်ခြေ တိုးစေပါတယ်။

 

ဘာကြောင့် ကျန်းမာရေးအတွက် မကောင်းတာလဲ

တစ်နေ့မှာ Diet ဆော်ဒါကို တစ်ခွက်သောက်တဲ့ သူတွေက လေဖြတ်နိုင်ခြေ ၄၈ ရာခိုင်နှုန်း မြင့်တက်စေတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ကိုလံဘီယာတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ အသက် ၄၀ ကျော်သူ ၂၅၀၀ ဦးကို လေ့လာခဲ့ရာ တစ်နေ့ ဆော်ဒါအချိုရည် တစ်ခွက် သောက်သူတွေက လေဖြတ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်တက်စေတယ်လို့ သိရပါတယ်။ ဆော်ဒါအချိုရည်က ဘာကြောင့် လေဖြတ်နိုင်ခြေကို မြင့်တက်စေတယ်ဆိုတာကို တိတိကျကျ မသိကြသေးပါဘူး။

ဘာလုပ်သင့်သလဲ

ဆော်ဒါအချိုရည် သောက်မယ့်အစား ရေကို ပိုသောက်ပေးပါ။ ရေငတ်ပြေစေတဲ့ အကောင်းဆုံးအရည်က ရေဖြစ်ပြီး ရေမသောက်ချင်ရင် သစ်သီးဖျော်ရည်ကို သောက်ပေးနိုင်ပါတယ်။

 

၎) အနီရောင် အသား

တစ်နေ့မှာ အနီရောင်အသားကို ပမာဏများများစားတဲ့ အမျိုးသမီးတွေက လေဖြတ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း မြင့်မားတယ်လို့ လေဖြတ်ဝေဒနာဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အနီရောင်အသားမှာ ပြည့်ဝဆီပါဝင်မှု မြင့်မားတာကြောင့် နှလုံးအတွက် မသင့်တော်ပါဘူး။

 

ဘာကြောင့် ကျန်းမာရေးအတွက် မကောင်းတာလဲ

အနီရောင်အသားမှာ ပါဝင်တဲ့ ပြည့်ဝဆီက သွေးကြောတွေကို ဖြည်းဖြည်းချင်း ပိတ်ဆို့စေတာကြောင့် လေဖြတ်နိုင်ခြေကို မြင့်မားစေတာ ဖြစ်ပါတယ်။ အနီရောင်အသားမှာ သံဓာတ်ပါဝင်မှု မြင့်မားတာကြောင့် စားသင့်ပေမယ့် အဆီနည်းတဲ့ အနီရောင်အသားကို အသင့်အတင့်ပဲ စားသင့်တာ ဖြစ်ပါတယ်။

ဘာလုပ်သင့်သလဲ

အနီရောင်အသားကို များများစားမယ့်အစား အဖြူရောင်အသား၊ ငါးတို့ကို များများစားပေးပါ။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ ပဲအမျိုးမျိုး၊ အစိမ်းရောင် ပဲသီး၊ အခွံမာသီး၊ တိုဟူးနဲ့ အဆီနည်း နို့နဲ့ နို့ထွက်ပစ္စည်းကို စားသင့်ပါတယ်။

 

၅) စည်သွတ်ဘူးထဲက စွပ်ပြုတ်နှင့် ပြုပြင်ထားသော အစာ

စည်သွတ်ထားတဲ့ အစာတွေထဲမှာ အရသာကောင်းစေဖို့ ဆိုဒီယမ်များများ ပါဝင်နေပါတယ်။ စည်သွတ်ထားတဲ့ အနေတော် ခေါက်ဆွဲ တစ်ဘူးမှာ ဆိုဒီယမ် ၁၁၀၀ မီလီဂရမ် ပါဝင်တယ်လို့ ဆိုပါတယ်။ အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းရဲ့ အဆိုအရ လူတစ်ဦးဟာ တစ်နေ့မှာ ဆိုဒီယမ် ၅၀၀ မီလီဂရမ် အောက်ပဲ စားသင့်တယ်လို့ ဆိုပါတယ်။

 

ဘာကြောင့် ကျန်းမာရေးအတွက် မကောင်းတာလဲ

ဆား ဒါမှမဟုတ် ဆိုဒီယမ်က လေဖြတ်နိုင်ခြေကို မြင့်မားစေပါတယ်။ လတ်တလော လေ့လာမှုတစ်ရပ်အရ တစ်နေ့မှာ ဆိုဒီယမ် ၄၀၀၀ မီလီဂရမ်ထက် ပိုစားသူတွေက တစ်နေ့မှာ ၂၀၀၀ မီလီဂရမ်အောက် စားသူတွေနဲ့ ယှဉ်ရင် လေဖြတ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ သိရပါတယ်။ ဆားပါဝင်တဲ့ အရာတွေကို အဆင်သင့်အစာတွေမှာ အခုလို ရေးထားတတ်ပါတယ်။ အချိုမှုန့် (MSG)၊ Sodium Alginate၊ Disodium Phosphate စတာတွေပဲ ဖြစ်ပါတယ်။

ဘာလုပ်သင့်သလဲ

အိမ်မှာ ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုပဲ စားသောက်ပါ။ တတ်နိုင်သမျှ အဆင်သင့် အစာတွေကို ရှောင်ပါ။

Source:ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

 

Read: ညဘက်မျက်စိ မမြင်ရခြင်း

ညဘက်မျက်စိ မမြင်ရခြင်း

Read times Last modified on Wednesday, 27 February 2019 15:00
Rate this item
(1 Vote)