What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 March 2019 16:19

သွေးတွင်း သကြားဓာတ်ကို မထိန်းချုပ်နိုင်သော လက္ခဏာများ

ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ သူတို့ရဲ့ သွေးတွင်းသကြားဓာတ်ကို အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ ဆေးဝါးတွေနဲ့ အမြဲ ထိန်းချုပ်နေရပါတယ်။

ဒီလို ဆင်ခြင်မှုအပိုင်းမှာ အားနည်းနေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့အခါမှာ အောက်ပါလက္ခဏာတွေကို တွေ့ရပါတယ်။

 

၁။ ရေဆာလွန်းနေခြင်း

မကြာခဏ ရေငတ်တာနဲ့ ဆီးသွားတာတွေက သွေးထဲမှာ သကြားဓာတ် များလွန်းတာကြောင့်ဖြစ်တဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ သင့်ကျောက်ကပ်က သကြားဓာတ်ကို စစ်ထုတ်ဖို့ ခက်ခဲတာကြောင့် တစ်သျှူးတွေထဲက အရည်တွေကို ပိုပြီးဆွဲယူကာ ပုံမှန်ထက်ပိုပြီး ဆီးသွားနေရတာပါ။ ရေငတ်တာကလည်း ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့ အရည်တွေကို ပြန်ဖြည့်ဖို့ လိုအပ်တဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ရေကို များများမသောက်ရင် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။

 

၂။ နုံးနေခြင်း

နုံးပြီးပင်ပန်းတာက သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း မထိန်းနိုင်တဲ့ တခြားလက္ခဏာ တစ်ရပ်ပါပဲ။ ခန္ဓာကိုယ် ဆဲလ်တွေထဲကို ဝင်မယ့်အစား သွေးကြောထဲမှာ ရှိနေတာကြောင့် ကြွက်သားတွေက စွမ်းအင်အဖြစ်သုံးဖို့ လောင်စာကို အလုံအလောက် မရတော့ပါဘူး။ သင်က အနည်းငယ်ပင်ပန်းနေရင် တစ်ရေး အိပ်သင့်ပါတယ်။

 

၃။ မူးမိုက်ခြင်း၊ တုန်လှုပ်နေခြင်း

မူးမိုက်တာ ဒါမှမဟုတ် တုန်တာတွေကလည်း သွေးတွင်းသကြားဓာတ် လျော့နည်းတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်က ပုံမှန် အလုပ်လုပ်နိုင်ဖို့ ဂလူးကို့စ်ကို လိုအပ်ပါတယ်။ ဒီအချိန်မှာ သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်စေဖို့ သစ်သီးဖျော်ရည် တစ်ခွက်လောက် သောက်ပေးရပါမယ်။ တုန်ယင်တာက ပုံမှန်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြပါ။

 

၎။ လက်နှင့် ခြေထောက်များ ရောင်နေခြင်း

ဆီးချိုသွေးချို ရောဂါရှိသူက သွေးတိုးနေရင် ကျောက်ကပ်ရဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အရည်တွေ စစ်ထုတ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ရေတွေ စုပုံနေတဲ့အခါ လက်တွေနဲ့ ခြေတွေ ရောင်နေတတ်ပါတယ်။ ဒီလက္ခဏာဟာ ကျောက်ကပ်ရောဂါရှိကြောင်း ပြတဲ့ သတိပေးလက္ခဏာ တစ်ရပ်ပါပဲ။ ဒီအချိန်မှာ ကျောက်ကပ်ရဲ့ လုပ်ငန်းပုံမှန်ဖြစ်နေအောင် ဆရာဝန် ညွှန်ကြားထားတဲ့ ဆီးချိုနဲ့ သွေးတိုးအတွက် ဆေးတွေကို သောက်သင့်ပါတယ်။ သင်စားတဲ့အစာထဲက ပရိုတင်းဓာတ်ကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ်။

 

Read More : ဂေါက်အဆစ်ရောင်နာ ဖြစ်စေသည့် အံ့အားသင့်ဖွယ်ရာ အချက် ၉ ချက်

 

၅။ ထုံနေခြင်း၊ ကျဉ်နေခြင်း

နာ့ဗ်ကြာ ထိခိုက်မှုဟာ သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ လက်နဲ့ ခြေထောက်တွေ ထုံတာနဲ့ ကျဉ်တာဖြစ်ပြီး နာကျင်မှုနဲ့ အပူချိန်ပြောင်းလဲမှုကို သိရှိနိုင်စွမ်း မရှိတော့ပါဘူး။ ပုံမှန်ခြေထောက် စစ်ဆေးမှုကို လုပ်ဖို့လိုပြီး ခြေထောက် ထိခိုက်ဒဏ်ရာရရင် ဆေးကုသမှု ခံယူဖို့ လိုပါတယ်။

 

၆။ ဝမ်းဗိုက် ပြဿနာဖြစ်ခြင်း

ဆီးချိုရောဂါက သင့်ဗိုက်ထဲက အစာတွေထွက်အောင် ကူညီနိုင်တဲ့ နာ့ဗ်ကြောကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအခါ အစာတွေ အလုံအလောက် မထွက်နိုင်တော့တာကြောင့် ဝမ်းပျက်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းမထိန်းနိုင်တာစတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

 

၇။အမြင်အာရုံ ဆုံးရှုံးခြင်း

သွေးတွင်း သကြားဓာတ် မြင့်တက်တာနဲ့ သွေးတိုးတာ နှစ်ခုလုံးက မျက်လုံးထဲက ထိခိုက်လွယ်တဲ့ တည်ဆောက်မှုစနစ်ကို ထိခိုက်စေပြီး အမြင်အာရုံကို ချို့ယွင်းစေပါတယ်။ မျက်လုံးထဲက သွေးကြောတွေ ထိခိုက်မှုကြောင့်ဖြစ်တဲ့ ဆီးချိုသွေးချို ရောဂါကြောင့်ဖြစ်တဲ့ အာရုံခံလွှာ ထိခိုက်မှုဟာ လူကြီးတွေမှာ အမြင်ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အမြင်ဝေဝါးတာ၊ အစက်တွေ၊ လိုင်းတွေမြင်တာ၊ ပျိုးပျိုးပြက်ပြက် အလင်းတွေ မြင်တာက မျက်စိဆရာဝန်နဲ့ တွေ့သင့်တဲ့ လက္ခဏာတွေပါပဲ။

 

၈။ ကိုယ်အလေးချိန် လျော့ကျခြင်း

ကိုယ်အလေးချိန် အပိုတွေကို လျှော့ချတာက ဆီးချိုသွေးချိုရောဂါ ထိန်းချုပ်ရေးမှာ အရေးပါပါတယ်။ ဒါပေမဲ့ သင့်ကိုယ်အလေးချိန်က မကြိုးစားဘဲ ဝိတ်ကျတာ မြန်လွန်းနေရင် သွေးတွင်းသကြားဓာတ် မြင့်တက်လွန်းတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

 

၉။ မကြာခဏ ကူးစက်ပိုး ဝင်နေခြင်း

မကြာခဏ ပိုးဝင်တာကလည်း သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။ သွားဖုံးရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဘက်တီးရီးယားနဲ့ ဖန်းဂပ်စ်ပိုးဝင်တာနဲ့ မိန်းမကိုယ် မှိုစွဲတာတွေ ဖြစ်တတ်ပါတယ်။

 

၁ဝ။ အနာမကျက်နိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း မထိန်းနိုင်ရင် ပြတ်ရှရာနဲ့ အနာတွေက အနာကျက်နှုန်း နှေးပါတယ်။

 

Source: Yatanarpon

Read times Last modified on Friday, 29 March 2019 16:27
Rate this item
(0 votes)