..... မြန်မာ့ ကျန်းမာရေးစနစ်သည် လတ်တလော စိန်ခေါ်မှု များစွာဖြင့်ရင်ဆိုင်ကြုံတွေ့စေရပါသည်။
အဆိုပါ စိန်ခေါ်မှုများ၏ ပြဿနာ ရင်းမြစ်သည် ကျန်းမာရေးအတွက် အဓိက သွင်းအားစုများ ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အခြေခံအဆောက်အအုံ၊ အဓိက ဆေးဝါးရရှိမှု၊ ဘဏ္ဍာ ငွေကြေးအရင်းအမြစ် စသည်တို့ ရရှိဖြန့်ကျက် ထားနိုင်စွမ်းအားနည်းခြင်းတို့ ဖြစ်သည့်အပြင် သော့ချက်လုပ်ငန်းဆောင်တာ ဖြစ်သည့် ထောက်ပံ့စောင့်ကြပ်စနစ်၊ လူနာညွှန်းပို့စနစ်၊ ဆေးနှင့် ဆေးပစ္စည်း ထောက်ပံ့ပို့ဆောင် စနစ်၊ ကျန်းမာရေး သတင်း အချက်အလက် စီမံခန့်ခွဲမှု၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုများကလည်း အားကောင်းခြင်းမရှိ။ စနစ်အပေါ် ခြုံငုံသုံးသပ်နိုင်စွမ်း၊ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှုဆိုင်ရာအကန့်အသတ်များကလည်း အဆိုပါ စိန်ခေါ်မှုများကို ပိုမို အားကောင်း ကြီးထွားလာစေခဲ့ပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၃.၆၄ ရာခိုင်နှုန်းကိုသာ ကျန်းမာရေးဘက်ဂျက်အဖြစ် အသုံးပြုနေ ရပြီး အဆိုပါ ရာခိုင်နှုန်းသည် ဒေသစံနှုန်းနှင့် ကမ္ဘာ့စံနှုန်းများအရ လွန်စွာ နည်းပါးလျက်ရှိနေသေးသည်။ အကျိုးဆက်အရကျန်းမာရေးဆိုင်ရာ အဓိကဘဏ္ဍာရင်းမြစ်သည် အိမ်ထောင်စုများ၏ တိုက်ရိုက် ကျခံသုံးစွဲငွေဖြစ်လာခဲ့ပြီး ထိုသို့ ကျခံသုံးစွဲရသဖြင့် ဆင်းရဲမွဲတေ ခြင်းနှင့် ကြုံတွေ့နိုင်သလို လိုအပ်သည့် စောင့်ရှောက်မှုများကို မရရှိနိုင်အောင် ပိတ်ပင်တားဆီးထားသကဲ့သို့ ဖြစ်၍နေသေးသည်။ ...