What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 07 November 2021 12:34

ဘာလို့ ချွေးထွက်တာလဲ ချွေးထွက်တာ များနေသလား နည်းနေလား

ဘာလို့ ချွေးထွက်ကြတာလဲ

ချွေးထွက်တာ ဖြစ်ရိုးဖြစ်စဉ်ပါ။
ဒါပေမဲ့ ချွေးထွက်လွန်းရင်တော့ ပြဿနာ ရှိပါတယ်။ ချွေးငုတ်နေရင်လည်း ပြဿနာရှိပါတယ်။
ချွေးထွက်ခြင်းဖြင့် ကိုယ်ခန္ဓာကို အေးအောင် လုပ်ပေးတယ်။ ပုံမှန်အားဖြင့် တစ်နေ့တာမှာ ချွေး မီလီလီတာ ၅၀၀ မှ ၇၀၀ အထိ ထွက်တယ်။ဘပူအိုက်တဲ့အခါ ချွေးထွက်တယ်။ စိတ်ဖိစီးရင်လည်း အဲကွန်းခန်းထဲ အေးနေတာတောင် ချွေးစို့တယ်။ စားသောက်တာမှာ အပူအစပ်ပါရင်လည်း ချွေးထွက်တယ်။ ကိုယ်ကာယ လှုပ်ရှားတာကြောင့်လည်း ချွေးထွက်တယ်။

ချွေးထွက်များနေတာကို တားချင်ရင် ချွေးတားတဲ့ ချွေးပျောက်ဆေး လိမ်းကြတယ်။ ချွေးထွက်အောင်လုပ်တဲ့ နပ်ကြောတွေကို တားတဲ့ ဆေးကို သောက်ကြတယ်။ ကုထုံးတွေနဲ့ ကုသမှု ခံယူတယ်။ ခွဲစိတ်ကုသတယ်။

လူအများစု ချွေးထွက်တာ ပုံမှန်ပါပဲ။ မသိသာပါဘူး။ တချို့ကျတော့ ချွေးထွက် သန်တယ်။ လူမှုဘဝ အရည်အသွေးကို ဒုက္ခပေးတဲ့အထိ ချွေးထွက်တာ များလွန်းနေတယ်။


ဘာလို့ ချွေးထွက်ကြတာလဲ။
ကိုယ်ခန္ဓာ အပူချိန်ကို ထိန်းကျောင်းဖို့ ကူညီပေးတဲ့ လုပ်ငန်းတာဝန် တစ်ခု ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ အနှံ့အပြားများ တည်ရှိနေတဲ့ ချွေးဂလင်းတွေက အငန်ဓာတ်ပါတဲ့ အရည်တွေကို ချွေးအဖြစ် ထုတ်ပေးကြပြီး အပူချိန်တက်လာတာကို ပြန်ကျအောင် ထိန်းပေးကြတယ်။

ချွေးဂလင်းတွေ ကိုယ်ခန္ဓာ အနှံ့အပြားမှာ ရှိနေကြလို့ ကိုယ်ခန္ဓာနေရာတိုင်းနီးပါးမှ ချွေးထွက်လို့ရတယ်။ ဒါပေမဲ့ အထွက်များတဲ့နေရာတွေ ရှိတယ်။ နဖူး၊ ချိုင်း၊ လက်ဝါး၊ ပေါင်ခြံ၊ ခြေဖဝါးတို့ဟာ ချွေးထွက်နေကျ နေရာတွေ ဖြစ်ပါတယ်။

ကျန်းမာရေး ကောင်းတဲ့သူက ချွေးထွက်မြန်တယ်။ ကိုယ်ခန္ဓာက ကိုယ်အပူချိန် တက်လာတဲ့အခါ တုံ့ပြန်ပေးတာ မြန်ဆန်လို့ ချွေးတွေ မြန်မြန် ထွက်တယ်။

ချွေးထွက်ပုံ ၃ မျိုး ရှိတယ်။
အပူဓာတ်ချွေးထွက်ခြင်း thermal sweating က ဖြစ်နေကျ အဖြစ်ဆုံးပါ။ ကိုယ်ခန္ဓာ အပူချိန် မတက်အောက် ထိန်းပေးဖို့ ချွေးထွက်တာ ဖြစ်ပါတယ်။
ပုံမှန်စံက ၃၇ ဒီဂရီ စဲစီးယပ်( ဖာရင်ဟိုက် ၉၈.၆ ဒီဂရီ ) မှာ ထိန်းပေးထားတယ်။

စိတ်ကြောင့် ချွေးထွက်ခြင်း Psychological sweating က ကြောက်လန့်စိုးထိတ်တဲ့အခါ၊ နာကျင်တဲ့ ဝေဒနာ ခံစားရတဲ့အခါ၊ စိတ်မှာ ဖိအား ဖြစ်ပေါ်တဲ့အခါ ထွက်ပါတယ်။

အစာချေ ချွေးထွက်ခြင်း Gustatory sweating ကတော့ အစာစားရင် အရည်သောက်ရင် ချွေးထွက်တာ ဖြစ်ပါတယ်။ ပူနေတဲ့ စားသောက်စရာ၊ စပ်တဲ့ စားသောက်စရာ စားသောက်ရင် ထွက်တဲ့ ချွေး ဖြစ်ပါတယ်။


ချွေးဘယ်လောက်ထွက်ရင် ပုံမှန်လဲ ဆိုတာ သတ်မှတ်ချက် မရှိပေမဲ့ ယေဘုယျအားဖြင့် တစ်‌ေန့တာမှာ ချွေး ၅၀၀ မှ ၇၀၀ မီလီလီတာ ထွက်တာ ပုံမှန်ပါလို့ ပြောကြပါတယ်။ တချို့က ပုံမှန်အားဖြင့် ချွေးထွက်နည်းတယ်။ တချို့က ပုံမှန်အားဖြင့် ချွေးထွက်သန်တယ်။

ကိုယ်ခန္ဓာ အရွယ်အစား၊ အသက်အပိုင်းအခြား၊ ကြွက်သားအနည်းအများ၊ ကျန်းမာရေး၊ ကြံ့ခိုင်မှု စတဲ့ အချက်တွေ အပေါ်မှာလည်း မူတည်ပါတယ်။
မွေးရာပါ ချွေးဂလင်း အနည်းအများ အပေါ်မှာလည်း မူတည်ပါတယ်။ ပြီးတော့ အဲဒီချွေးဂလင်းတွေ ဘယ်လောက် အလုပ်လုပ်သလဲဆိုတဲ့ အချက် အပေါ်မှာလည်း မူတည်ပါတယ်။

တချို့ကပြောတယ်။ ယောက်ျားတွေက မိန်းမတွေထက် ချွေးပိုထွက်တယ်တဲ့။ အဲဒီအချက်အတွက် အထောက်အထား မခိုင်လုံပါဘူး။

ကျန်းမာရေး ကောင်းမွန်ပြီး ကြံ့ခိုင်တဲ့သူတွေ ကိုယ်ကာယ လှုပ်ရှားရင် ချွေးပိုထွက်တယ်။ ကျန်းမာတဲ့အတွက် ကိုယ်ခန္ဓာမှ တုံ့ပြန်ဆောင်ရွက်ပေးတာ ပိုမြန်တယ်။ ချွေးထွက်လွယ်ပါတယ်။

Read times Last modified on Sunday, 07 November 2021 12:37
Rate this item
(0 votes)