What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 January 2019 15:18

အဆစ်အမြစ်ရောင် သွေးလေဖက်နာ ( Rheumatoid arthritis )

သွေးလေးဖက်နာဆိုသည်မှာ သင့်အရိုးအဆစ်များအပြင် ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်သော ကြာရှည်ရောင်ရမ်းရောဂါတစ်ခုဖြစ်ပါတယ်။

လူတစ်ချို့တွင် အရေပြား၊ မျက်စိ၊ အဆုတ်၊နှလုံးနှင့် သွေးကြောများအစရှိသော ကိုယ်ခန္ဓာအနှံ့အပြားကို ထိခိုက်စေနိုင်ပါတယ်။

 

သွေးလေးဖက်နာသည် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ပုံမမှန်မှုကြောင့်ဖြစ်သောကြောင့် သင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို မှားယွင်းတိုက်ခိုက်တက်ပါတယ်။ ပျက်စီးယိုယွင်းခြင်းကြောင့်ဖြစ်သော အရိုးကျီးပေါင်းရောဂါ ( Osteoarthritis ) နှင့်မတူညီသည်မှာ သွေးလေးဖက်နာရောဂါသည် အရိုးအဆစ်များ၏ နံရံကိုထိခိုက်စေသောကြောင့် နာကျင်စေသော အရိုးဖုရောင်ရမ်းခြင်းဖြစ်ပြီး အရိုးတိုက်စားခြင်းနှင့် အဆစ်ပုံပျက်ခြင်းတို့ဖြစ်စေပါတယ်။

 

သွေးလေးဖက်နာရောဂါသည် ရောင်ရမ်းခြင်းကြောင့်ဖြစ်သောကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းမြောက်မြားစွာကို ထိခိုက်နိုင်ပါတယ်။ သို့သော် ကုသနည်းအသစ်များထွက်ပေါ်လာပြီး ရောဂါများကို သက်သာစေကာ အရမ်းဆိုးဝါးသည့်အခြေအနေတွင်သာ နောက်ဆက်တွဲမသန်မစွမ်းခြင်းသာ ကျန်ခဲ့နိုင်ပါတယ်။

 

လက္ခဏာများကတော့ အဆစ်များတွင် ပူ၍ နာကျင်သော ရောင်ရမ်းခြင်း ၊ အရိုးတောင့်တင်းခြင်း ( အထူးသဖြင့် မနက်စောစောပိုင်းနှင့် မလှုပ်ဘဲငြိမ်နေပါက ပိုဆိုးတတ်သည် ) ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားတက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ အစဦးပိုင်းဖြစ်သော သွေးလေးဖက်နာသည် သေးငယ်သော အရိုးအဆစ်များကို ပိုမိုထိခိုက်စေတတ်ပါတယ်။ အထူးသဖြင့် လက်ချောင်းများမှ လက်သို့သာဖြစ်တတ်သလို ခြေချောင်းများမှ ခြေထောက်သို့ဖြစ်တတ်ပါတယ်။

 

ရောဂါဆိုးလာပါက လက်ချောင်းခြေချောင်းမှသည် လက်ကောက်ဝတ်၊ ခြေကျင်းဝတ်၊ တံတောင်ဆစ်၊ ဒူးခေါင်း၊ ပုခုံး၊ ပေါင်ရင်းများသို့အထိ နာကျင်နိုင်ပါတယ်။ အခြေအနေအများစုမှာ ကိုယ်ခန္ဓာ၏ နှစ်ဖက်စလုံးရှိ တူညီသည့်အဆစ်များတွင်သာ ဖြစ်တတ်ပါတယ်။ သွေးလေးဖက်နာရောဂါရှိသော လူနာ လေးဆယ်ရာခိုင်နှုန်းတွင် အရိုးအဆစ်နာကျင်ခြင်းမရှိဘဲ အခြားအောက်ပါ အစိတ်အပိုင်းများရှိ လက္ခဏာများသာ ခံစားရနိုင်ပါတယ်။ အရေပြား ၊ မျက်စိ ၊ အဆုတ် ၊ နှလုံး ၊ ကျောက်ကပ် ၊ တံတွေးဂလင်း ၊ အာရုံကြောတစ်ရှုးများ ၊ ရိုးတွင်းချဉ်ဆီ ၊ သွေးကြောများတို့နဲ့ ပတ်သက်ပြီး ရောဂါများကို ခံစားရနိုင်ပါတယ်။

 

သွေးလေးဖက်နာ၏ လက္ခဏာများသည် ရောဂါအပြင်းအထန်ပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦးမတူညီကြပါဘူး။ ရောဂါပြန်ဖြစ်လိုက် ပြန်ကောင်းလိုက်နှင့် ရှိနေတတ်ပြီး ပြန်ကောင်းချိန်တွင် အရိုးရောင်ခြင်းနှင့် နာကျင်ခြင်းမှာ ခဏသက်သာခြင်းဖြစ်စေ ခဏပျောက်သွားသည်ဖြစ်စေ ဖြစ်နိုင်ပါတယ်။ အချိန်ကြာရှည်သော် သွေးလေးဖက်နာသည် အဆစ်အမြစ်များအား ပုံဏ္ဍာန်ယိုယွင်းပျက်စီးသွားစေတတ်ပါတယ်။

 

သွေးလေးဖက်နာရောဂါသည် ကိုယ်ခန္ဓာရှိ ခုခံအားစနစ်သည် အရိုးနှစ်ခုဆက်ကြားရှိ အလွှာပါးကို တိုက်ခိုက်သောအခါရောင်ရမ်းခြင်းဖြစ်ပါတယ်။ ရောင်ရမ်းခြင်းသည် အလွှာပါးကို ထူစေရုံသာမက အရိုးအဆစ်အတွင်းရှိ အရိုးနုကိုပါ ပျက်စီးစေနိုင်ပါတယ်။ အရိုးများကိုတွယ်ဆိုင်းထားသော အရွတ်များမှာ အားနည်းလာသည်။ထိုမှတစ်ဖန် အရိုးအဆစ်မှာ ပုံသဏ္ဍာန်ပျက်စီးသွားစေပါတယ်။

 

မျိုးရိုးဗီဇနှင့် ပတ်သက်ဆက်နွယ်သည်ဟု ဆိုနိုင်သော်လည်း ဖြစ်ရခြင်းအစကို သေချာမသိကြသေးပေ။ မျိုးရိုးဗီဇသည် အမှန်တစ်ကယ်အားဖြင့် သွေးလေးဖက်နာဖြစ်စေနိုင်သည်ဟုမဆိုနိုင်သော်လည်း ပြင်ပအခြေအနေများသည် မျိုးရိုးဗီဇအား သွေးလေးဖက်နာဖြစ်စေရန် ပိုမိုအားပေးနိုင်ပါတယ်။ ဥပမာ - ဘက်တီးရီးယားပိုးနှင့် ဗိုင်းရပ်စ်ပိုးများသည် ရောဂါကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။

 

ဘယ်လိုလူတွေများအဖြစ်များလဲဆိုရင်တော့ အမျိုးသမီးများသည် အမျိုးသားများထက် ပိုဖြစ်ပွားနိုင်ပါတယ်။ အသက် - သွေးလေးဖက်နာသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက် ၄ဝနှင့် ၆ဝကြားတွင် ပိုမိုအဖြစ်များပါတယ်။ မိသားစုတွင် သွေးလေးဖက်နာဖြစ်ပွားသူရှိပါက သင့်တွင်ဖြစ်နိုင်ခြေရှိပါတယ်။ ဆေးလိပ်သောက်ခြင်း ၊ asbestos ကျောက်ဓာတ်နှင့် Silica ဓာတ်တို့နှင့်ထိတွေ့မှုများခြင်း ၊ အဝလွန်ခြင်း အစရှိတဲ့လူတွေမှာ အဖြစ်များနိုင်ပါတယ်။

 

သွေးလေးဖက်နာရောဂါသည် အစဦးပိုင်းတွင် အခြားရောဂါများနှင့် ဆင်တူသောကြောင့် ရောဂါကို တိတိကျကျပြောနိုင်ရန် ခက်ခဲပါတယ်။ ကိုယ်ခန္ဓာစမ်းသပ်မှုတွင် အဆစ်များ ရောင်ရမ်းခြင်း၊ နီခြင်း၊ နာခြင်း၊ ပူခြင်း၊ လှုပ်ရှားမှုနှင့် ကြွက်သားများအခြေအနေကို စမ်းသပ်လေ့ရှိပါတယ်။ အဆစ်အမြစ်ရောင် သွေးလေဖက်နာရောဂါနှင့် ပတ်သက်ပြီး ကုသမှုများ အမျိုးမျိုးရှိပါတယ်။ ဒါကြောင့်အရိုးများ ကြာရှည်စွာ မအီမသာဖြစ်ခြင်းနှင့် ရောင်ရမ်းနာကျင်ခြင်းများဖြစ်လျှင် သက်ဆိုင်ရာဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Source: Dr.YadanarPhooWaiAung (healthcare.com.mm)

 

Read times Last modified on Saturday, 26 January 2019 15:35
Rate this item
(1 Vote)