What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 18 April 2019 18:02

အူမကြီးရောင်ရမ်းမှုကို သက်သာစေမည့် စားသောက်နည်း ခုနှစ်နည်း

အူမကြီး (Colitis) ရောင်ရမ်းမှု ဝေဒနာ ဖြစ်တဲ့အခါ ခန္ဓာကိုယ်မှ အာဟာရ စုပ်ယူနိုင်စွမ်း လျော့ကျတာကြောင့် အာဟာရချို့တဲ့ နေတတ်ပါတယ်။

ဒီလို မဖြစ်စေဖို့ ဗီတာမင်၊ သတ္တုဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုအပ်သလို စားသောက်တဲ့ အစားအသောက်တွေကို အလေးထား စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။

 

(၁) အစားအသောက် အစုံစားပါ

အူမကြီး ရောင်ရမ်းတဲ့ သူတွေနဲ့ တခြားအူရောဂါ ရှိသူတွေအနေနဲ့ အာဟာရတန်ဖိုး လျော့နည်းတဲ့ အစားအစာတွေကို စားမယ့်အစား ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။

 

(၂) စားသောက်မှုအကြောင်း မှတ်ထားပါ

အူမကြီး ရောင်ရမ်းတဲ့သူတွေမှာ ရောဂါထအောင် လှုံ့ဆော်ပေးနိုင်တဲ့ အစာတွေက တစ်ဦးနဲ့တစ်ဦးမှာ မတူညီကြပါဘူး။ ဘယ်အစားအသောက်တွေက ကိုယ့်ကို ပြဿနာပေးနိုင်တယ် ဆိုတာကို အလွယ်ကူဆုံး သိနိုင်ဖို့ အစားအသောက်ဆိုင်ရာ မှတ်တမ်းတစ်ခုကို ထားရှိပေးပါ။ အဲဒီမှတ်တမ်းထဲမှာ သင်စားသောက်တဲ့ အရာတိုင်းကို ချရေးပြီး အဲဒီနေ့မှာ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို မှတ်ထားပါ။ ဒီမှတ်တမ်းဟာ ဆရာဝန်နဲ့ ပြသတဲ့အခါမှာ ပြသနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

 

(၃) ကောင်းကောင်းစားပါ၊ မကြာခဏစားပါ

အူမကြီး ရောင်ရမ်းတာကြောင့် ခန္ဓာကိုယ်မှ အာဟာရနဲ့ ကယ်လိုရီ စုပ်ယူနိုင်စွမ်း လျော့ကျပြီး ကိုယ်အလေးချိန် လျော့ကျတာနဲ့ အာဟာရ ချို့တဲ့တာတွေကို ဖြစ်စေနိုင်ပါတယ်။ လူနာတွေက ကယ်လိုရီများပြီး ပရိုတင်းဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်တွေကို စားပေးသင့်ပါတယ်။ လူအများစုဟာ တစ်နေ့မှာ အစာသုံးနပ် စားဖို့လိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာကို သုံးကြိမ်စားပေးမှသာ အာဟာရပြည့်ဝမှာ ဖြစ်ပါတယ်။

 

(၄) ဖြည့်စွက်ဆေး မှီဝဲပါ

အစားအသောက်ကနေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိနိုင်ပေမယ့် တချို့လူတွေက အစားအသောက်တွေမှ တချို့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်း လျော့နည်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အူမကြီး ရောင်ရမ်းနေသူတွေ အနေနဲ့ အာဟာရ ဖြည့်စွက်ဆေးကို မှီဝဲဖို့ လိုအပ်ပါတယ်။ အများအားဖြင့် အူမကြီး ရောင်ရမ်းနေသူ အများစုဟာ ဗီတာမင် B12 နဲ့ သံဓာတ် ဖြည့်စွက်ဆေးကို မှီဝဲဖို့ လိုအပ်ပါတယ်။

 

(၅) ရှောင်သင့်သော အစာများ

အူမကြီး ရောင်ရမ်းနေချိန်မှာ ရောဂါကို လှုံ့ဆော်ပေးနိုင်တဲ့ အစားအသောက်တွေ ရှိပါတယ်။ အဲဒီ အစားအသောက်တွေ ဖြစ်ကြတဲ့

- အမျှင်ဓာတ်များတဲ့အစာ (အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်)

- နို့နဲ့ နို့ထွက်ပစ္စည်း

- အဆီများတဲ့ အစားအသောက်

- ကဖင်းဓာတ်

- ကာဗွန်ပါတဲ့ အချိုရည်

- အရက်တွေကို ရှောင်ဖို့ လိုပါတယ်။

 

(၆) ရေဓာတ် ပြည့်ဝအောင်နေပါ

အူမကြီး ရောင်ရမ်းနေသူတွေနဲ့ အူရောင်ရမ်း နေသူတွေက ရေကို များများသောက်ပေးဖို့ လိုပါတယ်။ ဒါမှသာ ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ရှောင်ရှားနိုင်မှာပါ။ ဒါ့အပြင် ကျောက်ကပ်ဝေဒနာ၊ သည်းခြေ ကျောက်တည်တာစတဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း ကင်းဝေးမှာ ဖြစ်ပါတယ်။

 

(၇) လှုံ့ဆော်မှုဖြစ်စေသော အပြောင်းအလဲများကို အလေးထားပါ

ဘယ်အစားအသောက်ကို စားမိရင် အူမကြီးရောင်ရမ်းတဲ့ ဝေဒနာတွေကို ဖြစ်စေသလဲ၊ ဘယ်လို အခြေအနေတွေမှာ အူမကြီးရောင်ရမ်းမှုကို လှုံ့ဆော်ပေးနိုင်သလဲ စတဲ့ အခြေအနေတွေကို သိနားလည်ပြီး အဲဒီလှုံ့ဆော်မှုပေးတဲ့ အရာတွေကို ရှောင်ရှားဖို့ လိုပါတယ်။

 

Source: Good Health

Read times
Rate this item
(1 Vote)