ကလေးငယ် အမြဲလိုလိုမျက်ရည်ဝဲနေပြီး မျက်ဝတ်တွေနဲ့ ကပ်စေးစေးဖြစ်နေခြင်းဟာ သူ့ရဲ့မျက်ရည်ပြွန် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးလို့ဖြစ်ပါတယ်။
ဒါကြောင့် သူ့ရဲ့မျက်လုံးဟာ အရမ်းကို မျက်ရည်လွယ်နေရတာပါ။ မျက်ရည်တွေဟာ ကလေးငယ်ရဲ့ မျက်လုံးအိမ်ကို အမြဲသန့်စင်ပေးပြီး မျက်လုံးကို စိုစွတ်အောင် ထိန်းသိမ်းပေးပါတယ်။
ဆေးပညာအခေါ်အဝေါ်နဲ့ Lacrimal Gland လို့ခေါ်တဲ့ မျက်ရည်ဂလင်းတွေမှာ မျက်ရည်ကို ထုတ်လုပ်ပါတယ်။ မျက်လုံးနှစ်ဖက်က မျက်ရည်တွေဟာ နှာခေါင်းကို ဦးတည်တဲ့ ပြွန်တစ်ခုကနေ စီးဆင်းသွားပါတယ်။ ကလေးအများစုဟာ အဲဒီပြွန်ငယ်လေး အပြည့်အဝမဖွံ့ဖြိုးဘဲ မွေးလာတတ်ပါတယ်။
ပြွန်ငယ်လေးမဖွံ့ဖြိုးသေးတာကြောင့် မျက်လုံးနှစ်ဖက်က မျက်ရည်တွေဟာလည်း မစီးဆင်းသွားနိုင်ဘဲ ဖြစ်ရတာပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ မျက်ရည်ပြွန်ကောင်းကောင်းဖွံ့ဖြိုးလာတာနဲ့ အမြဲမျက်ရည်ဝဲနေတဲ့ ပြဿနာက သူ့အလိုလိုပြန်ကောင်းသွားမှာပါ။
ကလေးမျက်လုံးထဲကထွက်တဲ့ မျက်ရည်၊ မျက်ဝတ်တွေကို ရေကျက်အေးလေးရယ်၊ သန့်ရှင်းတဲ့ဂွမ်းနုလေးရယ် အသုံးပြုပြီး ဖယ်ရှားပေးနိုင်ပါတယ်။ မျက်ရည်ပြွန်ဖွံ့ဖြိုးနေဆဲကာလမှာ ကလေးငယ်ဟာ မျက်မြှေးရောင်နာ (မျက်စိနာခြင်း) ဖြစ်နိုင်ခြေ ပိုများပါတယ်။
မျက်စိနာရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။ ကလေးမျက်ရည်ပြွန်ဖွံ့ဖြိုးဖို့ ကူညီပေးတဲ့အနေနဲ့ မျက်ရည်အိတ်ကို အသာအယာ ပုံမှန်နှိပ်နယ်ပေးလို့ရပါတယ်။ ဘယ်နေရာကိုနှိပ်နယ်ရမလဲဆိုတော့ မေမေ့ရဲ့လက်ချောင်းတွေ အသုံးပြုပြီး ကလေးငယ်ရဲ့ နှာခေါင်းတစ်ဖက်တစ်ချက်စီကို အထက်ကနေအောက် အသာအယာနှိပ်ပေးနိုင်ပါတယ်။
ဘယ်လိုလုပ်ရမလဲ သေချာမသိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ ကလေးငယ် (၁၀) ဦးမှာ ကိုးဦးရဲ့ မျက်ရည်ပြွန်တွေဟာ သူ့အလိုလို ဖွံ့ဖြိုးလာတတ်ပါတယ်။ အကယ်လို့ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ အခြေအနေက တိုးတက်မှုမရှိလာရင် ကျန်းမာရေးဌာန/ တတ်ကျွမ်းသူဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ဆရာဝန်က မျက်ရည်ပြွန်ပိတ်နေလားဆိုတာကို စစ်ဆေးမှာပါ။ ပိတ်နေခဲ့ရင်တော့ မျက်ရည်ပြွန်ကို ပြန်ဖွင့်ဖို့အတွက် ခွဲစိတ်မှုအသေးစားလေးတစ်ခုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။
ဒေါက်တာချစ်ဆွေ M.B.,B.S (YGN)