ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask, Medical Use Respirator) များအား ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက် လျှောက်ထားရန် လိုအပ်ကြောင်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ထုတ်ပြန်ကြေညာထားပါသည်။
ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask, Medical Use Respirator) များအား ယခင်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့်လျှောက်ထားရန် မလိုသောစာရင်း၌ ပါဝင်ခဲ့သော်လည်း ယခုအခါ အရည်အသွေးပြည့်ဝသည့် ကာကွယ်ရေးဆေးပစ္စည်းများ အများပြည်သူသုံးစွဲခွင့်ရရှိရေးအတွက် လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ပိုမိုစိတ်ချရသည့် အရည်အသွေးစံနှုန်းပြည့်မီစေရန်အတွက်လည်းကောင်း Surgical Mask, Medical Use Respirator (eg: N-95, KN-95 စသည်) များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့် ထောက်ခံချက် လျှောက်ထားရန်လိုအပ်သော ဆေးပစ္စည်းအဖြစ် (၂၄-၁၂-၂၀၂၀) ရက်နေ့မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ ထောက်ခံချက်ရရှိပြီးမှသာ တင်သွင်းဖြန့်ဖြူးခွင့်ရှိတော့မည် ဖြစ်သည်။
အကြောင်းကြားစာ အပြည့်အစုံကို ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
စာအမှတ်။အစဆ/(လကဆပစ)၂၀၂၀/ ၂၀၁၀
ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ( ၄ )ရက်
အကြောင်းအရာ။ ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask, Medical Use Respirator) များအား ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက် လျှောက်ထားရန်ကိစ္စ။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ COVID-19 ရောဂါအတွက် အဓိကရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆေးပစ္စည်းဖြစ်သော Surgical Mask, Medical Use Respirator (eg: N95, KN-95 စသည်) များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့်လျှောက်ထားရန် မလိုသောစာရင်း၌ ပါဝင်ခဲ့သော်လည်း ယခုအခါ အရည်အသွေးပြည့်ဝသည့် ကာကွယ်ရေးဆေးပစ္စည်းများ အများပြည်သူသုံးစွဲခွင့်ရရှိရေးအတွက် လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ပိုမိုစိတ်ချရသည့် အရည်အသွေးစံနှုန်းပြည့်မီစေရန်အတွက်လည်းကောင်း Surgical Mask, Medical Use Respirator (eg: N-95, KN-95 စသည်) များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့်
ထောက်ခံချက် လျှောက်ထားရန်လိုအပ်သော ဆေးပစ္စည်းအဖြစ် (၂၄-၁၂-၂၀၂၀) ရက်နေ့မှစ၍ သတ်မှတ်ပါကြောင်းနှင့် ထောက်ခံချက်ရရှိပြီးမှသာ တင်သွင်းဖြန့်ဖြူးခွင့်ရှိကြောင်း အကြောင်းကြား အပ်ပါသည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ဒေါက်တာခင်ချစ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)