ထိုင်းရိုးရာ ဆေးဘက်ဝင် ဖတလိုင်ဂျုံးက Covid-19 ရဲ့ အခြေခံရောဂါလက္ခဏာတချို့ကို သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်း ဖြေရှင်းနည်းလို့
ဆေးပညာရှင် အများအပြားတို့က ယုံကြည်ကြတဲ့အတွက် သက်သေပြနိုင်ဖို့အတွက် သုတေသန လုပ်နေကြတယ်။
ဖတလိုင်ဂျုံး Fah talai jone အရွက်ကို ရေနွေးထဲ ခတ်ပြီး ဆေးဘက်ဝင်တဲ့ ရေနွေးကြမ်းအဖြစ် ဆေးဖြစ်ဝါးဖြစ် သောက်ကြတယ်။
အနံ့က ဆွဲဆောင်မှု မရှိဘူး။ တငုံစာလောက် နည်းနည်းလေး သောက်လိုက်တဲ့အခါ ခံတွင်းထဲမှာ ခပ်ကြာကြာ ခါးကျန်ရစ်တယ်။Andrographis သို့မဟုတ် Green chiretta လို့လည်း ခေါ်ဝေါ်ကြတဲ့ ဖတလိုင်ဂျုံးကို ခါးလွန်းတဲ့ အရသာအတွက် သိကြတယ်။ အခါးဘုရင်ကို တုပ်ကွေး၊ လည်ချောင်းနာခြင်း စတာတွေအတွက် တိုင်းရင်းဆေးအဖြစ် သုံးစွဲခဲ့ကြတာ ရာစုနှစ်အတန်ကြာကတည်းကဖြစ်ပြီး ထိုင်း၊ တရုတ်နဲ့ အိန္ဒိယတို့မှာ ဆေးအဖြစ် သုံးစွဲခဲ့ကြတယ်။
ဖတလိုင်ဂျူံးအပင်ငယ်
လတ်တလောမှာ ဖတလိုင်ဂျုံးကို လူပြောများလာတယ်။ ထိုင်းရိုးရာဆေးဘက်ဝင်အပင်က ကိုရိုနာဗိုင်းရပ်စ်နဲ့ စမ်းသပ်ကြည့်တာမှာ ပိုးကို သေစေနိုင်တဲ့သတ္တိ ရှိတယ်လို့ ဆိုတယ်။ အဲဒီသုတေသန စမ်းသပ်မှုကို Institute of Biological Products ရဲ့ သုတေသီအဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Ministry of Public Health လက်အောက်ရှိ Department of Medical Sciences ရှိ ဇီဝထုတ်ကုန် ဓာတ်ခွဲစမ်းသပ်ခန်းမှာ သုတေသန လုပ်ဆောင်ခဲ့ကြတယ်။
Fah talai jone အပင်ငယ်က အကြမ်းခံတယ်။ သက်တမ်း တစ်နှစ် ရှိတယ်။ အမြင့်က ၉၀ စင်တီမီတာ (၃၅ လက်မခွဲ) အထိ ရောက်တယ်။ အရွက်တွေများတဲ့ အပင်ငယ်ဖြစ်ပြီး ခရမ်း သို့မဟုတ် ပန်းနုရောင် ပန်းပွင့်တွေ ပွင့်တယ်။
ဆေးဘက်ဝင်အပင်ဖြစ်ပြီး ပိုးဝင်တဲ့အခါ၊ ဖျားနာတဲ့အခါ ကိုယ်အပူချိန် မြင့်တက်နေတာကို လျော့ကျအောင် လုပ်ပေးတယ်။ ဖတလိုင်ဂျုံးအရွက်မှာ ပါတဲ့ အခါးဓာတ်ဆောင် andrographolide က အရွက်ကို ဆေးဘက်ဝင်စေတာ ဖြစ်ပါတယ်။
ရှေးယခင်တုန်းက ရေနွေးကြမ်းအဖြစ် အရွက်ကို ရေနွေးထဲထည့်စိမ်ပြီး သောက်ကြတယ်။ ယခုအခါမှာတော့ ဖတလိုင်ဂျုံးကို ဆေးလုံး၊ ကက်ပစူးတို့ဖြင့် ထုတ်လုပ်ရောင်းချကြပါတယ်။ ရွက်ခြောက်ကို အမှုန့်ကြိတ်ပြီး ဆေးတောင့် လုပ်တယ်။ အရွက်မှာ ပါတဲ့ andrographis ကို ရယူပြီး ကက်ပစူးနဲ့ ထုတ်လုပ်တယ်။