မျက်မြှေးရောင်ရောဂါ/ မျက်စိနာရောဂါ နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
မျက်မြှေးရောင်ရောဂါ(သို့မဟုတ်)မျက်စိနာရောဂါ (Conjunctivitis) ဆိုတာ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် ဓာတ်မတည့်မှုများကြောင့် ဖြစ်ပွားတတ်ပြီး အဖြစ်များသော မျက်စိရောဂါတစ်မျိုး ဖြစ်ပါတယ်။
မျက်စိတစ်ဘက် (သို့မဟုတ်) နှစ်ဘက်စလုံးတွင် ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားချိန် ရက်သတ္တပတ် (၁)ပတ်ခန့်ထိ ကြာမြင့်တတ်ကာ ရာသီမရွေးဖြစ်ပွားကူးစက်တတ်ပါတယ်။
ရောဂါလက္ခဏာတွေကတော့
• မျက်စိနီရဲခြင်း
• မျက်စိယားယံခြင်း
• မျက်ဝတ်များထွက်ခြင်း
• မျက်စိနာကျင်ရောင်ရမ်းခြင်း
• မျက်ရည်ယိုခြင်း
• အလင်းရောင်မကြည့်နိုင်ခြင်း
● ခိုးလိုးခုလုဖြစ်ခြင်း
စသည်တို့ဖြစ်နိုင်ပါသည်။
မျက်စိနာရောဂါဖြစ်ပွားနေပါက -
● မျက်စိတစ်ဝိုက်ကို တစ်နေ့လျှင် (၂)ကြိမ်မှ (၃)ကြိမ်ခန့်အထိ သန့်ရှင်းသောအဝတ်စို၊ ရေနွေးစိမ်ထားသော ဂွမ်းလုံးတို့ဖြင့် သန့်ရှင်းပါ။ မျက်စိကို မကြာခဏပွတ်ခြင်းမှ ရှောင်ကြဉ်ပါ။
● ဆပ်ပြာနှင့် ရေကို အသုံးပြု၍ လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောပါ။
● မျက်မှန်တပ်ရပါက မျက်မှန်ကို မကြာခဏသန့်ရှင်းရေးပြုလုပ်ပါ။ မျက်ကပ်မှန်အသုံးပြုပါက မျက်စိနာခြင်း ပျောက်ကင်းသည်အထိ မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ကြဉ်ပါ။
● မျက်စိနာနေသူ၏ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ၊ မျက်မှန် စသည့် အသုံးအဆောင် ပစ္စည်းများကို အခြားသူများနှင့်မျှဝေသုံးစွဲခြင်း လုံးဝ မပြုလုပ်ရပါ။ ထိုသူ၏ အဝတ်အစားများကို သီးသန့်လျှော်ဖွပ်သန့်စင်ရပါမည်။ * အများသုံးရေကူးကန်များ၌ ရေကူးခြင်း လုံးဝမပြုလုပ်ရပါ။
● ရက်သတ္တပတ် (၁)ပတ်အတွင်း အလိုအလျောက်မသက်သာပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ပြသပြီး ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါ။
အကယ်၍ မျက်စိနာခြင်းသည် ဓာတုပစ္စည်းတစ်ခုကြောင့် ရောင်ရမ်းခြင်းဖြစ်ပါက မျက်စိထာဝရ ထိခိုက်ပျက်စီး စေနိုင်သဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ အလျင်အမြန်ကုသမှု ခံယူပါ။
မျက်စိအမြင်အာရုံ ဆုံးရှုံးမှုမရှိစေရန် ကျန်းမာရေးဝန်ထမ်း၏ညွှန်ကြားချက်မရှိဘဲ မိမိသဘောဆန္ဒအလျောက် မျက်စဉ်းခတ်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။
| Reference: Trachoma Control and Prevention of Blindness Program (28-5-2020)
မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါကာကွယ်ရေးနှိုးဆော်ချက်
လတ်တလောဖြစ်ပွားနေသော မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် ဗိုင်းရပ်ပိုး ကြောင့် ဖြစ်ပွားပြီး ရောဂါဖြစ်ပွားလျှင် (၅)ရက်မှ (၇)ရက်ခန့်အထိ ကြာမြင့်တတ်ပါသည်။
မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါသည် ရောဂါဖြစ်သူ၏ အသုံးအဆောင်များကို ကိုင်တွယ်သုံးစွဲခြင်းနှင့် နီးကပ်စွာအတူနေထိုင်ခြင်းများကြောင့် ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သဖြင့် အထူးသတိပြုရှောင်ရှားရပါမည်။ (ဥပမာ- ကျောင်းသား တစ်ဦးမှ စာသင်ခန်းအတွင်းရှိ ကျောင်းသားများသို့၊ မိခင်မှ ကလေးသို့)
သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါ မပြန့်ပွားစေရန် အောက်ပါ အချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-
ကူးစက်လွယ်သောရောဂါဖြစ်သဖြင့် ရောဂါဖြစ်သူ၏ အသုံးအဆောင်(အထူးသဖြင့် အမျိုးသမီးမျက်နှာ အလှပြင်ပစ္စည်းများ၊ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါ) များကို အခြားသူများက အတူသုံးစွဲခြင်း လုံးဝ မပြုလုပ်ရပါ။
လက်ကိုင်ပုဝါအစား တစ်ခါသုံးတစ်သျှူးစက္ကူကို အသုံးပြုသင့်ပြီး ရောဂါဖြစ်သူ၏ အဝတ်အစားများကိုလည်း သီးသန့်လျှော်ဖွတ်သန့်စင်ရပါမည်၊
ရောဂါဖြစ်ပွားပါက မျက်စိနာသူ၏ မျက်လုံးတစ်ဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးပြီး မျက်ရည်တုမျက်စဉ်း ဆေးရည်(Artificial Tear Eye Drops)ကို တစ်နေ့ (၃-၄)ကြိမ် ခပ်နိုင်ပါသည်။ မျက်စိကို မသန့်ရှင်းမီနှင့် မျက်စဉ်းဆေးရည်ခပ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောရပါမည်။ ရောဂါမသက်သာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် မျက်စိကုဌာနသို့ ပြသပါ၊
အခြားသူများသို့ ရောဂါမကူးစက်စေရန်အတွက် ရောဂါဖြစ်သူသည် မျက်စိကို မကိုင်မိစေရန် အကာအကွယ်မျက်မှန် တပ်ထားသင့်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL