What's New




Sunday, 08 October 2023 21:06

မျက်မြှေးရောင်ရောဂါ/ မျက်စိနာရောဂါ နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

မျက်မြှေးရောင်ရောဂါ/ မျက်စိနာရောဂါ နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

မျက်မြှေးရောင်ရောဂါ(သို့မဟုတ်)မျက်စိနာရောဂါ (Conjunctivitis) ဆိုတာ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် ဓာတ်မတည့်မှုများကြောင့် ဖြစ်ပွားတတ်ပြီး အဖြစ်များသော မျက်စိရောဂါတစ်မျိုး ဖြစ်ပါတယ်။

 

မျက်စိတစ်ဘက် (သို့မဟုတ်) နှစ်ဘက်စလုံးတွင် ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားချိန် ရက်သတ္တပတ် (၁)ပတ်ခန့်ထိ ကြာမြင့်တတ်ကာ ရာသီမရွေးဖြစ်ပွားကူးစက်တတ်ပါတယ်။

 

ရောဂါလက္ခဏာတွေကတော့ 

• မျက်စိနီရဲခြင်း

• မျက်စိယားယံခြင်း

• မျက်ဝတ်များထွက်ခြင်း

• မျက်စိနာကျင်ရောင်ရမ်းခြင်း

• မျက်ရည်ယိုခြင်း

• အလင်းရောင်မကြည့်နိုင်ခြင်း

ခိုးလိုးခုလုဖြစ်ခြင်း 

စသည်တို့ဖြစ်နိုင်ပါသည်။

 

မျက်စိနာရောဂါဖြစ်ပွားနေပါက -

မျက်စိတစ်ဝိုက်ကို တစ်နေ့လျှင် (၂)ကြိမ်မှ (၃)ကြိမ်ခန့်အထိ သန့်ရှင်းသောအဝတ်စို၊ ရေနွေးစိမ်ထားသော ဂွမ်းလုံးတို့ဖြင့် သန့်ရှင်းပါ။ မျက်စိကို မကြာခဏပွတ်ခြင်းမှ ရှောင်ကြဉ်ပါ။ 

 

 ဆပ်ပြာနှင့် ရေကို အသုံးပြု၍ လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောပါ။

 

မျက်မှန်တပ်ရပါက မျက်မှန်ကို မကြာခဏသန့်ရှင်းရေးပြုလုပ်ပါ။ မျက်ကပ်မှန်အသုံးပြုပါက မျက်စိနာခြင်း ပျောက်ကင်းသည်အထိ မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ကြဉ်ပါ။

 

မျက်စိနာနေသူ၏ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ၊ မျက်မှန် စသည့် အသုံးအဆောင် ပစ္စည်းများကို အခြားသူများနှင့်မျှဝေသုံးစွဲခြင်း လုံးဝ မပြုလုပ်ရပါ။ ထိုသူ၏ အဝတ်အစားများကို သီးသန့်လျှော်ဖွပ်သန့်စင်ရပါမည်။ * အများသုံးရေကူးကန်များ၌ ရေကူးခြင်း လုံးဝမပြုလုပ်ရပါ။

 

ရက်သတ္တပတ် (၁)ပတ်အတွင်း အလိုအလျောက်မသက်သာပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ပြသပြီး ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါ။

 

အကယ်၍ မျက်စိနာခြင်းသည် ဓာတုပစ္စည်းတစ်ခုကြောင့် ရောင်ရမ်းခြင်းဖြစ်ပါက မျက်စိထာဝရ ထိခိုက်ပျက်စီး စေနိုင်သဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ အလျင်အမြန်ကုသမှု ခံယူပါ။

 

မျက်စိအမြင်အာရုံ ဆုံးရှုံးမှုမရှိစေရန် ကျန်းမာရေးဝန်ထမ်း၏ညွှန်ကြားချက်မရှိဘဲ မိမိသဘောဆန္ဒအလျောက် မျက်စဉ်းခတ်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။

 

| Reference: Trachoma Control and Prevention of Blindness Program (28-5-2020)


 

မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါကာကွယ်ရေးနှိုးဆော်ချက်

 

လတ်တလောဖြစ်ပွားနေသော မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် ဗိုင်းရပ်ပိုး ကြောင့် ဖြစ်ပွားပြီး ရောဂါဖြစ်ပွားလျှင် (၅)ရက်မှ (၇)ရက်ခန့်အထိ ကြာမြင့်တတ်ပါသည်။

 

မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါသည် ရောဂါဖြစ်သူ၏ အသုံးအဆောင်များကို ကိုင်တွယ်သုံးစွဲခြင်းနှင့် နီးကပ်စွာအတူနေထိုင်ခြင်းများကြောင့် ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သဖြင့် အထူးသတိပြုရှောင်ရှားရပါမည်။ (ဥပမာ- ကျောင်းသား တစ်ဦးမှ စာသင်ခန်းအတွင်းရှိ ကျောင်းသားများသို့၊ မိခင်မှ ကလေးသို့)

 

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မျက်မြှေးရောင်ရောဂါ/မျက်စိနာရောဂါ မပြန့်ပွားစေရန် အောက်ပါ အချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

 

ကူးစက်လွယ်သောရောဂါဖြစ်သဖြင့် ရောဂါဖြစ်သူ၏ အသုံးအဆောင်(အထူးသဖြင့် အမျိုးသမီးမျက်နှာ အလှပြင်ပစ္စည်းများ၊ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါ) များကို အခြားသူများက အတူသုံးစွဲခြင်း လုံးဝ မပြုလုပ်ရပါ။ 

လက်ကိုင်ပုဝါအစား တစ်ခါသုံးတစ်သျှူးစက္ကူကို အသုံးပြုသင့်ပြီး ရောဂါဖြစ်သူ၏ အဝတ်အစားများကိုလည်း သီးသန့်လျှော်ဖွတ်သန့်စင်ရပါမည်၊

 

ရောဂါဖြစ်ပွားပါက မျက်စိနာသူ၏ မျက်လုံးတစ်ဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးပြီး မျက်ရည်တုမျက်စဉ်း ဆေးရည်(Artificial Tear Eye Drops)ကို တစ်နေ့ (၃-၄)ကြိမ် ခပ်နိုင်ပါသည်။ မျက်စိကို မသန့်ရှင်းမီနှင့် မျက်စဉ်းဆေးရည်ခပ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောရပါမည်။ ရောဂါမသက်သာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် မျက်စိကုဌာနသို့ ပြသပါ၊

 

အခြားသူများသို့ ရောဂါမကူးစက်စေရန်အတွက် ရောဂါဖြစ်သူသည် မျက်စိကို မကိုင်မိစေရန် အကာအကွယ်မျက်မှန် တပ်ထားသင့်ပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာန


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 08 October 2023 21:08
Rate this item
(0 votes)