What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 December 2020 09:52

COVID-19 ကာကွယ်ဆေး ဘယ်သူတွေကို အရင်ဆုံး ထိုးပေးမှာလဲ

COVID-19 ကာကွယ်ဆေးဝယ်ယူရေး အိန္ဒိယရဲ့ Serum Institute ကုမ္ပဏီနဲ့ မြန်မာကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တဲ့ တချိန်တည်းမှာပဲ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတော့ ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမယ့် လူစာရင်းကို ပြုစုနေကြပါပြီ။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အိန္ဒိယရဲ့ ကာကွယ်ဆေးထုတ် လုပ်ငန်းကြီးဖြစ်တဲ့ Serum Institute of India ထံကနေ ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်းနဲ့ချီ ဝယ်ယူနိုင်ဖို့ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ MoU ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်ရေး အိန္ဒိယတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာသံရုံး - နယူးဒေလီ)
ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်ရေး အိန္ဒိယတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာသံရုံး - နယူးဒေလီ)
နယူးဒေလီ မြန်မာသံရုံး တာဝန်ရှိသူတွေ အပါအဝင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း ဦးဆောင်တဲ့ နည်းပညာကိုယ်စားလှယ်အဖွဲ့နဲ့ Serum ကုမ္ပဏီ တာဝန်ရှိသူတွေကြား အွန်လိုင်းကတဆင့် သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မကြာခင်ကာလမှာ မြန်မာနိုင်ငံတွင်း ကိုဗစ်ကာကွယ်ဆေး စထိုးပေးဖို့ အစီအစဉ်ရှိကြောင်း သီတင်းပတ်စဉ် ပြည်သူကို တင်ပြနေတဲ့ ရုပ်သံအစီအစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့မှာ ပြောဆိုသွားပါတယ်။

“ကာကွယ်ဆေးကို လူ ၁၅ သန်းစာ ဝယ်ယူဖို့အတွက် အခု ကျမတို့ ကိုယ်စားလှယ်အဖွဲ့တခုက အိန္ဒိယနိုင်ငံမှာ ရောက်နေပါတယ်။ ဒီကာကွယ်ဆေး ဝယ်ယူတဲ့ကိစ္စနဲ့ ပတ်သက်ရင် နောက်တပတ်လောက်အတွင်းမှာ တိတိကျကျ ပိုပြီး သိရပါလိမ့်မယ်။ ကာကွယ်ဆေးဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ၊ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့ မကြာခင်ကာလမှာ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေ စဖို့ကိုလည်း ကျမတို့ စီစဉ်ထားပြီးပါပြီ။ တတိုင်းပြည်လုံးမှာပေါ့နော်... ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးကတော့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။ အဲဒါပြီးတော့မှ နောက် ကျမတို့အနေနဲ့ နိုင်ငံအတွက်ကော ပြည်သူတွေအတွက်ကော လိုအပ်ချက်အရ ကျမတို့ တဆင့်ပြီးတဆင့် လုပ်သွားမှာဖြစ်ပါတယ်”

အိန္ဒိယကနေ ဝယ်ယူမယ့် ကိုဗစ်ကာကွယ်ထိုးဆေးတွေ မြန်မာနိုင်ငံကို ဘယ်တော့ရောက်လာမယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်ပြီး Serum Institute ကုမ္ပဏီကထုတ်တဲ့ COVID-19 ကာကွယ်ဆေးကို မှာယူထားတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

“မှာထားတာကတော့ AstraZeneca ပဲ၊ AstraZeneca က အိန္ဒိယမှာထုတ်မယ့် ဆေးပေါ့လေ။ အဲဒီ ကိုယ်စားလှယ်အဖွဲ့ ပြန်လာပြီးရင် သူတို့ တရားဝင် သတင်းထုတ်ပြန်ပါလိမ့်မယ်။”

ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်လာခဲ့ရင် ကိုဗစ်ကာကွယ်ကုသရေးအတွက် ရှေ့တန်းမှာ လုပ်ဆောင်နေကြသူတွေကို ဦးစားပေး ထိုးနှံပေးသွားဖို့ စာရင်းပြုစုနေကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသမှု ဌာနမှူး ဒေါက်တာ မော်မော်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဆေးရောက်လာရင် ထိုးရမယ့် ပေါ်လစီကတော့ ပထမဆုံးရောက်လာမယ့် ဆေးကို Healthcare provider လောက်ပဲ။ ဆေးရုံနဲ့ ကိုဗစ်စင်တာတွေမှာ လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေပေါ့၊ သူတို့တွေကို အရင်ထိုးမှာပေါ့။ အဲဒီအတွက် ကျနော်တို့ စာရင်းကောက်ထားပြီးသား ရှိတယ်။ ဒုတိယအဆင့်က ကူးစက်ရောဂါအခံ ရှိသူတွေနဲ့ သက်ကြီးပိုင်းကို ထိုးပေးမယ် ပြောပေမယ့် အဲဒီစာရင်းကိုတော့ အသေအချာ မပြုစုရသေးဘူး။ ပြည်သူလူထုကို ထိုးပေးဖို့အဆင့် ဖြစ်လာမယ် ဆိုရင်တော့ ကိုဗစ်အဖြစ်များတဲ့ ရန်ကုန်လိုမှာ ဆိုရင်လည်း အဖြစ်များတဲ့ မြို့နယ်တွေရှိတယ်လေ။ ဥပမာ လှိုင်သာယာတို့ အင်းစိန်တို့လို အဖြစ်များတဲ့ မြို့နယ်တွေကို ဦးစားပေးမှာပေါ့။ မြန်မာတပြည်လုံး အနေနဲ့ ကြည့်ရင်တော့ ရန်ကုန်တို့ မန္တလေးတို့ မကွေးတို့ ဧရာဝတီတိုင်းတို့က အဖြစ်များတဲ့ နေရာထဲမှာ ပါတယ်လေ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ဘယ်နေရာကို ဘယ်လိုထိုးမယ်ဆိုတဲ့ အသေးစိတ် အစီအစဉ်ကို မထုတ်ပြန်သေးဘူး အခုထိ”
အိန္ဒိယနိုင်ငံကို လတ်တလော ရောက်ရှိနေတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန နည်းပညာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နဲ့အတူ ဒီဇင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR)၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ကျန်းမာရေးသုတေသနဌာန၊ အိန္ဒိယ ဇီဝနည်းပညာဌာန၊ National Institution for Transforming India (NITI Ayog)၊ အိန္ဒိယ ဆေးဝါးထိန်းချုပ်မှုဗဟို (DCGI) နဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံပြီး ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ အိန္ဒိယအစိုးရထံကနေ G-to-G အစီအစဉ်နဲ့ COVID-19 ကာကွယ်ဆေး ရရှိနိုင်ဖို့ကိုလည်း အိန္ဒိယအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဗီအိုအေ

 

 

 

 

Read times Last modified on Monday, 28 December 2020 10:02
Rate this item
(0 votes)