What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 31 July 2021 10:07

လမ်းပျောက်သွားတဲ့ CureVac

ကိုဗစ်ကာကွယ်ဆေး mRNA လမ်းသစ်ထွင်ခဲ့တဲ့ CureVac ကို Moderna နဲ့ BioNTech တို့က ကျော်တက်သွားခဲ့ကြတယ်။

Coronavirus ကပ်ရောဂါကြီး စတင်ချိန်မှာ CureVac က ကာကွယ်ရေးထိုးဆေး ဈေးကွက်ထဲကို မြေလှန်ပြောင်းလဲထားတဲ့ ကာကွယ်ဆေးနည်းပညာကို အရင်ဆုံး ဆောင်ယူပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးကို သူ့ထက်ငါ ဦးအောင် ထုတ်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြတဲ့အခါ ဂျာမနီမှ ဇီတနည်းပညာလုပ်ငန်း CureVac နောက်ကျကျန်ရစ်ခဲ့တယ်။
ဘာလို့ နောက်ကျကျန်ရစ်ခဲရသလဲဆိုတာကို အလုပ်အမှုဆောင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်ငန်းနယ်ပယ် စောင့်ကြည့်လေ့လာနေသူတွေက ဘာတွေ မှားခဲ့လို့လဲဆိုတာ နားလည်ဖို့ ကြိုးစားအဖြေရှာကြတယ်။

ပထမဆုံး ပြဿနာတက်ခဲ့တာ က ကုမ္ပဏီထူထောင်သူ Ingmar Hoerr ဉီးနှောက်ထဲ သွေးယိုလို့ ၂၀၂၀ ခုနှစ် မတ်လမှာ ဘေးဖယ်ခဲ့ရတယ်။ သူ့ရဲ့ ပါရဂူစာတမ်းမှာ mRNA ထိုးဆေးတွေ အကုန်လုံးအတွက် ဖွံ့ဖြိုးထုတ်လုပ်ပုံကို တင်ပြခဲ့တယ်။ သူ့ကို ကြီးကြပ်ရေးဘုတ်အဖွဲ့မှ အလုပ်အမှုဆောင်ချုပ်အဖြစ် ရွေ့ပြောင်းပြီး ၅ ရက်အကြာမှာ သူက ဘေးထွက်လိုက်တယ်။

ထိုးဆေး ဖွံ့ဖြိုးရေးမှာ နှောင့်နှေးတာတွေ၊ နောက်ပြန်လိမ့်တာတွေ ဖြစ်ပွားခဲ့လို့ ပြိုင်ဘက်တွေထက် လအတန်ကြာ နောက်ကျကျန်ရစ်တယ်။ အမေရိကန်မှ Moderna နဲ့ ဂျာမန်မှ လုပ်ငန်းသစ် BioNTech နဲ့ Pfizer တို့က mRNA ထိုးဆေးကို ဒီဇင်ဘာလ ၂၀၂၀ မှ ပထမဆုံးအနေဖြင့် ထုတ်ပေးနိုင်ခဲ့ကြတယ်။

CureVac က အမီလိုက်ဖို့ ဆန္ဒစောပေမဲ့လည်း အဆင့်(၃) အစမ်းရလဒ်တွေမှ အားလုံးခြုံငုံ ရလဒ်ရဲ့ ထိရောက်မှုက ၄၈% ပဲ ရှိတာကြောင့် အရေးပေါ်သုံးထိုးဆေးအတွက် လိုအပ်တဲ့ ရာခိုင်နှုန်းစံရဲ့ အောက်မှာ ရောက်ရှိနေတယ်။ ဒီတော့ ထိုးဆေးကို အတည်ပြုပေးဖို့ လမ်းပျောက်နေတယ်။ ကုမ္ပဏီ ရှယ်ယာဈေးနှုန်း ထက်ဝက် ထိုးကျသွားတယ်။

ထိုးဆေးကြောင့် လူနာဖြစ်လာခဲ့ရင်တောင် ဆေးရုံတင်ရခြင်းနဲ့ သေဆုံးခြင်းတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိဖို့ လိုအပ်နေတာကို ပြည့်မီခြင်း မရှိဘူး။

အစမ်း စမ်းသပ်တာမှာ ဆေးမအောင်ခဲ့တာက ကုမ္ပဏီရဲ့ ထိုးဆေးတွေကို စမ်းသပ်ချိန်ဟာ နောက်ကျခဲ့လို့ ကိုဗစ် ဗီဇမျိုးကွဲအသစ်တွေ ရောက်ရှိနေပြီဖြစ်လို့ ဆေးအာနိသင်က အစွမ်းမပြနိုင်ခဲ့တာလို့ ကုမ္ပဏီမှ တာဝန်ရှိသူတွေက ဆိုပါတယ်။ Moderna နဲ့ BioNTech တို့ရဲ့ ထိုးဆေးတွေ ၂၀၂၀ ခုနှစ်တုန်းက အစမ်း စမ်းသပ်ခဲ့စဉ်က မူလကိုဗစ်ပိုးပဲ ရှိသေးတယ်။ အခုလို မျိုးကွဲ ၁၅ မျိုးအထိ မရှိသေးဘူး။ နှစ်မျိုးစလုံးက ထိရောက်မှု ၉၀ % အထက်ကို ရရှိခဲ့ကြတယ်။


mRNA ကာကွယ်ဆေးတွေ အကုန်လုံးက ဗိုင်းရပ်စ်ဆူးနဲ့ ချိတ်တဲ့ ပရိုတင်းရဲ့ ဗီဇကုဒ်ကို lipid nanoparticle လို့ ခေါ်တွင်တဲ့ အဆီပူဖောင်းထဲကို ထည့်ပေးထားတယ်။ ဆေးထိုးပြီးတဲ့အခါ ကိုယ်ခန္ဓာမှ ဆဲလ်တွေက ဗီဇကုဒ်ကို ပရိုတင်းအဖြစ်သို့ ဘာသာပြန်လိုက်ကြပြီး အဲဒါကို တွေ့တာနဲ့ ချက်ချင်းသိစေဖို့ ကိုယ်ခံအားစနစ်ကို သင်ပေးတယ်။ ဒီတော့ CureVac ထိုးဆေးကြောင့် သင်ပေးတာတွေက အရင်ပိုးအဟောင်းတွေ ဖြစ်နေလို့ ပိုးအသစ်တွေကို ကိုယ်ခံအားစနစ်က မကာကွယ်တတ်ဘူး ဖြစ်နေစေတယ်။

CureVac ရဲ့ နောက်ထပ် အားနည်းချက်တစ်ခုက CureVac က ကပ်ရောဂါ စတင်ချိန်မှာ ထိုးဆေးထုတ်လုပ်ဖို့ လုပ်ကိုင်တဲ့အခါ တခြားကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်း မပြုခဲ့ဘူး။ ပြိုင်ဘက်တွေက လက်တွဲကြပြီး အစိုးရတွေထံမှ ရန်ပုံငွေတွေ ရယူနိုင်ခဲ့ကြတယ်။ ငွေသွန်ထည့်တာနှေးရင် ထုတ်လုပ်မှုလည်း နှေးတာမို့ CureVac ဖွံ့ဖြိုးထုတ်လုပ်မှုမှာ နှောင့်နှေးနေခဲ့တယ်။
BioNTech နဲ့ Pfizer တို့က၂၀၂၀ ခုနှစ် မတ်လ ကတည်းက လက်တွဲခဲ့ကြတယ်။
Moderna က လက်တွဲတဲ့သူ မရှိပေမဲ့ အမေရိကန်အစိုးရထံမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိခဲ့တယ်။

CureVac က ပထမအကြိမ်မှာ စာမေးပွဲ ကျရှုံးခဲ့ပေမဲ့ ဒုတိယအကြိမ်မှာတော့ ကုန်ကျစရိတ် သက်သာတဲ့အပြင် ထိုးဆေးကို အချိန်ပြည့် အေးခဲထားပေးဖို့ မလိုတဲ့ ထိုးဆေးမျိုးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဦးတည်ပြီး ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

နောက်ထပ် စီမံကိန်းတစ်ခုကတော့ ကာကွယ်ဆေးထုတ်စက် “vaccine printer” ထုတ်လုပ်ဖို့ ဖြစ်ပြီး အမေရိကန်မှ အာကာသယာဉ်လုပ်ငန်းနဲ့ လျှပ်စစ်ကား လုပ်ငန်းရှင် Elon Musk ရဲ့ လျှပ်စစ်ကား ကုမ္ပဏီ Tesla နဲ့ လက်တွဲ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ထရပ်ကားတစ်စီးပေါ်မှာ ကာကွယ်ဆေးထုတ်စက်ကို တင်ထားပြီး ဆေးထိုးမယ့်နေရာမှာ ထိုးဆေးကို ထရပ်ကားပေါ်မှာ ထုတ်လုပ်ပေးပြီး ဖြန့်ဝေပေးလိုက်မှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)