What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 October 2021 09:15

ကိုဗစ်ကာကွယ်ဆေးနဲ့ ကျောင်းပြန်ဖွင့်ခြင်း

နိုင်ငံတကာအတွေ့အကြုံတွေအရ ကိုဗစ်-19 ကာကွယ်ဆေး လူအများကို ထိုးအပြီးနဲ့၊ တက္ကသိုလ်တွေ စဖွင့်ပြီးမှ၊

အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ခဲ့ကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံအတွေ့အကြုံအရ လူဦးရေရဲ့ (၅၀)% ဝန်းကျင်ကို ကာကွယ်ဆေးထိုးပြီး၊ လုပ်ငန်းတွေ စပြန်ဖွင့်လာချိန်နဲ့၊ တက္ကသိုလ်တွေဖွင့်ပြီး ဆေးပုံမှန်စစ်ကာ တဖြည်းဖြည်း စထိန်းလာနိုင်ချိန်မှာ၊ ဆရာ ဆရာမတွေကို ကာကွယ်ဆေးထိုးပေးပြီး အခြေခံပညာကျောင်းတွေကို ပြန်စဖွင့်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ကျောင်းနေအရွယ် (၁၂) နှစ်အထက်တွေကို ကိုဗစ်ကာကွယ်ဆေး စထိုးပေးနေပေမယ့်၊ ပတ်ဝန်းကျင်က လူအများမှာ ကာကွယ်ဆေးလွှမ်းခြုံမူ ရှိရေးကလည်း ပိုအရေးပါလာနိုင်ပါတယ်။ အကြောင်းက မိဘတွေဆီက ကလေးတွေကို အဓိကကူးနေတာလား။ ကလေးတွေဆီက မိဘတွေကို အဓိကပြန်ကူးနေတာလား။ အတိအကျ မပြောနိုင်သေးလို့ပါ။ ဒါပေမဲ့ သေချာတာက ကလေးတွေကိုကူးလျှင် လူကြီးတွေလို အသက်ဆုံးရှုံးရတဲ့အထိ မပြင်းထန်တာပါ။

မြန်မာနိုင်ငံမှာ အခုလိုကျောင်းနေအရွယ်တွေကို ထိုးပေးနေတဲ့ တရုတ်ကာကွယ်ဆေး Sinovac ဟာ သမရိုးကျနည်းနဲ့ ဗိုင်းရပ်စ်အသေ (Killed Virus) ကို သုံးထားတာကြောင့်၊ နောက်ဆုံးပေါ်နည်း ဗိုင်းရပ်စ်သန္ဓေသား အစိတ်အပိုင်းလေးကိုသုံးတဲ့ အနောက်နိုင်ငံနည်းတွေ (အိန္ဒိယထုတ် Covishield အပါအဝင်) ထက် အန္တရာယ်ရှိဖို့ နည်းပေမယ့်၊ ထိရောက်မူကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ တရုတ်ကာကွယ်ဆေးကို ကျောင်းနေအရွယ်ကလေးတွေမှာ စသုံးနေတဲ့ နိုင်ငံတချို့ရှိပေမယ့် ထိရောက်မူ အထောက်အထား၊ အချက်အလက်တွေကလည်း ထွက်မလာသေးလို့ပါ။

ဒါ့အပြင် ကျောင်းတွေပြန်စဖွင့်လာချိန်မှာ ဆက်လုပ်ဆောင်သင့်တာတချို့လည်း ကြိုပြင်ထားသင့်ပါတယ်။ တစ်ခုကတော့ ကလေးတွေကို အပတ်စဉ် (သို့မဟုတ်) နှစ်ပတ်တစ်ကြိမ် အနည်းဆုံး ကိုဗစ်ပိုး စစ်ဆေးပေးဖို့ပါ။ ဒါမှသာ ကူးစက်ခံရတဲ့ကလေးကို ချက်ချင်းကျောင်းဆက်မတက်စေဘဲ၊ ခွဲထုတ်ထားနိုင်ကာ ကူးစက်မူကို လျှော့ချနိုင်မှာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ ဆေးစစ်ဖို့ အခက်အခဲရှိနေလျှင်တောင် မိဘတွေအနေနဲ့ ဖျားနာတဲ့ကလေး (နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ကျောင်းမသွားချင်အောင်နုန်းချည့်တာ၊ အစားမစားချင်တာ၊ အဖျားရှိတာ၊ စတာဖြစ်လာလျှင်) ကျောင်းမပို့ဖို့၊ ပွဲလမ်းမလွှတ်ဖို့ ကြိုတင်ပညာပေးထားသင့်ပါတယ်။ ဒီနည်းနဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။ အကြောင်းက Delta မျိုးကွဲသစ်က ကူးစက်မြန်လွန်းပြီး တစ်ဦးမှာဖြစ်လျှင် တစ်ခန်းလုံးကို အလွယ်လေး ကူးသွားနိုင်လို့ပါ။ တစ်ချိန်ထဲမှာ ကျောင်းတွေမှာလည်း အပူချိန်တိုင်းတာကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ တချို့အမေရိကန်က ကျောင်းတွေမှာတော့ ကလေးတစ်ယောက်မှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိလျှင် တစ်ခန်းလုံးကို နှစ်ပတ် နားလိုက်တာမျိုးအထိ ပြင်းပြင်းထန်ထန် (Aggressively) လုပ်ဆောင်တာတွေ ရှိပါတယ်။

တချိန်ထဲမှာ ကာကွယ်ဆေးထိုးပြီးတာအပြင်၊ ပုံမှန်ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို ပိုလုပ်ဆောင်အောင်လည်း သတိပေး ပညာပေးတာတွေ ဆက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အိမ်ကထွက်လျှင် Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်တာ၊ ဘတ်စကားပေါ်မှာနဲ့ စာသင်ခန်းထဲမှာလည်း Mask တပ်တာ၊ လူချင်းခပ်ခွာခွာ သတိပြုနေတာ၊ စားသောက်ချိန် Mask ဖြုတ်ထားရချိန်မှာ ပို လူချင်းခွာသီးသန့်နေရာရှာ စားသောက်တာ၊ လက်မကြာခဏဆေးတာတွေ ဆက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အိမ်ပြန်ရောက်ချိန်မှာလည်း လက်ကိုချက်ချင်းဆေးပြီး အပြင်က ဝတ်လာတာတွေကို အရင်ချွတ်လျှော်ဖို့ သီးသန့်ထားပြီးမှ၊ တခြား လုပ်စရာရှိတာ လုပ်သင့်ပါတယ်။ အပြင်ကလာတဲ့အဝတ်နဲ့ တန်းပြီး စားသောက်တာ၊ တစ်ရေးလှဲအိပ်တာတွေ မလုပ်ဆောင်သင့်ပါဘူး။

VOA

Read times
Rate this item
(0 votes)