What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 October 2018 17:12

ပိုး လေးဖက်နာ နှင့် သွေး လေးဖက်နာ

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး W.H.O အဖွဲ့ကြီးက အဆစ်အမြစ် ရောဂါတွေကို အဓိက အုပ်စုကြီး ၄ စုခွဲထားပါတယ်။

ခါးနာရောဂါ အုပ်စု

ဒီအောက်မှာ အဆစ်ရောင်ခါးနာနဲ့ အဆစ် မရောင်ခါးနာ ရောဂါစုတွေ ပါပါတယ်။

အကြောအရွတ်ရောဂါအုပ်စု

ဒီအောက် မှာတော့ မိန်းကလေးတွေမှာ ဖြစ်တတ်တဲ့ ဇက်ကြောတက်၊ ရင်ဘတ်အောင့် မောဟိုက် ဟိုက်နေတဲ့ Fibromyalgia ဆိုတဲ့ အိပ်မပျော် အကြောတက် ရောဂါ၊ အုံးလွဲ၊ လက်ပြင်ကြောငုပ် စတဲ့ အရိုးအဆစ် တိုက်ရိုက် ဖြစ်တာ မဟုတ်ဘဲ သူ့ဘေးက ကြွက်သား အရွတ်ပြားတွေ တင်းလို့ ဖြစ်တဲ့ အဆစ်နာ၊ အကြော တက်ရောဂါတွေ ဖြစ်ပါတယ်။

အရိုးကျီးပေါင်းတက်ရောဂါအုပ်စု

ဒီအောက်မှာ အသုံးများလို့ ပွန်းပဲ့ အတက် ထွက်တဲ့ အဆစ်နာ ရောဂါတွေပါပါ တယ်။ OA လို့ ခေါ်တဲ့ လူကြီး ဝဝတွေမှာ ဖြစ်တဲ့ အရိုး ကျီးပေါင်းတက် ဒူးနာ၊ ခေါင်းမူး၊ လက်ကိုက်၊ ပြီး လာတတ်တဲ့ Cervical Spondylosis လို့ခေါ် တဲ့ အရိုးကျီးပေါင်းတက် လည်ပင်းနာတွေ အဓိက ပါပဲ။

အဆစ်ရောင်ရောဂါအုပ်စု

ဒီအောက် မှာတော့ အဆစ်ရောင် ရောဂါ မျိုးစုံပါပါတယ်။ တစ်ခုတည်း ရောင်တတ်တဲ့ ဒူလာ၊ ၃-၄ ခုရောင်တတ်တဲ့ တုံ့ပြန် အဆစ်ရောင် ရောဂါ၊ ၄ ခုထက် ပိုရောင် တတ်တဲ့ လေးဖက်နာ မျိုးစုံ စသည်တို့ ပါပါတယ်။ သွေးကြောရောင် ရောဂါ Vascilitis ၊ ကြွက်သားရောင် ရောဂါ Polymyositis တွေကိုလည်း ဒီထဲမှာ ထည့်နိုင်ပါ တယ်။

ဆရာဝန်တွေ မှားပြီ ယူဆ တတ်ကြတာက Asotitre Anti Streptolysin O ဆိုတဲ့ စထရက်ပ် တိုကော့ကပ် ပိုးကို ဆန့်ကျင်တဲ့ ဓာတ်တစ်မျိုး သွေးထဲမှာ ပမာဏမြင့် တက်နေတာ တွေ့ရပြီ ဆိုရင်၊ ဒါ Rheumatic Fever ၊ သွေးထဲမှာ R.F Rheumatoid Factor များနေပြီ ဆိုရင် ဒါသွေး ကြောင့် ဖြစ်တဲ့ လေးဖက်နာ Rheumatoid Arthritis သွေးထဲမှာ Uric Acid များနေပြီ ဆိုရင် ဒါ Gout ဂေါက်၊ Anti Nuclear Factor ANF များနေရင် ဒါ SLE စသည်ဖြင့် တစ်ခါတည်း ဒီရောဂါဖြစ် ရ မယ်လို့ ကောက်ချက် ချတတ်ကြတယ်။ ဒီလိုစောလျင်စွာ ရောဂါ အမည်တတ် မိရင် နည်းနည်း အန္တရာယ် များပါတယ်။ ဘာလို့ပဲ ဆိုတော့ Asotitre ဆိုတဲ့ Jh Anti Streptolysin O တက်ရခြင်း အကြောင်းက လူ့ ခန္ဓာကိုယ် ထဲကို စထရပ်တိုကော့ကပ် ဆိုတဲ့ ပိုးဝင်ဖူးတယ်။ ဒီပိုး ကို တိုက်ခိုက်ဖို့ အတွက် ခုခံ ပစ္စည်းတွေ ထုတ်လုပ် ခဲ့တဲ့ အတွက် သွေးထဲမှာ တက်နေတယ်။ အဲဒီပိုး အရေပြားမှာ ဝင်ရင်လည်း တက်တယ်။ အာသီး မှာဝင်ရင်လည်း တက်တာပဲ။ နှလုံးကို ရောက်မှ ဒူးခေါင်းဆစ် ကိုရောက် မှ တက်တာ မဟုတ်ဘူး။ ဒါကြောင့် ASO တက်နေတယ် ဆိုတာက ဒါလေးဖက်နာ ဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ် ပါဘူး။ စထရက်ပ် တိုကော့ကပ်စ် ပိုး ဝင်ဖူးတယ် ဆိုတာကိုပဲ ပြတာပါ။

ကလေး တစ်ယောက်က ဒူးခေါင်း နည်းနည်း နာမယ်၊ ခြေထောက် မှာလည်း အရေပြားမှာ အနာလေး ရှိနေမယ် ဆိုရင် ASO က တက်မယ်။ ဒါကို လေးဖက် နာဖြစ်တယ် ဆိုပြီး ၅ နှစ်လောက် ပင်နီဆီလင် လစဉ် ထိုးရမယ် ဆိုရင် ဒါမလိုဘဲနဲ့ ထိုးနေရတာ ဖြစ်သွားမယ်။ တကယ်တမ်း ပင်နီ ဆလင် ၁ဝ ရက် ထိုးရုံနဲ့ ပျောက်မယ့် ကိစ္စဖြစ် တယ်။

အဲဒီလိုပဲ Rheumatoid Factor ဆိုတာ ဟာလည်း လူဦးရေ ၁ဝဝ မှာ ၅ ယောက် လောက်က သူ့ဘာသာသူ တက်နေတတ်ပါတယ်။ ဒါကြောင့် အဆစ်နာလို့ လာပြတာ နဲ့ သွေးစစ်ကြည့်တဲ့အခါ R.F Positive ဖြစ်နေရုံနဲ့ သွေးကြောင့် ဖြစ်တဲ့ လေးဖက်နာ ဆိုပြီး ဆေးပြင်းတွေ ပေးရင် မလိုအပ်ဘဲ သောက်နေရမယ် ဆိုရင် ဒီဆေးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးဒဏ် ခံရမှာကို ထည့်တွက်ရပါ မယ်။ အမှန် တကယ်တော့ သာမန် အကိုက်အခဲ ပျောက်ဆေးပေးရုံ နဲ့ သက်သာ သွားမယ့်ရောဂါ ဖြစ်နေနိုင် ပါတယ်။ ဒါကြောင့် ရောဂါ တစ်ခုကို Diagnosis အမည်တပ်ဖို့ ဆိုရာမှာ သွေးစစ် ချက်က အချက် တစ်ချက် အနေ နဲ့ တော့ ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၁ဝ ချက် ၁၂ ချက်က ရှိပါသေး တယ်။ ဒါကြောင့် ကျန်တဲ့ အချက်တွေပါ ရှိမှ နာမည် တပ်လို့ရပါမယ်။

သွေးကြောင့် ဖြစ်တဲ့လေးဖက်နာ R.F ဟာ တက်နေရမည့် အပြင်

၁။ အဆစ်ရောင်တာ ၄ ခုထက် ပိုဖြစ်နေရမယ်
၂။ ရောင်တဲ့ အဆစ်တွေက လက်တွေပါရ မယ်ပြီးတော့ ဟိုဘက်ဒီဘက် ညီမျှရမယ်
၃။ မနက်အိပ်ရာက ထရင်လည်း ၁ နာရီကျော် လောက် တောင့်တင်းနေရမယ်
၎။ ဖြစ်တဲ့ အဆစ်တွေကို ဓာတ်မှန် ရိုက်လို့ရှိရင် လည်း အရိုးတွေဟာ နည်းနည်း စားနေတာတွေ့ရ မယ်။

အထက်ပါ အချက်တွေထဲက ၄ ချက်နဲ့ ပြည့်စုံပြီ ဆိုရင် ဒါသွေးကြောင့်ဖြစ်တဲ့ လေးဖက် နာလို့ရောဂါ အမည်တပ်လို့ရတယ်။

ဒါကြောင့် R.F မတွေ့ပေမယ့်လည်း ၄ ချက်နဲ့ ကိုက်ညီရင် ရောဂါအမည် တပ်လို့ရနေပြီ။ Rheumatoid Factor မတွေ့လို့သွေးကြောင့် ဖြစ်တဲ့ လေးဖက်နာ မဟုတ် ဘူး လို့ မပြောနိုင်သလို RF တွေ့တယ် ဆိုရုံလေး တစ်ချက်တည်း နဲ့လည်း ဒါသွေးကြောင့်ဖြစ်တဲ့ လေးဖက်နာ ဖြစ်တယ်လို့ တစ်ထစ်ချပြောလို့ မရပါဘူး။

အဲဒီလိုပဲ ပိုးကြောင့် ဖြစ်တဲ့ လေးဖက်နာကို သွေးကြောင့် ဖြစ်တဲ့ လေးဖက်နာ ထင်ပြီး မှားကုနေရင်၊ နှလုံး ထိခိုက်မှာ ကို မကာကွယ်နိုင်ခဲ့ရင် နောက်ပိုင်း နှလုံးရော ဂါတွေ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ သွေးကြောင့် ဖြစ်တဲ့ လေးဖက်နာ သောက် ရတဲ့ ဆေးတွေ ရဲ့ ဆိုးကျိုးတွေရဲ့ ဒဏ်ကို လည်း ခံရမှာ ဖြစ်တယ်။

ဒါကြောင့် ဒီရောဂါ ၂ ခုကို သေချာ ခွဲပြီး သိဖို့ လိုပါတယ်။ ဘယ်လို ခွဲခြားမလဲဆိုရင် ပထမ ဆုံးအချက် ကတော့ လည်ပင်းနာ ဖြစ်ဖူးသလား ပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာက လည်ပင်းနာ ဖြစ်တဲ့ လူတွေ ကလည်း ပေါများတော့ ရူမတွိုက (သွေးကြောင့်ဖြစ်တဲ့) လေးဖက်နာဖြစ်တဲ့ လူက လည်း လည်ပင်းနာ ဖြစ်ခဲ့ဖူးတာ ရှိတော့ ဒီမှာ တင် ရောသွားပြီး မှားတတ် ကြပြန်တယ်။

နောက်တစ်ခု ကတော့ ဘယ်အဆစ်တွေ နာနေသလဲ။ နှစ်ခုလုံး ကတော့ အစွန်အဖျား အဆစ် Peripheral Joints တွေနာတယ်။ လက်ဆစ်ခြေဆစ် တွေကို ဆိုလို တာပါ။ အဆစ်နာ ရောဂါတွေမှာ ၂ ခုခွဲတယ်။ တစ်ခုက လက်ဆစ်ခြေဆစ် နာတာ၊ နောက်တစ်ခုက ကျောရိုးတန်း နာတာ An Kylospondylosis ဒါကတော့ ရှင်း တယ်။ လက် ဆစ်ခြေဆစ် နာတာမှာတော့ ခွဲခြားဖို့ လိုတယ်။ ရူမတွိုက်မှာ ခြေချောင်း လက်ချောင်းက အဆစ် သေးသေးလေး တွေနာတယ်။ ဒီအဆစ် ထက်ကြီး တဲ့ လက်ကောက်ဝတ်၊ ခြေချင်းဝတ်၊ တံတောင် ဆစ်၊ ဒူးခေါင်း ဆစ်တို့ နာတာကျတော့ ပိုးကြောင့် ဖြစ်တဲ့ လေးဖက်နာ Rheumatic ပေါ့။

နောက်တစ်ချက် က ဒီအဆစ်ဟာ ဘယ် လောက် ကြာကြာ နာသလဲ။ ရူမတွိုက်က အဆစ်နာ တာ လနဲ့ ချီပြီး နာတယ်။ ခြေဆစ် လက်ဆစ် သေးသေးလေး တွေဟာ ဆက်တိုက် ၂ လ ၃ လ နာတယ်။ တော်တော်နဲ့ မပျောက်ဘူး။ ပိုးကြောင့် ဖြစ်တဲ့ လေးဖက်နာ ကတော့ အဆစ်တွေ နာတာက ဖြစ်လိုက် ပျောက်လိုက်ပဲ။ စနာတာက ညာဘက် တံတောင်ဆစ်က၊ ပြီးတော့ တစ်ပတ်လောက် ကြာတော့ ဘယ်ဘက် တံတောင်ဆစ် ကို ပြောင်း ပြီးနာတယ်။ နောက် တစ်ပတ်လောက် နေတော့ ကောင်း သွားပြီး၊ တစ်ခါ ဒူးခေါင်းက နာပြန်တယ်။ အဲဒီလို အဆစ်တွေ လှည့်ပြီးတော့ နာနေတယ်။ အဆစ်ကြီးတွေပဲ နာတယ်။ တစ်ခါ နာရင် ၂ ဆစ် ၃ ဆစ်၊ နောက်တစ်ခါ နာရင် ၂ ဆစ် ၃ ဆစ် သူလည်း စုစုပေါင်း ၄ ဆစ်တော့ ကျော်သွားတယ်။ တစ်ပြိုက်နက် တည်းတော့ မနာဘူး၊ လှည့်ပြီး နာတယ်။ ဒါ ပိုးကြောင့်ဖြစ်တဲ့ လေးဖက်နာ။

နောက်တစ်ချက် ကတော့ မနက် အိပ်ရာထ အဆစ်တွေ တောင့်တင်းနေခြင်း Morning Stiffness ၂ နှစ်ခုလုံး ကတော့ ရောင်ရမ်းမှုကြောင့် ဖြစ်တာ ဆိုတော့ မနက်ပိုင်း မှာ ပိုနာတယ်။ နည်းနည်း လှုပ်ရှားလိုက်ရင် သက်သာ သွားတယ်။ OA လို့ခေါ်တဲ့ Orteoarthritis မှာတော့ မနက်ပိုင်းမှာ သက်သာပြီး လှုပ်ရှားမှုတွေ များလာ တာနဲ့ အမျှ ညနေပိုင်းမှာ ပိုဆိုးလာ တတ်တယ်။ ဒါပေမဲ့ ရူမတွိုက်က နံနက်ပိုင်း နာတဲ့ အချိန် ပိုကြာတယ်။ ၁ နာရီ ကျော်လောက် ကြာတယ်။ နေထွက် လာတော့ မှ နေကောင်း သွားတယ်။

နောက်ပြီး ပိုးကြောင့်ဖြစ်တဲ့ လေးဖက်နာ မှာ ပဲ အဲဒီ လူနာဟာ လက်က မလှုပ်ချင်ဘဲ အကြော ဆွဲသလို တွန့်လိမ် လှုပ်ရှား သွားတယ်။ ဒါကို Chorea လို့ခေါ်ပါ တယ်။ နောက်တစ်ခါ ဒီရောဂါမှာ ပဲ နှလုံးကို သွားထိခိုက်တဲ့ အတွက် နှလုံးရောင်ရမ်း (Carditis) ပြီးရင် တုန်မယ်။ မောမယ်၊ အဲဒီ ၃ ချက်ပဲ ရှိမယ် ဆိုရင်တော့ ဒါဟာ ပိုး ကြောင့် ဖြစ်တဲ့ လေးဖက်နာ ဖြစ်ပါတယ်။ အရေ ပြားအောက် မှာ အကျိတ်လေးတွေ Nodules ပေါ်လာတာ ကတော့ ၂ ခုလုံးမှာ တွေ့နိုင်တဲ့ အတွက် အဲဒါ နဲ့ ခွဲလို့မရ ပါဘူး။

အဲဒါတွေထက် တစ်ဆင့် တက်ပြီး စစ်ဆေးမယ် ဆိုရင်တော့ သွေးစစ် ကြည့်တာပဲပေါ့။ R.F တွေ့ရင်ဒါ ရူမတွိုက် ဖြစ်နိုင်တာပေါ့။ မတွေ့ ရင်တော့ မဟုတ်ဘူးလို့ မပြောနိုင်ဘူး။ နောက်တစ်ခါ အသက်ကြီးတဲ့ လူတွေ ASO စစ်ကြည့်လိုက် ရင် တွေ့နေပေမယ့် တကယ်တော့ သွေးကြောင့် ဖြစ်တဲ့ လေးဖက်နာ ဖြစ်နေတာ တွေ့ ရနိုင် တယ်။ ဒါကြောင့် သွေးစစ်တာ တစ်ခုတည်း နဲ့တော့ မလုံလောက်ဘူး။ အတိအကျ မပြောနိုင်ဘူး။ ရောဂါ လက္ခဏာတွေ ရှိ/ မရှိပါ မေးမြန်း စစ်ဆေးရ မယ်။ နောက် တစ်ခု က ဓာတ်မှန်ရိုက် ကြည့်တာပါ။ ပိုးကြောင့် ဖြစ်တဲ့ လေးဖက်နာ က အဆစ်တွေ စားမသွားဘူး။ အဆစ်ရောင်တာပဲ ရှိမယ်။ သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာ မှာတော့ အရိုးတွေ ပါ စားသွားပြီး ကောက်ကွေးနေတာ မျိုးတွေ တွေ့နိုင်ပါတယ်။ အချုပ် အားဖြင့် ဒီ လေးဖက်နာ ရောဂါ နှစ်မျိုးကို သေသေ ချာချာ တတ်ကျွမ်း နား လည်တဲ့ ဆရာ ဝန်များနှင့် စမ်းသပ် စစ်ဆေးပြီး နောက်ဆက်တွဲ ရောဂါတွေ မဝင်ရောက်မီ စနစ် တကျ ကုသနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်း ရင်း နိဂုံးချုပ် ပါတယ်။

Source:ဒေါက်တာအောင်ဆန်းဝင်း

Read: သွေးပေါင်တက် သောသူများအတွက် အစားအစာများ

သွေးပေါင်တက် သောသူများအတွက် အစားအစာများ

Read times Last modified on Friday, 12 October 2018 17:15
Rate this item
(2 votes)