What's New




Wednesday, 27 September 2023 15:33

အဖြစ်များနေသော မျက်စိနာခြင်းအကြောင်း (Adenoviral Conjunctivitis)

အဖြစ်များနေသော မျက်စိနာခြင်းအကြောင်း (Adenovial Conjunctivitis)

ဒီရက်ပိုင်း လူကြီးတွေသာမက ကလေးတွေမှာပါ အဖြစ်များနေတာကတော့ Adeno ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ Adenoviral Conjunctivitis ဆိုတဲ့ မျက်စိနာရောဂါတစ်မျိုးပါ။ အသက်အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်ပြီး မျက်စိတစ်ဖက်နဲ့ တစ်ဖက်ရော၊ လူအချင်းချင်းရောကို ကူးစက်မြန်တာကြောင့် ရှောင်ရန်/ဆောင်ရန်အချက်များကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

ဒီမျက်စိနာရောဂါဖြစ်ရင် ဘာတွေ ခံစားရမလဲ?
မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ရှတတ ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenoviral Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့ဆို မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။

Ye Optical 1

Ye' Optical

ဘယ်လို ကုသရမလဲ
ဆောင်ရန်/ရှောင်ရန် (၂) ခု ရှိပါတယ်။
ဆောင်ရွက်ရန် 
၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။
ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။
ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။
ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်စဉ်းဆေး ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ ဥပမာ - Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။

ရှောင်ရန် 
မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲ သက်သာစေပါတယ်။
• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။

Credit to
မျက်စိအထူးကုဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

Read times Last modified on Wednesday, 27 September 2023 16:58
Rate this item
(2 votes)