သည်းခြေအိတ် ကျောက်တည်ရောဂါ (Gallstone) ဟူသော ရောဂါသည် လူအများကြားတွင် ကြားဖူးနားဝ ရှိနေကြသော ရောဂါအမည်
တစ်မျိုးပင် ဖြစ်သည်။ လူအများလည်း ဖြစ်လေ့ရှိကာ အချို့မှာလည်း ဆေးသောက်ကာ ပျောက်သွားလေ့ ရှိကြသော်လည်း အချို့မှာမူ ခွဲစိတ်ကုသမှု ခံယူသည်အထိ ရောဂါ ပြင်းထန်ခဲ့ကြသူများလည်း ရှိခဲ့ကြမည် ဖြစ်သည်။ သို့သော် အဆိုပါ ရောဂါသည် မည်သို့သော အကြောင်းများကြောင့် ဖြစ်ပွားလာရသည်၊ မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ကျောက်များ မည်သို့သော အကြောင်းများကြောင့် ဝင်ရောက် လာသည်ကိုမူ သိရှိသူ နည်းပါနေသေးကြောင်း Fame ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင် က ပြောသည်။
“ကျွန်တော် ဆေးခန်းထိုင်ပါတယ်။ ကျွန်တော့် ဆေးခန်းကို လာပြကြတဲ့ သည်းခြေအိတ် ကျောက်တည်ရောဂါ လူနာအများစုက ဒီရောဂါ ဘာကြောင့်ဖြစ်မှန်း မသိကြဘူး" ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။ သည်းခြေအိတ်တွင် ကျောက်တည်ခြင်း နှစ်မျိုးရှိသည်ဟု သိရပြီး တစ်မျိုးမှာ အဆီကြောင့်ဖြစ်သည့် ကိုလက်စထရော ကျောက်တည်ခြင်း (Cholesterol Stone) အခြားတစ်မျိုးမှာ စားသောက်လိုက်သည့် အစားအစာများတွင် ကြေးနီ၊ သံဓာတ် ထုံးဓာတ် အစရှိသည့် သတ္တုဓာတ်များကြောင့် ဖြစ်သည့် Pigment Stone တို့ဖြစ်ကြောင်း သိရသည်။ ကျောက်တည်ခြင်း နှစ်မျိုးစလုံးသည် ခန္ဓာကိုယ်မှ ချေဖျက်နိုင်သည့် ပမာဏထက် ကျော်လွန် စားသုံးလိုက်မိသည့် အစားအစာများကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း သိရသည်။ “သည်းခြေကျောက်တည်နေတဲ့ ကျောက်တွေကို ခွဲစိတ်ကြည့်လိုက်ရင် မပျော်ဝင်တဲ့ အနည်ကျကျောက်တွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ရလိမ့်မယ်ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။
သည်းခြေအိတ် ကျောက်တည်ခြင်း ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ အနောက်တိုင်း အစားအစာ (Wester Diet) များ စားသုံးခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် သည်းခြေအိတ် ကျောက်တည်ရောဂါ ဖြစ်ပွားမှု အများဆုံးသော နိုင်ငံများမှာ အမေရိကန်၊ ချီလီ၊ ပီရူး စသည်နိုင်ငံများ ဖြစ်ကြောင်း သိရသည်။ သည်းခြေအိတ် ကျောက်တည်ရောဂါသည် အစားအသောက်ကြောင့်လည်း ဖြစ်ပွားတတ်သကဲ့သို့ မျိုးဗီဇကြောင့်လည်း ဖြစ်ပွားတတ်ကြောင်း သိရသည်။ “မျိုးဗီဇကြောင့် ဖြစ်နိုင်ခြေရတဲ့ ကြားထဲမှာ Environmental Factor လို့ခေါ်တဲ့ အစားအသောက် အနေအထိုင်ပါ မဆင်ခြင်ရင် ပိုဖြစ်နိုင်တယ်” ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။ မြန်မာလူမျိုးများသည် သည်းခြေအိတ် ကျောက်တည်ရောဂါ ဖြစ်စေတတ်သည့် မျိုးဗီဇ မပါရှိသဖြင့် မြန်မာလူမျိုးများတွင် ဖြစ်ပွားသည့် အဆိုပါရောဂါသည် အစားအသောက် အနေအထိုင်ကြောင့်သာ ဖြစ်ပွားလေ့ရှိသဖြင့် ကြိုတင်ကာကွယ်၍ ရရှိနိုင်သော ရောဂါတစ်မျိုး ဖြစ်ကြောင်း သိရသည်။
အဆိုပါရောဂါသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမို ဖြစ်ပွားလေ့ရှိပြီး အသက်လေးဆယ်ကျော် သူများတွင် အဖြစ်များလေ့ရှိကြောင်း သိရသည်။ အသက်လေးဆယ်ကျော် အမျိုးသမီးများတွင် အဆိုပါရောဂါ ဖြစ်ပွားနိုင်ခြေမှာ၂၅ ရာခိုင်နှုန်း ရှိပြီး အမျိုးသားများတွင်မူ ၈ ရာခိုင်နှုန်းသာ ရှိကြောင်းသိရသည်။ ထို့အပြင် အသက် ၇၅ နှစ်ကျော် အမျိုးသမီးများတွင် နှစ်ဦးလျှင် တစ်ဦး ဖြစ်ပွားလေ့ရှိပြီး ဖြစ်ပွားနှုန်း ၅၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ သည်းခြေအိတ်တွင် ဖြစ်သည့် ရောဂါအားလုံးသည် သည်းခြေအိတ် ကျောက်တည်ခြင်းကြောင့် ဖြစ်ပွားသည့် ရောဂါများပင် ဖြစ်သည်။
“သည်းခြေအိတ် ရောင်တာပဲဖြစ်ဖြစ်၊ ပိုးဝင်တာပဲဖြစ်ဖြစ်၊ သည်းခြေအိတ်ကြီး ပိတ်သွားလို့ပဲဖြစ်ဖြစ်၊ သည်းခြေအိတ် ပြည်တည်ပြီး ပေါက်သွားလို့ပဲဖြစ်ဖြစ် နောက်ဆုံး ကုန်ကုန်ပြောရရင် သည်းခြေအိတ်မှာ ကင်ဆာဖြစ်တာအထိ သည်းခြေကျောက်တည်လို့ပဲ” ဟု ဒေါက်တာ ခင်မောင်လွင်က ပြောသည်။ သည်းခြေအိတ် ကျောက်တည်ရောဂါသည် အမျိုးသမီးများတွင် ဖြစ်ပွားနှုန်း ပိုမို များပြားပြီး 5Fs နှင့် အကျုံးဝင်သည့် အမျိုးသမီးများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားကြောင်း သိရသည်။ 5Fs ဟူသည်မှာ Female အမျိုးသမီး ဖြစ်ခြင်း၊ Fat ဝခြင်း၊ Forty လေးဆယ်ကျော်ခြင်း၊ Fertile ကလေးမွေးထားဖူးခြင်းနှင့် Fair အသားအရေ လတ်ဆတ်ဖြူဝင်းခြင်း စသည်တို့ဖြစ်ကြောင်း ဒေါက်တာ ခင်မောင်လွင်က ပြောသည်။ သည်းခြေ ကျောက်တည်ခြင်း နှစ်မျိုးရှိသည်ဖြစ်ရာ ပထမတစ်မျိုးဖြစ်သည့် ကိုလက်စထရော ကျောက်တည်ခြင်း Cholesterol Stone သည် အဆီ အစားများခြင်းကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ အမျိုးအစားတွင် ဖြစ်ပွားသည့် ကျောက်မှာ အဆီကျောက် ဖြစ်သည့်အတွက် ဆေးသောက်၍ ခြေဖျက်ရနိုင်ကြောင်း သိရသည်။
အခြားတစ်မျိုးဖြစ်သည့် သတ္ထုဓာတ်များ ပါဝင်သည့် ကျောက်တည်ခြင်း Pigment Stone သည် မာကျောသည့် သတ္တုဓာတ်များဖြင့် ဖွဲ့စည်းထားသည့် ကျောက်ဖြစ်သဖြင့် အများစုမှာ ခွဲစိတ်ကုသမှု ခံယူရလေ့ရှိကြောင်း သိရသည်။ Cholesterol Stone သည် အမျိုးသမီးများတွင် အဖြစ်များသည်။ အမျိုးသားများတွင် သည်းခြေကျောက်တည်ခြင်း ဖြစ်ပွားပါက Pigment Stone အဖြစ်များကြောင်း သိရသည်။ သည်းခြေကျောက်တည်ခြင်းကို ဖြစ်ပွားစေသည့် အစားအစာများမှာ ဆီကျော်များ၊ အချိုရည်များ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အရက်သောက်ခြင်း၊ အသက်လေးဆယ်ကျော် သွေးဆုံးပြီးသည့် အမျိုးသမီးများလည်း ဖြစ်ပွားတတ်ကြောင်း သိရသည်။ ပုံမှန် လမ်းလျှောက်ပေးခြင်း၊ ပန်းသီး၊ နာနတ်သီးစားခြင်း၊ ပဲပိစပ်၊ ပဲပုပ်စားသုံးပေးခြင်း စသည့် အချက်များသည် သည်းခြေ ကျောက်တည်ခြင်းအား ကာကွယ်နိုင်ကြောင်း သိရသည်။
Source: သီဟ (yatanarpon)
Read: အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လိမ်းခြယ်နည်း