လေးလသား ကလေးငယ်တစ်ဦးအား ပြုစုစောင့်ရှောက်ရန် တာဝန်ယူထားသော ကလေးထိန်း ဝမ်ပိုချွန်ဆိုသူသည် ကလေးငယ်အား အိပ်ရာတွင်သိပ်ထားစဉ် ကလေးငယ်သည် ဗိုက်မှောက်လျက် အနေအထားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
ကလေးငယ်အား အိပ်ရာတွင် သိပ်ထားပြီး လေးနာရီခန့် အကြာတွင် ကလေးငယ်အား အိပ်ရာမှ နှိုးကြည့်ရာ သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။ ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း စစ်ဆေးရေး အရာရှိ ဗစ်တာယိုကမူ ကလေးငယ်၏ သေဆုံးမှုနှင့် ပတ်သက်၍ အသေအချာ ပြောနိုင်ခြင်း မရှိသော်လည်း ရုတ်တရက် နို့စို့ကလေးငယ်များ သေဆုံးစေသည့် ရောဂါလက္ခဏာနှင့် ဆက်စပ်မှုကြောင့် လည်းကောင်း သို့မဟုတ် မတော်တဆ အသက်ရှူ မွန်းကျပ်၍ သေဆုံးစေမှု ရလဒ်ကြောင့်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
ကလေးငယ်သည် အိပ်ရာထက်တွင် ဝမ်းဗိုက်မှောက်လျက် အနေအထားနှင့် အိပ်ပျော်နေပြီး လက်နှစ်ဖက်မှာ ခေါင်းပေါ်မြှောက်လျက် အနေအထားဖြစ်ကာ မျက်နှာမှာမူ ဘေးစောင်း အနေအထားအတိုင်း ဖြစ်သည်။ ကလေးငယ်မှာ ထိုအနေအထားအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ပြီး ရုတ်တရက် မည်သည့် ဆူညံသံမျိုး ကြားရသည်ဖြစ်စေ လန့်ဖျပ်၍ နိုးလာခြင်းမရှိဟု ကလေးထိန်းက ပြောကြားခဲ့သည်။ သေမှုသေခင်း စစ်ဆေးရေးအရာရှိ မစ္စတာယိုကမူ ကလေးငယ်၏ အိပ်ပျော်နေစဉ် အနေအထားက မတော်တဆ ကလေးငယ်ကို အသက်ရှူကျပ်စေခြင်း ဖြစ်ပြီး ယခု ကလေးငယ်သေဆုံးမှုက ကလေးငယ် ဝမ်းဗိုက်မှောက်လျက် အနေအထားနှင့် အိပ်ပျော်နေသည်ကို အမှုမဲ့အမှတ်မဲ့ ထားရှိမှု၏ ဘေးဥပဒ် သက်ရောက်ပုံကို မီးမောင်းထိုးပြခြင်းပင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အကြောင်းမှာ မှောက်လျက် အနေအထားနှင့် အိပ်နေသော ကလေးသည် ရှေ့ကို တွားသွားဖို့ ကြိုးပမ်းမည် ဆိုပါက အိပ်ရာခင်းကြောင့် သူ၏ခေါင်းကို "မ" ၍ ရနိုင်မည်မဟုတ်ဟု ဆိုသည်။ ဆရာဝန်၏ အကြံပြုချက်အရ နို့စို့ကလေးငယ် အရွယ်များမှာ ပက်လက်အနေအထားအတိုင်း အိပ်စေခြင်းကသာ ပိုမိုကောင်းမွန်ကြောင်း၊ နို့စို့ကလေးငယ်များမှာ ခြောက်လကျော်မှသာ လည်ပင်းကြွက်သားများ သန်မာ၍ ဇက်ခိုင်တတ်ကြောင်း ပြောကြားခဲ့သည်။
Source:yatanarpon