What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 March 2019 15:33

အမျိုးသမီးများ ချက်အောက်ပိုင်းဝမ်းဗိုက်နာကျင်မှု အကြောင်းရင်း ၁၂ ချက်

ချက်အောက်ပိုင်း ၀မ်းဗိုက်နာကျင်မှုက အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပါတယ်။

နာတဲ့ ပုံစံကလည်း အမျိုးမျိုး ဖြစ်နိုင်သလို ဖြစ်ရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုး ရှိပါတယ်။ နာကျင်တဲ့ အချိန်က ၃ လ အောက် ဆိုရင် ဖြစ်နိုင်တဲ့ အကြောင်းရင်း ၁၂ ခုကိုတော့ ဒီဆောင်းပါးလေးကနေဖော်ပြပေးသွားမှာပါ။

 

၁။ အူအတက်ရောင်ခြင်း

အူမကြီးရဲ့ ညာဘက်အောက်နားမှာရှိတဲ့ အူအတက်ဆိုတဲ့အစိတ်အပိုင်းလေး ပိတ်သွားတဲ့အခါ ပိုးဝင်ပြီး အူအတက်ရောင်လေ့ ရှိပါတယ်။ လက္ခဏာတွေ အနေနဲ့ကတော့ ၀မ်းဗိုက်ညာဘက်အောက်နားက နာမယ်၊ ပျို့တာအန်တာ၊ ဖျားနာတာ၊ အစားအသောက်ပျက်တာ၊ ၀မ်းလျှောတာ ဒါမှမဟုတ် ၀မ်းချုပ်တာ ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။ ခွဲစိတ်ကုသဖို့ လိုပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ကတော့ ရောင်နေတဲ့အူအတက်ကပေါက်သွားရင် ၀မ်းဗိုက်အမြှေးပါးရောင်တတ်ပါတယ်။

 

၂။ မ မျိုးဥအိမ်လိမ်သွားခြင်း

မ မျိုးဥအိမ် လိမ်သွားမယ်ဆိုရင်တော့ မ မျိုးဥအိမ်ရောင်တာ၊ သွေးကောင်းကောင်း မရတာ၊ ပျက်စီးတာတွေဖြစ်နိုင်တာကြောင့် အရေးပေါ် ခွဲစိတ်ရတတ်ပါတယ်။ သူ့အလိုလို ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်ချိန်၊ မမျိုးဥအိမ်မှာ အလုံးတည်ချိန်တို့လိုမျိုးမှာလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ အနေနဲ့ကတော့ ၀မ်းဗိုက် ဘယ်ဘက် ဒါမှမဟုတ် ညာဘက်အောက်နားက နာမယ်၊ ပျို့တာအန်တာ၊ ဖျားနာတာ၊ ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။ ခွဲစိတ်ကုသဖို့ လိုပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ကတော့ ၀မ်းဗိုက်အမြှေးပါးရောင်တာ၊ မျိုးမအောင်တာ၊ ပိုးဝင်တာ၊ နာတာရှည်နာကျင်တာတွေ ဖြစ်တတ်ပါတယ်။

 

၃။ သားအိမ်ပြင်ပသန္ဓေတည်ခြင်း

သားအိမ်နံရံအစား သားအိမ်ပြင်ပ တခြားနေရာမှာ သန္ဓေတည်တာကို ခေါ်ပါတယ်။ ၉၅ ရာခိုင်နှုန်း လောက်ကတော့ သားဥပြွန်မှာ တည်လေ့ရှိပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ ၀မ်းဗိုက် ဒါမှမဟုတ် ချက်အောက်ပိုင်းဝမ်းဗိုက်နာကျင်တာ၊ ရာသီထိန်တာ၊ သွေးဆင်းတာတွေ အပြင် ပျို့တာအန်တာ၊ ဖျားနာတာ၊ မူးမေ့တာတွေ ဖြစ်နိုင်ပါတယ်။ ဆေးဝါးနဲ့ (Methotrexate ထိုးဆေးများကိုသုံးပြီး) ဖြစ်စေ၊ ခွဲစိတ်ကုသပြီး ဖြစ်စေ ကုသနိုင်ပါတယ်။

 

၎။ သားဥအိမ်အရည်အိတ် တည်ခြင်း

သားဥအိမ်အရည်အိတ်တွေဟာ အမျိုးသမီးတော်တော်များများဘ၀မှာ ဖြစ်လေ့ရှိပါတယ်။ ပုံမှန်ရာသီစက်ဝန်းလည်ရင်းကနေ ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် လက္ခဏာမပြဘဲ သူ့အလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။ လက္ခဏာပြမယ်ဆိုရင်တော့ ၀မ်းဗိုက်အောင့်တာ နာတာ၊ ပျို့အန်တာ၊ လိင်ဆက်ဆံချိန် နာကျင်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အူလှုပ်ရှားမှုမမှန်တာ၊ ဆီးခဏခဏ သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကုသဖို့ နည်းလမ်းတွေကတော့ ရောဂါကို သေချာစောင့်ကြည့်တာ၊ တားဆေးကတ်တွေ သုံးတာ၊ ခွဲစိတ်ကုသတာတို့ပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုး အနေနဲ့တော့ အရည်အိတ်ပေါက်တာ လိမ်တာတွေဖြစ်တတ်ပြီး နှစ်ခုလုံးက အရေးပေါ် ခွဲစိတ်ရတတ်ပါတယ်။

 

၅။ Endometriosis သို့ သားအိမ်ဆဲလ်များသားအိမ်ပြင်ပသို့ ရောက်ရှိခြင်း

ပုံမှန်အားဖြင့် သားအိမ်နံရံမှာပဲ ရှိရမယ့် ဆဲလ်တွေဟာ သားအိမ်ပြင်ပကို ရောက်ရှိနေတာကို ဆိုလိုပါတယ်။ တိကျတဲ့ အကြောင်းရင်းမသိရပေမယ့် မိသားစုမျိုးရိုး ရှိသူတွေ၊ သားသမီး မမွေးဖူးတဲ့သူတွေ၊ အရင်က သားအိမ်နဲ့ ပြွန်တွေမှာ ရောဂါပိုးဝင်ဖူးတဲ့သူတွေ၊ သားအိမ် ပုံမမှန်တာမျိုးရှိတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ လက္ခဏာတွေ အနေနဲ့ကတော့ ချက်အောက်ပိုင်းဝမ်းဗိုက်နာကျင်တာ၊ ရာသီလာချိန် နာကျင်တာ၊ လိင်ဆက်ဆံချိန်နာကျင်တာ၊ ရာသီသွေးဆင်းတဲ့ပမာဏများတာ၊ ပျို့တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ မျိုးတွေဖြစ်နိုင်ပါတယ်။ ဟော်မုန်းပါဝင်တဲ့ဆေးတွေသောက်ပြီးတော့ပဲဖြစ်ဖြစ် ခွဲစိတ်ကုသပြီးတော့ပဲဖြစ်ဖြစ် ကုသနိုင်ပါတယ်။

 

၆။ မ မျိုးပွားအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း

မိန်းမကိုယ်မှတစ်ဆင့် သားအိမ်၊ သားဥပြွန်နဲ့ သားဥအိမ်တို့ ပိုးဝင်ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကနေ အဓိကကူးစက်တတ်ပြီး လက္ခဏာမပြဘဲလည်း နေတတ်ပါတယ်။ လက္ခဏာ ပြမယ်ဆိုရင်တော့ ချက်အောက်ပိုင်း ၀မ်းဗိုက်နာကျင်တာ၊ အဖြူဆင်းတာ၊ ဖျားတာ၊ ရာသီမမှန်တာ၊ လိင်ဆက်ဆံချိန် နာကျင်တာ၊ ဆီးကျင်ဆီးအောင့်တာတွေ ဖြစ်နိုင်ပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေ သောက်ရတတ်ပြီး ဆေးရုံတင်ရတာမျိုးထိ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ကတော့ မျိုးမအောင်တာ၊ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ သားဥပြွန်နဲ့သားဥအိမ်တွေပြည်တည်တာ၊ နာတာရှည် ၀မ်းဗိုက်အောက်ပိုင်းနာကျင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

 

၇။ သားအိမ်အသားလုံး တည်ခြင်း

သားအိမ်နံရံက ဆဲလ်လေးတွေ ပွားလာရာကနေ အသားလုံး ဖြစ်လာတာပဲ ဖြစ်ပါတယ်။ လက္ခဏာတွေ အနေနဲ့ကတော့ ၀မ်းဗိုက်အောက်ပိုင်း နာကျင်တာ၊ ရာသီသွေး ပမာဏများတာ၊ ရာသီလာချိန်ကိုက်ခဲတာ၊ ဆီးခဏခဏ သွားတာ၊ ၀မ်းချုပ်တာတို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ကုသနည်းများနဲ့ ကုသနိုင်ပါတယ်။

 

၈။ မ မျိုးဥကြွေချိန်နာကျင်ခြင်း

မ မျိုးဥကြွေချိန်မှာ ၀မ်းဗိုက်အောက်ဘက်က နာကျင်တတ်ပါတယ်။ တစ်လတစ်ခါ ဒါမှမဟုတ် တစ်ခါတစ်ရံနာတတ်ပြီး နာကျင်မှုကလည်း သိပ်မပြင်းထန်တတ်ပါဘူး။ သာမန် အကိုက်အခဲ ပျောက်ဆေးတွေလောက်နဲ့ သက်သာနိုင်ပါတယ်။

 

၉။ အူမကြီး ရောင်ရမ်းနာ

အူမကြီး ရောင်တာက အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ၂ ဆလောက် ပိုဖြစ်တတ်ပါတယ်။ အစားအသောက်၊ စိတ်ဖိစီးမှု၊ ဟော်မုန်းပြောင်းလဲမှု ဒါမှမဟုတ် ဖျားနာမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစားအသောက်ပြောင်းလဲတာ၊ ဆေးဝါးတွေသောက်သုံးတာမျိုးနဲ့ကုသလေ့ရှိပါတယ်။

 

၁၀။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးပြွန်၊ ဆီးအိမ်နဲ့ ကျောက်ကပ်တို့ပိုးဝင်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးကျင် ဆီးပူ ဆီးအောင့်၊ ဆီးခဏခဏသွားတာ၊ ဆီးသွားသွေးပါတာ၊ ဆီးအနံ့နံတာတွေ ခံစားရပါတယ်။ အများအားဖြင့် E.coli ဆိုတဲ့ရောဂါပိုးဝင်တာကြောင့် ဖြစ်တတ်ပြီး Antibiotics (ပိုးသတ်ဆေး) တွေ သောက်ရတတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ အနေနဲ့ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးပြွန်ကျဉ်းခြင်း၊ သွေးဆိပ်တက်ခြင်းတို့ ခံစားရနိုင်ပါတယ်။

 

၁၁။ Diverticulitis သို့ အူနံရံအိတ်များရောင်ရမ်းခြင်း

အမျှင်ဓာတ်စားသုံးမှုနည်းတဲ့သူတွေ၊ အ၀လွန်တဲ့သူတွေ၊ ၀မ်းချုပ်တဲ့သူတွေမှာ ဖြစ်တတ်တဲ့ အူနံရံမှာရှိတဲ့ အိတ်လို ကျွံထွက်နေတဲ့နေရာလေးတွေ ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ လက္ခဏာတွေဖြစ်တဲ့ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်း၊ ဖျားခြင်းတို့ ခံစားရနိုင်ပါတယ်။ Antibiotics ပိုးသတ်ဆေးတွေနဲ့ စားသောက်မှုပုံစံ ပြောင်းလဲဖို့ လိုပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အူပိတ်ခြင်း၊ အူပေါက်ခြင်း၊ ပြည်တည်ခြင်း တို့ ဖြစ်နိုင်ပါတယ်။

 

၁၂။ အူပိတ်ခြင်း

အူသိမ် (သို့) အူမကြီးတို့မှာ ပိတ်တဲ့အခါ အူပိတ်တဲ့လက္ခဏာတွေ ဖြစ်တဲ့ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လေမလည်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ကင်ဆာနဲ့ ခွဲစိတ်ဒဏ်ရာကြောင့် အူများကပ်ငြိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ကုသမှု ကွဲပြားပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ရေဓာတ်ခန်းခြောက်ခြင်း၊ ပြည်တည်ခြင်း၊ အူပေါက်ခြင်း၊ ၀မ်းတွင်းအမြှေးပါးရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ အသက်သေဆုံးခြင်းတို့ ဖြစ်နိုင်ပါတယ်။


Source: Dr.Grace (kkmmonline)

Health Products Directory

 

Read More : ဘယ်လို အစားစာတွေက ကျန်းမာရေးနဲ့ ညီညွှတ်စေမှာလဲ ....?

ဘယ်လို အစားစာတွေက ကျန်းမာရေးနဲ့ ညီညွှတ်စေမှာလဲ ....?

Read times Last modified on Friday, 08 March 2019 15:49
Rate this item
(1 Vote)