What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 January 2020 12:12

အသားမာတက်ခြင်း

အသားမာတက်တယ်ဆိုတာ လူတိုင်းနီးပါး ဖြစ်ဖူးတဲ့အရာတစ်ခုပါ။ အများအားဖြင့် ခြေဖဝါး အရှေ့ပိုင်းနဲ့ ဖနောင့်တစ်ဝိုက်မှာ ဖြစ်လေ့ရှိပါတယ်။ လက်နဲ့ စမ်းကြည့်ရင် တစ်နေရာတည်း ကွက်ပြီး ထူထူကြမ်းကြမ်း လေးဖြစ်နေတဲ့ အပေါ်ယံလွှာ အရေပြားလေးပါ။ အသားမာက မနာကျင်တတ်ပါဘူး။

 

ဘာကြောင့် ဒီလို အသားမာတက်ရတာလဲ

အမှန်တော့ အသားမာဆိုတာ ကိုယ်ခန္ဓာက နူးညံ့တဲ့အရေပြားကို ကာကွယ်သင့်တယ်လို့ ယူဆပြီး ဖြစ်ပေါ်စေလိုက်တဲ့ အလွှာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခုခုနဲ့ ပွတ်တိုက်တာ များတဲ့နေရာ ဒါမှမဟုတ် တစ်ခုခုကြောင့် ဖိအားများတဲ့နေရာမှာ ဖြစ်လေ့ ရှိပါတယ်။ အဲ့နေရာတွေမှာ အရေပြားဆဲလ်လေးတွေ သေသွားလို့ ဖြစ်လာတာပါ။

 

အဓိကဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ ခြေထောက်မှာဆိုရင် ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေစီးမိရင် ၊ အရမ်းကြပ်တာ ဒါမှမဟုတ် ချောင်တဲ့ဖိနပ်တွေ၊ ခြေထိပ်ပိတ် ဒေါက်မြင့်တွေစီးတာ ၊ ရှူးဖိနပ်ကို ခြေအိတ် မပါဘ ဲဝတ်တာများရင် ၊ လမ်းလျောက်တာ ပုံစံမမှန်တာ ၊ မွေးရာပါချို့ယွင်းမှု တစ်ခုခုကြောင့် ဖြစ်ဖြစ်၊ အမူအကျင့် စွဲမှုကြောင့်ဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။

 

လက်မှာဆိုရင် တူရိယာတွေ ပုံမှန်တီးခေတ်လေ့ရှိသူတွေရဲ့လက်ချောင်းထိပ်တွေ ၊ အလုပ်ကြမ်း လုပ်သူတွေ၊ အလေးအပင် မရလေ့ရှိသူတွေ ၊ လက်အိတ်မဝတ်ဘဲ အလေးချိန်များတဲ့ ပစ္စည်းတွေ မတာများရင် ဒါတွေကြောင့်ဖြစ်လေ့ရှိပါတယ်။

viber1.jpg

မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ခြေဖဝါးအရွယ်အစားနဲ့တကယ်ကိုက်ညီတဲ့ဖိနပ်ကိုပဲသေချာရွေးဝယ်စီးရပါမယ်။ အရေးကြီးတာက ကိုယ်နဲ့ ကွက်တိဖြစ်ပြီး သက်တောင့်သက်သာ ရှိတဲ့ဖိနပ် ဖြစ်ဖို့ပါ။ ခြေထောက်ကို နာကျင်စေတဲ့ လေဒီရှူး လှလှတွေကို မေ့ပစ်လိုက်ပါလေ။ (လှတာမက်ရင် ညစာခက်တာမဟုတ်ဘဲ လှတာမက်ရင် အသားမာတက်မယ်လို့မှတ်ပေါ့နော်)။

 

မှန်ကန်တဲ့ဖိနပ်ရွေးချယ်နည်းကတော့ အရှည်ဆုံး ခြေချောင်းနဲ့ဖိနပ်ရဲ့ ထိပ်ဖျားကြားမှာ လက်မဝက်လောက် လွတ်နေရပါမယ်တဲ့။ ရှူးဖိနပ်တွေမှာတော့ ဝတ်ကြည့်ပြီးရင် ခြေချောင်းလေးတေ ွလှုပ်ကြည့်ပါတဲ့ လွတ်လွတ်လပ်လပ် လှုပ်လို့မရဘူးဆို မယူသင့်ပါဘူးနော်။ ဖိနပ်ဝယ်မယ်ဆိုရင်လည်း ညနေပိုင်းတွေမှာ ဝယ်တာပိုသင့်တော်ပါမယ်တဲ့။ တစ်နေကုန် မတ်တပ်ရပ်ရ သွားလာရတာတွေကြောင့် ခြေထောက်လေးတွေ ဖောင်းပြီးညောင်းညာနေချိန်မှာ စမ်းစီးကြည့်လို့ သက်တောင့်သက်သာ ဖြစ်တယ်ဆိုတော့ ဝယ်လိုက်သင့်ပါပြီ။ ရှူးဖိနပ်တွေကို ခြေအိတ်နဲ့ အမြဲတွဲဝတ်ပါ။

 

သင့်တော်တဲ့ ဖိနပ်ရှိပြီးရင်တော့ လမ်းလျှောက်တဲ့ပုံကလည်း မှန်ကန်ရပါမယ်။ ခြေထောက်တစ်ဖက်ကို အားပြုပြီး လျှောက်တာ မတ်တပ်ရပ်တာတွေက အသားမာတက်တာကို အားပေးပါတယ်။ ဥပမာ ညာသန်သူ အများစုက ညာဘက်ခြေထောက်ကို အားပြုပြီး မတ်တပ်ရပ်လေ့ရှိတာမျိုးကို အချိန်အကြာကြီး မလုပ်ဘဲ ဘယ်၊ ညာ မကြာခဏ ပြောင်းပေးတာမျိုး လုပ်ပါ။ တကယ်လို့ မွေးရာပါ ဒါမှမဟုတ် ထိခိုက်မှုတစ်ခုခုကြောင့် ခြေထောက်ပုံစံက ပုံမှန်မဟုတ်တာမျိုး ဆိုရင်တော့ ခြေထောက်ပုံနဲ့ အဆင်ပြေမယ့် ဖိနပ်မျိုးကို ပုံစံအပ်ချုပ်ဝတ်တာမျိုး လုပ်သင့်ပါတယ်။

 

လက်ဖဝါး လက်ချောင်းတွေမှာ အသားမာမဖြစ်စေဖို့အတွက် အလေးတွေမတာ အလုပ်ကြမ်း လုပ်ရတာမျိုးဆို လက်အိတ်ဝတ်တာမျိုး လုပ်သင့်ပါတယ်။ အသားမာတက်တာဟာ စိုးရိမ်စရာမရှိသလို နာကြင်မှုလည်း မရှိတတ်လို့ အတော်များများက ဆရာဝန်နဲ့ပြပြီး ကုသမှုယူတဲ့အဆင့် မရောက်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ဖယ်ရှားဖို့ကြိုးစားရင်းသွေးထွက်တာ၊ အသားမာကနေ ပြည် ဒါမှမဟုတ် အရည်တစ်ခုခု ထွက်လာတာ ၊ ဆီးချိုရောဂါ အခံရှိတဲ့သူတွေမှာဆို အနာဖြစ်ရင်ကျက်ဖို့ ခက်ပြီး ပိုးဝင်ဖို့လွယ်တာတွေကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပြသသင့်ပါတယ်။

 

အသားမာတက်ခြင်းအတွက် ဘယ်လိုကုသမှုမျိုးတွေရှိလဲ

အရွယ်အစားလည်း အရမ်းမကြီးဘူး။ အနာဖြစ်တာ ပြည်တည်တာမျိုးတွေလည်း မရှိဘူးဆိုရင်တော့ ခြေထောက် လက်တွေကို ပုံမှန်အလှဆီကရင်မ်တွေ လိမ်းပေးပြီး နူးညံ့အောင်ထားတာမျိုး လုပ်ပေးပါ။ ရေချိုးချိန်မှာ ချေးတွန်းကျောက်လေးနဲ့ ခပ်ဖွဖွတွန်းပေးတာတွေကလည်း အသားမာကို ပျောက်ကင်းစေနိုင်ပါတယ်။ အနာဖြစ်ပြီး ပြည်တည်နေတဲ့ အသားမာတွေအတွက်ကတော့ ဆရာဝန်က ပိုးသတ်ဆေးညွှန်ကြားတာ အသားမာရဲ့ ထုထည်လျော့အောင် ခွဲစိတ်တာ လိမ်းဆေးပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။

 

အသားမာတက်ရတာတဲ့ အဓိကအကြောင်းအရင်းကတော့ ပွတ်တိုက်မှုများတာ၊ ဖိအားခံစားရတာတွေဖြစ်လို့ ကုသပြီးပျောက်ကင်းသွားရင်တောင် ပြန်ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အပေါ်မှာရှင်းပြခဲ့တဲ့ ဖြစ်စေတဲ့ခြေအနေတွေကို ရှောင်တာကတော့ အထိရောက်ဆုံးပါပဲ။

 

ဒေါက်တာချစ်စန္ဒီကျော်

viber.jpg

Read times Last modified on Friday, 09 September 2022 15:59
Rate this item
(1 Vote)