What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 March 2020 17:47

မြန်မာရောက် အမေရိကန်နိုင်ငံသားတွေ လေကြောင်းက အရေးပေါ်ထွက်ခွင့်ရမည်

90251442_832926683874316_4730726126572273664_n.png

 

ရန်ကုန်လေဆိပ်ကနေ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့၊ ဧပြီလ ၁ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၈ ရက် နဲ့ ၁၀ ရက်နေ့တွေမှာ ထွက်ခွာမယ့် ANA ဂျပန်လေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ်တွေကို ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေအဖြစ် သတ်မှတ်ထားတာကြောင့် မြန်မာနိုင်ငံကနေ ပြန်ထွက်ချင်တဲ့ အမေရိကန်နိုင်ငံသားတွေ အဲဒီလေယာဉ်တွေနဲ့ လိုက်ပါနိုင်တဲ့အကြောင်း ရန်ကုန်မြို့၊ အမေရိကန်သံရုံး က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

 

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၄ ဦး ရှိပြီး အဲဒီထဲက တဦး ဒီကနေ့ ကွယ်လွန်သွားတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ တရက်ထဲမှာပဲ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်လည်း ထွက်လာတာပါ။

 

နိုင်ငံတကာက ခရီးသည်တင်လေယာဉ်တွေကို မတ်လ ၃၀ ရက်နေ့ ညသန်းခေါင်ကနေ ဧပြီလ ၁၃ ရက်နေ့ အထိ မြန်မာနိုင်ငံတွင်း ဘယ်လေဆိပ်မှာမှ ဆင်းခွင့်မပြုတော့ဘူးလို့ အစိုးရက ကြေညာထားပြီး လေယာဉ် အဝင်အထွက်လုပ်ဖို့ အရင်က ခွင့်ပြုထားတာတွေအားလုံးကိုလည်း ပြန်ရုပ်သိမ်းထားတာပါ။

 

ခြွင်းချက်အနေနဲ့ ကယ်ဆယ်ရေးလေယာဉ်တွေ၊ ကုန်တင်လေယာဉ်အားလုံး၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်လေယာဉ်တွေနဲ့ လေကြောင်းဦးစီးဌာနက ခွင့်ပြုတဲ့ အထူးလေယာဉ်တွေကိုပဲ ဝင်ထွက်ခွင့်ပြုထားပါတယ်။

 

မြန်မာနိုင်ငံကနေ ပြန်ထွက်ချင်တဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သံရုံးက စုဆောင်းနေပေမဲ့ လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အမေရိကန်နိုင်ငံသား တဦးအနေနဲ့ မြန်မာနိုင်ငံကနေ ပြန်ထွက်ချင်ပေမဲ့ လေယာဉ်မရှိတာကြောင့် ပြန်မရဘူး ဖြစ်နေတယ်ဆိုရင် ခရီးသည် တဦးချင်းစီက ဖြည့်စွက်ပေးပို့ရမယ့်ပုံစံအတွက် အင်တာနက်လင့်ခ်ကိုလည်း သံရုံးထုတ်ပြန်ချက်ထဲမှာ တပါထဲ ထည့်သွင်းပေးထားပါတယ်။

 

COVID-19 ကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ အဆင့် ၄ အဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက မတ်လ ၁၉ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး အမေရိကန်နိုင်ငံသားတွေ ခရီးမသွားကြဖို့နဲ့ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ နိုင်ငံသားတွေအနေနဲ့လည်း ကိုယ်အမြဲနေထိုင်တဲ့ တိုင်းပြည်တွေဆီ အမြန်ဆုံးပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

90165828_212716063139335_1462378197545910272_n.png

VOA Burmese

Read times
Rate this item
(0 votes)