What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 April 2020 20:19

Mask မတပ်လျှင် ဈေးသည် ဈေးမရောင်းရ၊ ဈေးဝယ် ဈေးအတွင်း မဝင်ရသတ်မှတ်

Mask မတပ်လျှင် ဈေးသည် ဈေးမရောင်းရ၊ ဈေးဝယ် ဈေးအတွင်း မဝင်ရသတ်မှတ် Mandalay_Indepth_News

COVID.png

 

မန္တလေးတိုင်းအတွင် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ကို တိုင်းအစိုးရ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေပြီး မန္တလေးမြို့ပေါ်ရှိ စည်ပင်ပိုင် ဈေးများတွင် ယနေ့ ဧပြီ(၁၃)ရက်မှစတင်ကာ နှာခေါင်းစည်း မတပ်ဆင်ပါက ဈေးအတွင်း ဝင်ခွင့်မပြုရန် သတ်မှတ်ထားကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

 

ဧပြီ(၇)ရက်မှစတင်ကာ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) လုပ်ဆောင်နေခြင်း ဖြစ်ပြီး အပြင်ထွက်သူတိုင်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် လိုအပ်သည့် နှာခေါင်းစည်းများကို တိုင်းအစိုးရနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အများပြည်သူသို့ ပေးဝေနေသည်ဟု မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦစီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

လက်ရှိတွင် မန္တလေးမြို့ပေါ်ရှိ ပျံကျဈေးများအပါအဝင် စည်ပင်သာယာဈေးများ၌ ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သည့် အဝတ်နှာခေါင်းစည်း (Mask )များ ပေးဝေနေပြီး ဈေးသည်များ မဖြစ်မနေ တပ်ဆင်ရန်နှင့် ဈေးဝယ်လာသူများ အနေဖြင့်လည်း နှာခေါင်းစည်း တပ်ဆင်မလာပါက အိမ်ပြန်ယူစေခြင်းနှင့် နှာခေါင်းစည်း ပေးဝေခြင်းများ လုပ်ဆောင်နေသည်ဟု မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများက ဆိုသည်။

 

“ဈေးများအတွင်း ဈေးရောင်းချသူများ Mask တပ်ဆင်ရောင်းချခြင်း မပြုရင် ဈေးရောင်းချခွင့် ရပ်ဆိုင်းဖို့နဲ့ ဈေးဝယ်ယူသူများ Mask တပ်ဆင်လာခြင်း မရှိပါက ဈေးအတွင်းသို့ ဝင်ရောက်ခွင့်မပြုဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါပြီ”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

 

COVID-19 ရောဂါသည် အလွန်လျှင်မြန်စွာ ကူးစက်နိုင်သဖြင့် လူတိုင်းက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် လိုအပ်ကြောင်းနှင့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွာခဲ့သော်လည်း နှာခေါင်းစည်း တပ်ဆင်မှုကြောင့် ရောဂါကို အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ခဲ့သဖြင့် Mask Campaign ပြုလုပ်ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်းအစိုးရ၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

 

“ Mask မတပ်မနေရ တပ်ရပါမယ်။ ရောဂါရှိရှိ၊ မရှိရှိ အပြင်ထွက်ရင် Mask တပ်ပါ။ Mask တွေ အလွယ်တကူ ဝယ်မရရင် Homemade (အိမ်တွင်လုပ်) Mask တွေ တပ်ပါ။ ဒါက ဂျပန်ရယ်၊ တောင်ကိုရီးယားရယ်၊ ထိုင်းရယ် သူတို့ ဖြတ်သန်းမှု အတွေ့အကြုံက ထွက်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ အစက ရောဂါဖြစ်သူသာ တပ်ရမယ်ဆိုတဲ့ Guideline (လမ်းညွှန်ချက်) တွေရှိပါတယ်။ ဥရောပနဲ့ အမေရိကမှာ မတပ်မနေရ မကျင့်သုံးဘူး။ ဒီဘက်မှာတော့ တပ်ရတယ်။ Homemade Mask ကိုပါ လက်ခံတယ်” ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

 

မန္တလေးမြို့ပေါ်ရှိ ဈေးများတွင် သုံးလွှာပါ Homemade Mask (အိမ်တွင်ချုပ်နှာခေါင်းစည်း) များ အခမဲ့ ပေးဝေထားသလို တိုင်းအတွင်းရှိ မိုးကုတ်၊ ကျောက်ပန်းတောင်း၊ သာစည်၊ ဝမ်းတွင်း၊ မတ္တရာ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ ပုသိမ်ကြီး၊ တံတားဦး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပြင်ဦးလွင် စသည့် မြို့နယ်(၁၄)ခုတွင် Mask (၅၀၀)ခုစီ ပေးဝေထားပြီး ကျန်မြို့နယ်များကိုလည်း ဆက်လက်ပေးဝေမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုသည်။

 

သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ကမူ ယနေ့အချိန်အထိ COVID-19 ရောဂါ ကာကွယ်ရေး မဖြစ်မနေ နှာခေါင်းတပ်ဆင်ရမည်ဟူသော ညွှန်ကြာချက် ညွှန်ကြားထုတ်ပြန်ထားခြင်း မရှိသေးပါ။

 

Mandalay_Indepth_News

Read times
Rate this item
(0 votes)