ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သင်္ကြန်ပိတ်ရက်များအပြီး ဧပြီလဆန်းမှ စတင်ကာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည် မြင့်တက်လာပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ တစ်လအတွင်း ကူးစက်ခံရသူ (၃,၈၃၉) ဦးထိ ရှိလာကြောင်း သိရသည်။
ရောဂါကူးစက်ခံရသူဦးရေ မြင့်တက်လာသကဲ့သို့ ကိုဗစ်ကြောင့် သေဆုံးသူသည်လည်း မေလ (၁၀) ရက်နေ့တွင် (၁) ဦးနှင့် မေလ (၁၃) ရက်နေ့တွင် (၁) ဦး စုစုပေါင်း (၂) ဦး ရှိလာပြီ ဖြစ်သည်။
ကိုဗစ်ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၄၀၇,၈၀၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၅,၄၅၂) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၉၉၈) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။
လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားနေချိန်တွင် ကိုဗစ်ရောဂါဖြင့် (၂) ဦး ထပ်မံ သေဆုံးသွားသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာ စုစုပေါင်း (၁၉,၄၉၂) ဦး ရှိပြီ ဖြစ်သည်။
နေ့အလိုက် ကူးစက်လူနာစာရင်း
- ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး
- ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး
- ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး
- ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး
- ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး
- ဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦး
- ဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦး
- ဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး
- မေလ ၁ - ၂ ရက်အထိ (၁၁၉) ဦး
- မေလ ၂ - ၃ ရက်အထိ (၁၅၅) ဦး
- မေလ ၃ - ၄ ရက်အထိ (၁၉၅) ဦး
- မေလ ၄ - ၅ ရက်အထိ (၂၀၈) ဦး
- မေလ ၅ - ၆ ရက်အထိ (၂၂၂) ဦး
- မေလ ၆ - ၇ ရက်အထိ (၁၄၉) ဦး
- မေလ ၇ - ၈ ရက်အထိ (၁၄၆) ဦး
- မေလ ၈ - ၉ ရက်အထိ (၂၁၁) ဦး
- မေလ ၉ - ၁၀ ရက်အထိ (၂၅၄) ဦး
- မေလ ၁၀ - ၁၁ ရက်အထိ (၁၆၈) ဦး
- မေလ ၁၁ - ၁၂ ရက်အထိ (၁၅၇) ဦး
- မေလ ၁၂ - ၁၃ ရက်အထိ (၁၃၆) ဦး
- မေလ ၁၃ - ၁၄ ရက်အထိ (၁၄၆) ဦး
- မေလ ၁၄ - ၁၅ ရက်အထိ (၇၂) ဦး
- မေလ ၁၅ - ၁၆ ရက်အထိ (၁၆၂) ဦး
- မေလ ၁၆ - ၁၇ ရက်အထိ (၁၃၉) ဦး
- မေလ ၁၇ - ၁၈ ရက်အထိ (၁၁၃) ဦး
- မေလ ၁၈ - ၁၉ ရက်အထိ (၁၂၀) ဦး
- မေလ ၁၉ - ၂၀ ရက်အထိ (၉၉) ဦး
- မေလ ၂၀ - ၂၁ ရက်အထိ (၈၀) ဦး
- မေလ ၂၁ - ၂၂ ရက်အထိ (၈၂) ဦး
- မေလ ၂၂ - ၂၃ ရက်အထိ (၁၀၄) ဦး
Advertisement
Click Here > Ye' Optical
ယခုအချိန်အထိ လေ့လာ ဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။
ရောဂါကုသမှုတွင်လည်း လက်ရှိ အသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။
ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုများကို လျှော့ချနိုင်သဖြင့် ကာကွယ်ဆေး ထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးချက်များ
- အသက် (၅) နှစ်နှင့်အထက် ပြည်သူများ အားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်
- အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊
- အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက် ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊
- လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော ( အနည်းဆုံး ၆၀ ရာခိုင်နှုန်း ) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
- လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်၊
- တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
- ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန်