မေလ ၁ ရက်နေ့က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ် တအိမ်တည်းနေ ပိုးတွေ့လူနာအမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ တို့နဲ့ ထိတွေ့ခဲ့သူ ၉ ယောက်မှာ ရောဂါပိုးမတွေ့ရကြောင်း အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဒီဗွီဘီကို ပြောပါတယ်။
ပိုးတွေ့လူနာအမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ စတဲ့ ၄ ယောက်ဟာ နောက်ထပ် ၃ ယောက်နဲ့အတူ အင်းစိန်မြို့နယ် ခဝဲခြံ ၂ လမ်းမှာ စုနေတာဖြစ်ပြီး သူတို့နဲ့ထိတွေ့ခဲ့တဲ့ တအိမ်တည်းနေ ၃ ယောက်အပြင် လူနာအမှတ် ၁၅၂၊ ၁၅၃၊ ၁၅၄ တို့ အလုပ်လုပ်ရာ Kwekabaw ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၆ ယောက်ကိုလည်း ဓာတ်ခွဲနမူနာစစ်ဆေးရာမှာ ရောဂါမတွေ့ရှိခဲ့ပါဘူး။
ဆေးရုံမှာရှိတဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ လူနာတွေနဲ့ လူနာစောင့်တွေ စုစုပေါင်း ၁၁၅ ယောက်ရှိတဲ့ Kwekabaw ဆေးရုံကို မနေ့ညကစပြီး လော့ဒေါင်းချထားပြီး အားလုံးကို ဆေးစစ်ဖို့ ပြင်ဆင်နေကြောင်း ဦးဝေဖြိုးဟန်က ပြောပါတယ်။
လော့ဒေါင်း ချထားတဲ့ Kwekabaw ဆေးရုံကိုတော့ အင်းစိန်လွှတ်တော်ကိုယ်စားလှယ်တွေ၊ အင်းစိန်ဌာနဆိုင်ရာတွေ ဦးဆောင်ပြီး Super_Sunday လူမှုကူညီရေးအသင်းနဲ့ မြို့နယ် ကြက်ခြေနီအဖွဲ့ တွေပူးပေါင်းပြီး ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်ထားပါတယ်။
DVB TV News