What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 06 June 2020 22:02

ကိုဗစ်နဲ့ ကြွေလွင့်ခဲ့ရတဲ့ ယူကေက ဒုတိယမြောက် မြန်မာဆရာဝန်

ကိုဗစ်နဲ့ ကြွေလွင့်ခဲ့ရတဲ့ ယူကေက ဒုတိယမြောက် မြန်မာဆရာဝန် BBC News

ယူကေမှာ ကိုဗစ်လူနာတွေကြား ရှေ့တန်းမှာ ကုနေရသူတွေထဲက မြန်မာဆရာဝန်ကြီးတစ်ဦး ထပ်ပြီး ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ 

ဧပြီလတုန်းက ကွယ်လွန်ခဲ့တဲ့ ဒေါက်တာပီတာခင်ထွန်းပြီးရင် မေလ ဒုတိယပတ်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ သောင်းထိုက်က ဒုတိယမြောက် ကြွေလွင့်ခဲ့ရသူ ဖြစ်ပါတယ်။

 

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဝဲရှိုင်းယား Great Western ဆေးရုံက အထွေထွေရောဂါကု အတိုင်ပင်ခံ သမားတော်ကြီး ဒေါက်တာ သောင်းထိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး အသက် ၆၅ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ရောဂါကူးနှုန်းတွေ မြင့်လာပြီးနောက်ပိုင်း PPE တွေနဲ့ အသေအချာ ကာကွယ်ခဲ့ပေမဲ့ မမျှော်လင့်ထားဘဲ ပိုးက အလဲထိုးသွားခဲ့တာပါ။

 

ဘုရားပန်းဝယ်ပြီး အိမ်ပြန်လာခဲ့တာ


ဒေါက်တာ သောင်းထိုက်တို့ဆေးရုံက နယ်ဆေးရုံ ဖြစ်လို့ လန်ဒန်လို ကိုဗစ်လူနာတွေ မများလှပါဘူး။ တစ်ကြိမ်ကို နှစ်ယောက်၊ သုံးယောက်လောက်ပဲ ရောက်လာတာပါ။ အစပိုင်းမှာ PPE မလုံလောက်ခဲ့ပေမဲ့ ကူးစက်တာတွေ များလာတဲ့နောက်ပိုင်းမှာတော့ ဆေးရုံက ဆရာဝန်တွေ သူနာပြုတွေဟာ လူနာတွေနဲ့ ထိတွေ့ရချိန်မှာ တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ PPE တွေကိုလည်း သေချာဝတ်ထားခဲ့ကြပါတယ်။

 

ဧပြီ ၉ ရက်မှာတော့ အလုပ်ကနေ ဖျားပြီး သူအိမ်ကို ပြန်လာခဲ့ပါတယ်။ ဒီလို ဖျားလို့ အိမ်ပြန်လာရတယ်ဆိုတာ သူ့တစ်သက်မှာ မရှိခဲ့သလောက်ပါပဲလို့ မိသားစုက ပြောပါတယ်။ "သူဖျားပြီး အိမ်ပြန်လာတဲ့ လမ်းမှာတောင်မှ ဘုရားပန်းလေး ဝင်ဝယ်ခဲ့သေးတယ်" လို့ သမီး ဖြစ်သူ မမေသီထိုက်က ပြောပါတယ်။

 

သူ့မှာ ကိုရိုနာ လက္ခဏာပြခဲ့တာက ဖျားတယ်၊ ဝမ်းသွားတယ်။ အူနာ ရောဂါ အခံရှိလို့ ရောဂါဟောင်းလို့ သူကိုယ်တိုင်ကပါ ထင်ခဲ့ပါတယ်။ ခါတိုင်းလို ရောဂါက ပြန်မပျောက်လို့ နောက်ပိုင်းမှာ ဒီအူနာရောဂါကို ကုဖို့ သူ့ အထွေထွေကု ဆရာဝန်ကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်ဆီသွားမယ့် အချိန်မှာကတည်းက နည်းနည်းမောဟိုက်နေပြီး အဲဒီအချိန်မှာတော့ ကိုဗစ်ကို သံသယ ရှိနေပါပြီ။

 

ကိုယ်တိုင်ဆရာဝန်ဖြစ်လို့ အခြေအနေကို သိပြီး အရေးပေါ်ကား ခေါ်ခဲ့ပေမယ့် အိမ်ကို နှစ်နာရီလောက်ကြာမှ ရောက်မယ်ဆိုလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ဆရာဝန်ဆီ သွားခဲ့ပါတယ်။ သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီလို့ သိရတဲ့ နောက်ပိုင်း သူ့ဆေးရုံမှာပဲ သူပြန်ကုသခံခဲ့ပါတယ်။ သူ့ဆေးရုံကနေ သူ့အသက်ကို ကယ်ချင်လို့ နောက်ပိုင်းမှာ အထူးကြပ်မတ်ကုသမှုတွေ ပိုကောင်းတဲ့ ဘရစ်စတယ်က ဆေးရုံကို ပြောင်းပေးခဲ့ပါသေးတယ်။

 

သူ့မဆုံးခင် အသက်ရှူစက်ပေါ်မှာ ၂၅ ရက် လောက် နေခဲ့ရပါတယ်။ သူက အစပိုင်းမှာ သွေးပေါင်ချိန်လည်း ကောင်း၊ အဆုတ်နဲ့ ကျောက်ကပ်တွေလည်း ကောင်းပြီး ဘာဆေးမှလည်း ပေးဖို့ မလိုလို့ ပြန်ကောင်းလာမယ်လို့ ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ သူက ရောဂါအခံလည်း ရှိပြီး ဆီးချိုလည်း ရှိလို့ ကိုဗစ်ရောဂါဒဏ်ကနေ ပြန်မကောင်းနိုင်ခဲ့တော့တာလို့ မိသားစုက ပြောပါတယ်။

 

ဆေးရုံကနေ "မနက်ဖြန်မှာ ပိုကောင်းလာနိုင်တယ်"လို့ ပထမပိုင်းမှာ အိမ်ကို စာပို့ခဲ့ပါသေးတယ်။ ဧပြီ ၁၇ ရက်မှာတော့ "ICU ထဲသွားရတော့မယ်။ မင်းနဲ့ ကလေးတွေ အကုန်လုံးကို ချစ်တယ်" ဆိုတဲ့ စာကို သူ့ဇနီးဆီကို ပိုခဲ့ပါတယ်။ အဲဒါက သူ့မိသားစု သူ့ဆီက နောက်ဆုံးရခဲ့တဲ့ စာလေးပါ။ ဒေါက်တာသောင်းထိုက်ကွယ်လွန်ချိန်မှာ ဇနီး၊ သားသမီးလေးဦးနဲ့ မြေးသုံးဦးတို့ ကျန်ရစ်ပါတယ်။

 

သူ့ဆေးရုံက ပြောရေးဆိုခွင့်ရှိသူက "သူ့ကို အားလုံးက ချစ်ကြတယ်။ သူ့ကိုဆိုရင် လူနာတွေအပေါ် အမြဲ သေသေချာချာ ဂရုစိုက်သူ၊ အကောင်းမြင်စိတ်ရှိသူနဲ့ ကူညီဖို့ အဆင်သင့်ရှိနေတတ်သူလို့ သိကြပါတယ်"လို့ ပြောပါတယ်။ သူနာပြုတစ်ယောက်က "အရမ်းတော်တဲ့ ဆရာဝန်ကြီး၊ အရမ်းကြင်နာတတ်၊ ဂရုစိုက်တတ်တယ်၊ လူတိုင်းပြောတာတွေကို နားထောင်ပေးတတ်တယ်"၊ "သူ့ကို အားလုံးက အောက်မေ့လွမ်းဆွတ်နေကြမှာ"လို့ ဆိုပါတယ်။

 

ဒေါက်တာသောင်းထိုက်ဟာ ယူကေကို ရောက်တာ နှစ် ၂၀ ကျော် လောက်ရှိနေပါပြီ။ မြန်မာနိုင်ငံမှာလည်း ဆေးကုခဲ့ပါသေးတယ်။ မန္တလေး ဆေးတက္ကသိုလ် ၁၉၇၃-၈၁ ကျောင်းသား ဘဝက စာကျက်ဖို့မလိုဘဲ စာတွေရနိုင်တဲ့ သူ၊ သူ ဂုဏ်ထူးထွက်တိုင်းနဲ့ မထွက်တိုင်းမှာ ဇာတ်လမ်းတွေ ပြောစမှတ်ရှိတဲ့ အထိ ထူးချွန်သူ ဖြစ်တယ်လို့ ကျောင်းနေဘက် အပေါင်းအသင်းတစ်ဦးက လူမှုစာမျက်နှာမှာ ရေးပြီး ဂုဏ်ပြုပါတယ်။

 

သူ့လူနာတွေနဲ့ သူ လမ်းမှာတွေ့ရင် ဒါက ငါတို့ အချစ်ဆုံး ဆရာဝန်လို့ သူ့ကို ဝိုင်းပြီး နှုတ်ဆက်ကြတယ်လို့လည်း မိသားစုက ပြောပါတယ်။ ဒီလို လူနာတွေကြားက သူ့ကို အခုလို အချိန်မှာ အနားယူတော့ဖို့ မိသားစုက ပြောတော့ သူက သူ့မှာ အစီအစဉ်ရှိပါတယ်လို့ပဲ ပြောပြီး လက်တွေ့မှာတော့ သူ့လူနာတွေကိုထားပြီး တကယ် အနားမယူရက်ခဲ့ပါဘူး။

 

မိသားစုကို တွယ်တာတတ်တဲ့သူ၊ သားသမီးတွေ မြေးတွေအတွက် လိုသမျှ ဖြည့်ဆည်းပေးတတ်တဲ့သူ၊ သူ့အတွက် အနားယူတာက အလုပ်က ပြန်လာပြီးရင် တီဗီရှေ့မှာ ကားမောင်းပြိုင်ပွဲတွေ၊ ဘောလုံးပွဲတွေ ကြည့်တာပဲရှိတယ်လို့ မိသားစုက ပြောပါတယ်။ ပင်စင်ယူပြီးရင်တော့ ခရီးတွေထွက် ကမ္ဘာပတ်ပြီး အနားယူမယ်လို့ မိသားစုကို တိုင်ပင်ထားခဲ့ပါတယ်။

 

အခုတော့ ဥရောပမှာ ဒီကပ်ကြီးကြောင့် ပိတ်ထားတွေကို တဖြည်းဖြည်း ပြန်ဖွင့်လာနေကြပါပြီ။ သူကြိုက်တဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပွဲတွေလည်း ပြန်စကစားဖို့ ဆွေးနွေးပြောဆိုမှုတွေ ရှိလာနေပါပြီ။ ဒါပေမယ့် အခု ဘောလုံးရာသီ ပြန်စချိန်မှာတော့ ဆိုဖာပေါ်ကနေ တစ်ဝကြီးအားပေးနေတတ်တဲ့ အမာခံ ပရိသတ်တစ်ဦးကတော့ တီဗီရှေ့မှာ ရှိမနေနိုင်တော့ပါဘူး။

 

BBC News

Read times
Rate this item
(0 votes)