What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 01 August 2020 19:30

ဆေး အသုံးပြုမှုကြောင့် ဖြစ်ပွားသော ရောဂါ များ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများ

ဆေးအသုံးပြုမှုကြောင့်ဖြစ်ပွားသော ရောဂါဆိုတာဟာ ဆေးတစ်ခုရဲ့ မလိုလားအပ်သော အာနိသင်သက်ရောက်မှုများကြောင့် အသုံးပြုသူ/လူနာ သေဆုံးနိုင်ချေ ဒါမှမဟုတ် ဆိုးရွားသော တုံ့ပြန်မှုများကြောင့် ဆေးကုသမှုခံယူရန်လိုအပ်လာနိုင်သော အခြေအနေတစ်ရပ်ဖြစ်ပြီး ဆေးအသုံးပြုမှုကို ရပ်တန့်လိုက်သည့်တိုင် ဖြစ်ပေါ်နေသော လက္ခဏာများ ပျောက်ကွယ်မသွားဘဲ ဆက်လက်တည်ရှိနေနိုင်သော အခြေအနေကိုဆိုလိုခြင်းဖြစ်ပါတယ်။

 

ဆေးအသုံးပြုတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါအမျိုးအစားတွေက ဘာတွေလဲ?

ဆေးဝါးများအသုံးပြုတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါတွေဟာ ခန့်မှန်းလို့ရနိုင်တာရှိသလို ခန့်မှန်းလို့မရနိုင်တာမျိုးလည်းရှိပါတယ်။ ခန့်မှန်းလို့ရနိုင်တဲ့ ရောဂါများမှာ အသုံးပြုလိုက်တဲ့ဆေးရဲ့ ဆေးဝါးဘက်ဆိုင်ရာအာနိသင်တွေကြောင့် ပေါ်ထွက်လာသော သက်ရောက်မှုများကို ဆိုလိုတာဖြစ်ပါတယ်။

 

ဥပမာ - သွေးကျဲဆေးများ (သွေးမခဲအောင်ပေးသောဆေး၊ သွေးခဲစေသောပစ္စည်းများကို တားသောဆေး) ဟာ သွေးခဲခြင်းကို တားဖို့အတွက်အသုံးပြုသောဆေးများဖြစ်ပြီး ၎င်းဆေးများဟာ သွေးထွက်လွန်ခြင်းကို ဖြစ်ပေါ်စေနိုင်တာမျိုးဖြစ်ပါတယ်။ သွေးချိုဆီးချိုကျဆေးများဖြစ်တဲ့ အင်ဆူလင်ထိုးဆေးနှင့် မက်ဖော်မင်ကဲ့သို့သောက်ဆေးများဟာလည်း သွေးတွင်းအချိုဓာတ်ကိုကျစေတဲ့အတွက် သတိလစ်ခြင်း၊ မူးမေ့ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ဆေးကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရောဂါများထဲမှာ ခန့်မှန်းလို့မရနိုင်တဲ့ဘေးထွက်ဆိုးကျိုးများကတော့ ဆေးရဲ့ ဆေးဝါးဘက်ဆိုင်ရာအာနိသင်များနဲ့ လုံးဝဆက်စပ်မှုမရှိတာမျိုးဖြစ်ပါတယ်။ ဥပမာ - နှလုံးခုန်မမှန်သောရောဂါမှာအသုံးပြုတဲ့ Amiodarone ဆေးဝါးဟာ အဆုတ်ကိုထိခိုက်စေနိုင်တာမျိုးဖြစ်ပါတယ်။

 

ဆေးအသုံးပြုမှုကြောင့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းမျိုးစုံကို ဆိုးကျိုးသက်ရောက်မှုတွေ အနည်းနဲ့အများ ရှိနိုင်ပါတယ်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ/ရောဂါဆိုးများ ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရတဲ့အတွက် ဈေးကွက်ထဲကနေ အပိတ်ခံရတဲ့ဆေးများ မြောက်များစွာရှိပါတယ်။ ဥပမာ - အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ Rofecoxib ဆေးဟာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းစတဲ့ရောဂါများကို ဖြစ်ပွားစေတဲ့အတွက် ဈေးကွက်ထဲကနေ ရုတ်သိမ်းခဲ့ပါတယ်။

 

လူသုံးများသော ဆေးများအနက် သတိပြုသင့်သောဆေးအချို့မှာ

ပင်နီဆလင် - ပင်နီဆလင်နဲ့မတည့်တဲ့သူမျိုးဆိုရင် အရေပြားမှာ အနီကွက်များဖြစ်ပေါ်တတ်ပါတယ်။ (ပင်နီဆီလင်ဆေးဟာ အချို့သူများမှာ အသက်အန္တရာယ်ထိခိုက်သည်အထိ ဆိုးဆိုးရွားရွားဓာတ်မတည့်တာမျိုးဖြစ်တတ်ပါတယ်။)

 

စတီးရွိက် ပါတဲ့ အရောင်ကျဆေး များ - (ဥပမာ - Dexamethasone) ၎င်းဆေးများဟာ အစာအိမ်အနာဖြစ်စေနိုင်သလို အခြားဆိုးရွားတဲ့ဘေးထွက်ဆိုးကျိုးများလည်းရှိပါသေးတယ်။ စတီးရွိက်ပါဝင်သောဆေးများဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှုကို အပြောင်းအလဲဖြစ်ပေါ်စေနိုင်တာကြောင့် စတီးရွိက်ပါဝင်သောဆေးများကို ရေရှည်စွဲသောက်ထားသူများအနေဖြင့် ရုတ်တရက် ဆေးဖြတ်တာမျိုးကိုရှောင်ကြဉ်ရမှာဖြစ်ပြီး ဆေးဖြတ်မယ်ဆိုပါက ဆေးပမာဏကို ဖြည်းဖြည်းချင်းလျှော့ပြီး ဖြတ်ရမှာဖြစ်ပါတယ်။ ဆေးဖြတ်တဲ့အခါ ကြုံတွေ့လာရနိုင်တဲ့ လက္ခဏာတွေကတော့ မောပန်းနွမ်းနယ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပေါ်လာနိုင်ပြီး အချို့တွေမှာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်ပွားနိုင်ပါတယ်။

 

ပါရာစီတမော ဆေးဟာဆိုရင်လည်း လိုအပ်တဲ့ပမာဏထက် ပိုမိုလွန်ကဲစွာအသုံးပြုမိပါက အသည်းကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

 

ဆေးကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်ကြမလဲ?

ဆေးကုသမှုခံယူတော့မယ်ဆိုရင် ကိုယ့်မှာရှိနေတဲ့ ရောဂါအခံတွေ၊ သောက်သုံးနေတဲ့ဆေးတွေ (အားဆေးအပါအဝင်)ကို ဆရာဝန်ကို အမြဲတစေအသိပေးပါ။

 

ဆေးတစ်ခုခုကို ဓာတ်မတည့်တာမျိုးရှိခဲ့ဖူးတယ် ဒါမှမဟုတ် အစားအသောက်ထဲမှာဖြစ်စေ ပါဝင်ပစ္စည်း (ingredient) တစ်ခုခုနဲ့ ဓာတ်မတည့်တာမျိုးရှိတယ်ဆိုရင် ဆရာဝန်ကို အသိပေးပါ။

 

ဆေးကို ညွှန်ကြားချက်အတိုင်း သောက်ပါ။ သောက်သုံးရမယ့် ဆေးပမာဏ၊ ဘယ်နှစ်ရက်ဆက်သောက်ရမယ်ဆိုတာအပြင် အစားမစားခင်(သို့)စားပြီးမှသောက်ရန်ဆိုတဲ့ ညွှန်ကြားချက်များကိုလည်း လိုက်နာရန်အရေးကြီးပါတယ်။

 

ဆေးဝါးများကိုအသုံးပြုတဲ့အခါ ၎င်းတို့ရဲ့အကျိုးအပြစ်တွေကို ချင့်ချိန်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဆေးတစ်ခုကို တုံ့ပြန်ပုံဟာ လူတစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အတွက် ဆေးဝါးတစ်ခုဟာ လူအချို့အတွက် အကျိုးသက်ရောက်မှုကောင်းပေမယ့် အချို့လူများမှာတော့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာနိုင်တာကို သတိချပ်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။

 

စန္ဒာနိုင် (မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်း)

Read times
Rate this item
(1 Vote)