တရုတ်ပြည်တွင် နောက်ထပ် ဗိုင်းရပ်စ်ပိုးအသစ် ကူးစက်မှု ဖြစ်ပေါ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
သတင်းက တစ်ဝက်မှန်သည် တစ်ဝက်မှားသည်။ ကူးစက်မှု ဖြစ်ပေါ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ဗိုင်းရပ်စ် ကူးစက်ခြင်း မဟုတ်ချေ။ ဘရူဆဲလာ ဘက်တီးရီးယား ကူးစက်ခြင်းသာ ဖြစ်သည်။ brucella bacteria ကြောင့် ဖြစ်ပေါ်သော ရောဂါကို Brucellosis ဟု ခေါ်ဝေါ်ကြသည်။
မည်သို့ ကူးစက်သနည်း။ ဘရူဆဲလာ ဘက်တီးရီးယား ကူးစက်ခံထားရသည် တိရစ္ဆာန်များ၊ ယင်းတို့၏ ထုတ်ကုန်များ (ဥပမာ အသား)နှင့် နီးနီးကပ်ကပ် ထိတွေ့မှု ရှိမှ ကူးစက်သည်။ ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း။ အဆစ်ကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။ ကူးစက်ခံထားရသော လူနာမှ လူလူချင်း ကူးစက်မှု ဖြစ်ပွားသည့် အထောက်အထား မရှိချေ။
Brucellosis ကူးစက်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ဆုံးသိထားသည့် အချက်အလက် အမှန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
တရုတ်ပြည်ရှိ ဇီဝဆေးဝါးစက်ရုံတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် Brucella ကာကွယ်ဆေးကို ထုတ်လုပ်ခဲ့ပြီး ကြွင်းကျန်သည့် ဘက်တီရီးယားများကို ပိုးသတ်ခြင်း သေသေချာချာ မဆောင်ရွက်ခဲ့ချေ။ စက်ရုံမှ စွန့်ထုတ်သော လေထုထဲ ဘရူဆဲလာ ဘက်တီးရီးယားများ ပါသွားသည်။
ပိုးပါသော လေများသည် အနီးတစ်ဝိုက်တွင် တည်ရှိသော Lanzhou Veterinary Research Institute သို့ ရောက်ရှိသွားသည်။ ၎င်းသုတသနဌာနတွင် လုပ်ကိုင်နေသူ ၂၀၀ ဦးခန့်သည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် နာမကျန်း ဖြစ်ခဲ့ကြသည်။ ဌာနရှိ တိရစ္ဆာန်များကိုလည်း ကူးစက်ခဲ့သည်။
ထိုတိရစ္ဆာန်များကို နီးနီးကပ်ကပ် ထိတွေ့သူများ ရောဂါကူးစက်ရာ အတည်ပြုလူနာ ၃၂၄၅ ဦး ရှိသည်ဟု Lanzhou ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာသည်။ သုတေသနဌာနတွင် ပညာဆည်းပူးနေသော Lanzhou University ကျောင်းသူကျောင်းသား ၂၀ ဦးလည်း ကူးစက်ခံထားရသည်။
Brucellosis ကို Malta fever ဟုလည်းကောင်း၊ Mediterranean fever ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ ဖျားခြင်း ခေါင်းကိုက်ခြင်း အဆစ်ကိုက်ခြင်း ကြွက်သားများ ကိုက်ခြင်း ရောဂါလက္ခဏာများ အတူတူပင် ဖြစ်သည်။
By Health Products Guide