What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 12 October 2022 11:17

အိန္ဒိယရဲ့ ဆေးယဉ်ပါး ရောဂါပိုးကြောင့် သန်းပေါင်းများစွာ သေဆုံးကြရ

အိန္ဒိယ အနောက်ပိုင်း မဟာရပ်ရှ်ထရာ ပြည်နယ်မှာရှိတဲ့ ကုတင် တစ်ထောင်ဆန့် ကတ်စ်ထရာဘာ ဆေးရုံမှာ ဆရာဝန်တွေဟာ ပဋိဇီ၀ ဆေးတွေနဲ့ ယဉ်ပါးနေတဲ့ စူပါ ဗိုင်းရပ်စ် တစ်မျိုး ကူးစက်ခံနေရသူတွေကို ကုသပေးနေရပါတယ်။ အချိန်ကြာလာတာနဲ့ အမျှပြောင်းလဲလာတဲ့ ဘက်တီးရီးယား ရောဂါပိုးတွေဟာ သူတို့ကို ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါးတွေကို ယဉ်ပါးလာပြီးနောက်မှာ ဒီလို အခြေအနေမျိုးဖြစ်ပေါ် လာတာပါ။

 

ဒီလို ပဋိဇီဝ ဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားပိုး တစ်မျိုးကြောင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ လူပေါင်း ၁ ဒဿမ ၇သန်း ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ လန်းဆက်စ် ဆေးပညာ စာဆောင်မှာ ဖော်ပြပါတယ်။ နောက်ပြီး ပြင်းထန်တဲ့ ကူးစက်ရောဂါတွေကို ပထမဆုံး တားဆီးကာကွယ်တဲ့ အဆင့်ဖြစ်တဲ့ ပဋိဇီဝ ဆေးတွေဟာ အဲဒီလို ကူးစက်မှုအများစုမှာ အလုပ် မဖြစ်ကြဘူးလို့လည်း ဆိုပါတယ်။

 

အိန္ဒိယ နိုင်ငံဟာ ဆရာဝန်တွေရဲ့ အခေါ်အရ ပဋိဇီဝ ပိုးသတ်ဆေးယဉ်ပါးမှု ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပဋိဇီဝ ဆေးနဲ့ယဉ်ပါးနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် နှစ်စဉ် မွေးကင်းစ ကလေးငယ် ၆၀၀၀၀ နီးပါး သေဆုံးနေရတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။ အစိုးရ ရဲ့ အစီရင်ခံစာထဲမှာ ဒီလို သေဆုံးမှု စာရင်းတွေကို ဖော်ပြထားပြီး အခြေအနေ ဆိုးရွားနေတယ်ဆိုတာကို ထိတ်လန့်ဖွယ်ရာ အဖြစ် ရည်ညွှန်းဖော်ပြထားပါတယ်။

 

အဓိက ဘက်တီးရီးယား ၅ မျိုးကို ကုသနိုင်ဖို့ ဘယ်ပဋိဇီဝ ဆေးက အသင့်တော်ဆုံးလဲ ဆိုတာကို သိနိုင်ဖို့ ကတ်စ်ထရာဘာ ဆေးရုံမှာ စမ်းသပ်မှုတွေ လုပ်ခဲ့ရာမှာ ဆေးဝါး အများအပြားဟာ ထိရောက်မှု မရှိတာကို တွေ့ခဲ့ရပါတယ်။ ဒီပိုးတွေထဲမှာ အီးကိုလိုင်လို့ ခေါ်တဲ့ (Escherichia coli) ဗိုင်းရပ်စ် အမျိုးအစားတွေဟာ မသန့်ရှင်းတဲ့ အစားအစာတွေ စားပြီးနောက်မှာ လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ အူတွေမှာ တွေ့ရလေ့ ရှိပါတယ်။

 

ကလက်ဆီလာ နျူမိုးနီးယား (Klebsiella Pneumoniae) ဗိုင်းရပ်စ်ဟာ အဆုတ်ရောင် ရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ တခါ သွေးကနေတဆင့် ကူးစက်ပြီး အရေပြားနဲ့ ဦးနှောက်အတွင်းပိုင်း ကို ကူးစက်နိုင်တဲ့ Staphylococcus Aureus ဗိုင်းရပ်စ် အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီလို ဗိုင်းရပ်စ် တွေကို ပင်မ ပဋိဇီဝ ဆေးတွေနဲ့ စမ်းသပ်ခဲ့ရာမှာ ၁၅ ရာခိုင်နှုန်းလောက်ပဲ ထိရောက်မှု ရှိတာကို ဆရာဝန်တွေ ရှာဖွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

 

အရေးကြီးဆုံး အချက်ကတော့ ဆေးမျိုးစုံနဲ့ ယဉ်နေပြီး၊ အရေးပေါ်ကုသခန်းထဲမှာ အသက်လု ကုသပေးနေရတဲ့ လူနာတွေရဲ့ အဆုတ်ကို တိုက်ခိုက်တဲ့ Acinetobacter Baumannii ဆိုတဲ့ ဗိုင်းရပ်စ် ပေါ်ပေါက်လာတာကိုလည်း ဆရာဝန်တွေ တွေ့ရှိခဲ့ရပါတယ်။ အိန္ဒိယက ဆရာဝန်အများအပြားဟာ မလိုအပ်ဘဲ ပဋိဇီဝ ဆေးတွေကို အလွန်အကျွံ အသုံးပြု နေကြတယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

 

ဥပမာ အနေနဲ့ ပဋိဇီဝ ဆေးတွေဟာ တုပ်ကွေး ဒါမှမဟုတ် သာမန် အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ပိုးတွေကို မကုသနိုင်ပါ။ သွေးလွန်တုပ်ကွေး၊ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါ တွေကိုသာ တခါတရံ ပဋိဇီဝ ဆေးတွေ ပေးပြီး ကုသလေ့ရှိပါတယ်။ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်ခြင်း စတဲ့ရောဂါတွေကို လည်း အကန့်အသတ် ပဋိဇီဝ ဆေးတွေနဲ့သာ ကုသမှုပေးလေ့ရှိပါတယ်။

 

ပဋိဇီ၀ ဆေးယဉ်ပါးမှု - အသံတိတ် ကပ်ရောဂါ

 

ကမ္ဘာ့ကျန်းမာရေး၊ အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပဋိဇီဝ ဆေးယဥ်ပါးမှုက အကြီးမားဆုံးခြိမ်းခြောက်။

 

ပဋိဇီဝဆေးယဉ်ပါးမှုသည် သဘာဝအတိုင်းဖြစ်ပေါ်သော်လည်း လူနှင့်တိရစ္ဆာန်များတွင် ပဋိဇီဝဆေးများကို အများအပြား သုံးစွဲခြင်းက ဆေးယဥ်ပါးမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်စေနိုင်။

 

အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ ဆီးပူညောင်းကျိတ်နှင့် salmonellosis ကဲ့သို့သော ရောဂါပိုးများ တိုးပွားလာကာ ကုသရန်အသုံးပြုသည့် ပဋိဇီဝဆေးများသည် ထိရောက်မှုနည်းသောကြောင့် ကုသရန် ပိုမိုခက်ခဲလာ။

 

ရင်းမြစ် - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး

Source: bbc burmese

Read times
Rate this item
(0 votes)