What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 September 2020 07:31

COVID-19 ဖြစ်ပွားမှုများ လျင်မြန်စွာ များပြားနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွက် Mobile lab van မှာယူထား

"ရန်ကုန်တိုင်းဒေသကြီးမှ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲ"

အား စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကူးစက်)၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးသို့ ရောက်ရှိနေသော ဗဟိုကွင်းဆင်းအဖွဲ့များ၊ ဆေးရုံများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် -
• ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ကူးစက်ဖြစ်ပွားမှုများသည် လျင်မြန်စွာ များပြားလျက်ရှိနေပါသည်။
• ထိုသို့များပြားသော လူနာများ၊ ၎င်းတို့နှင့်ထိတွေ့ခဲ့သူများနှင့် သံသယ/စောင့်ကြည့်လူနာများအား စီမံခန့်ခွဲနိုင်ရေးအတွက် ယခုအခြေအနေအရပ်ရပ်နှင့် ကိုက်ညီသည့် နည်းဗျူဟာပိုင်းဆိုင်ရာ မွမ်းမံမှုကို ဆောင်ရွက်ရမည်ဖြစ်သည်။
• ထိုသို့ဆောင်ရွက်ရန်အတွက် လက်ရှိမြေပြင်တွင်လုပ်ငန်းဆောင်ရွက်နေသူများ၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၏ အကြံပြုချက်များကို အလေးအနက်ထား စဉ်းစားပြီး ကုသရေးဆိုင်ရာ ရှုထောင့်နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ရှုထောင့်များကို ညှိနှိုင်းချိန်ဆပြီး ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ပြောကြားပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာခဲ့သူများက -
• ရန်ကုန်တိုင်းဒေသကြီးတွင် လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများ များပြားလာလျက်ရှိနေမှုကို တင်ပြကြသည်။
• ဓာတ်ခွဲဌာနများ၏ ယခုလက်ရှိအမြင့်ဆုံးစစ်ဆေးနိုင်မှု ပမာဏကို ကျော်လွန်လုပ်ဆောင်နေရမှုနှင့် ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ရေးအတွက် RT PCR ဓာတ်ခွဲခန်းအသစ်တစ်ခု ဖွင့်လှစ်နိုင်ရန်နှင့် စက်များ စီစဉ်ဆောင်ရွက်နေမှုနှင့် စောင့်ဆိုင်းရမည့် ကြာချိန်တို့အား ရှင်းလင်းပြောကြားကြသည်။ ထို့ပြင် Mobile lab van မှာယူထားရှိမှု အခြေအနေကိုလည်း တင်ပြသည်။
• COVID-19 ပဋိပစ္စည်းစစ်ဆေးကိရိယာ နှင့် ဗိုင်းရပ်စ်၏ antigen ကို အလျင်အမြန် စစ်ဆေးသောကိရိယာ (rapid test kit) ကို အသုံးပြု၍ စစ်ဆေးနိုင်မည့် အခြေအနေကို တင်ပြပါသည်။
• ရန်ကုန်တိုင်းဒေသကြီးမှ အချို့သော ဓာတ်ခွဲနမူနာများကို မန္တလေးနှင့် မော်လမြိုင်မြို့များရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးရန်အတွက်ကိုလည်း တင်ပြသည်။
• အသွားအလာကန့်သတ်ထားရှိမှု၊ သံသယ/စောင့်ကြည့်လူနာနှင့် ဓာတ်ခွဲအတည်ပြုလူနာများ အရေအတွက် နှင့် အခြေအနေများ၊ ထူးခြားဖြစ်စဉ်များနှင့် ၎င်းတို့အားထားရှိရန် နေရာလိုအပ်ချက်များကို တင်ပြသည်။
• သံသယ/ စောင့်ကြည့်လူနာများတွင် ရောဂါလက္ခဏာ မပြင်းထန်သူများနှင့် အခြားအခံရောဂါနှင့် အန္တရာယ်ရှိနိုင်သော အခြေအနေမရှိသူများအား စနစ်တကျ စိစစ်ကာ နေရာတစ်ခုတွင် စုစည်းထားရှိရန် သို့မဟုတ် ၎င်းတို့အနက် နေအိမ်တွင် သီးခြားအခန်းဖြင့် နေထိုင်နိုင်သူများအား နေအိမ်တွင် သီးခြားထားရှိပြီး တယ်လီဖုန်းဖြင့်နေ့စဉ် ဆက်သွယ်ကာ စောင့်ကြည်မည့် အစီအစဉ်ကို အကြံပြုတင်ပြပါသည်။
• လူနာများအား ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် နေရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် အကြံပြုချက်များအပေါ် ပြန်လည်ပြောကြားရာတွင်
• ရန်ကုန်တိုင်းဒေသကြီးတွင် သံသယ/ စောင့်ကြည့်လူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာများတွင် ရောဂါလက္ခဏာ မပြင်းထန်သူများနှင့် အခြားအခံရောဂါနှင့် အန္တရာယ်ရှိနိုင်သော အခြေအနေမရှိသူများအား စီမံခန့်ခွဲရန်အတွက် ရန်ကုန်တိုင်းဒေသကြီးမှ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက ယနေ့၊ နေ့လယ်တွင် အသေးစိတ်တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ကာ အကြံပြုချက်များ တင်ပြရမည်ဖြစ်ပါသည်။
• ရန်ကုန်မြို့ပေါ်ရှိဗဟိုအဆင့်ဆေးရုံကြီးများ၊ ရန်ကုန်တိုင်းကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံကြီးများတွင် COVID-19 ရောဂါပိုးတွေ့ရှိသော လူနာများအား ဆေးရုံတက်ရောက်ကုသမှု လွယ်ကူအဆင်ပြေစေရေးအတွက် ဆေးရုံအုပ်ကြီးများအားလည်းကောင်း၊ COVID-19 ကုသရေးဌာနများအားလည်းကောင်း ကြီးကြပ်နိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား အထူးတာဝန်ပေးအပ်မည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံတွင် တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာများအနက် လတ်တလောအနံ့မရရှိခြင်း လက္ခဏာရှိသူ ရာခိုင်နှုန်းကို ဆန်းစစ်ရမည်ဖြစ်သည်။
• ဓာတ်ခွဲစစ်ဆေးမှုများပိုမိုပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာပညာရှင်များ အသေးစိတ်တိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ကာ အကြံပြုချက်များ တင်ပြရမည်ဖြစ်သည်။
• အဖွဲ့အသီးသီးမှ ဆွေးနွေးအကြံပြုချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သတင်းအချက်အလက် များကို အချင်းချင်း အချိန်နှင့် တစ်ပြေးညီ ဝေမျှရမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

Read times
Rate this item
(0 votes)