စင်ကာပူနိုင်ငံတွင် ကိုဗစ်ကာကွယ်ရေး ထိုးဆေး ဘေးထွက်ဆိုးကျိုး သက်ရောက်မှု ပြင်းထန်ခဲ့သည့် လူနာနှစ်ဦးကို
အစိုးရမှ ထောက်ပံ့ကြေး စင်ကာပူဒေါ်လာ ၂၂၅,၀၀၀ ပေးအပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားသည်။
ထောက်ပံ့ကြေး ရသူတစ်ဦးမှာ အသက် ၁၆ ရှိ ယောက်ျားလေးတစ်ဦးဖြစ်ပြီး ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးချိန်တွင် နှလုံးအခုန်ရပ်သွားခဲ့သည်။
“အလွှာ ၁ ထောက်ပံ့ကြေး ဒေါ်လာ ၂၂၅,၀၀၀ တောင်းခံတဲ့ လျှောက်လွှာ အခုအထိ စုစုပေါင်း နှစ်ခုပဲ ရှိပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။
ကာကွယ်ဆေး ထိခိုက်မှု ငွေကြေးအထောက်အပံ့ အစီအစဉ် Vaccine Injury Financial Assistance Programme (Vifap) ကို ယခုနှစ်ဆန်းပိုင်းတွင် စတင်ခဲ့သည်။ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုး ခံစားရသူများကို ထောက်ပံ့ကြေး တစ်လုံးတခဲတည်းကို တစ်ကြိမ်တည်းဖြင့် ပေးအပ်သည်။ ကာကွယ်ဆေး ထိုးခံသူတို့ စိတ်အေးလက်အေး ထိုးနှံနိုင်ကြစေရန် ရည်ရွယ်သည်။
ထောက်ပံ့ကြေး အလွှာအမျိုးမျိုး သတ်မှတ်ထားပြီး လျှောက်ထားသူများတွင် ၁၄၄ စောင်သည် သတ်မှတ်ချက် ကိုက်ညီသဖြင့် ထောက်ပံ့ကြေး ပေးအပ်ခဲ့ရာ စုစုပေါင်း စင်ကာပူဒေါ်လာ ၇၈၂,၀၀၀ ရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ မည်သူမည်ဝါတို့ ရရှိခဲ့ကြသည်ကို အသေးစိတ် ထုတ်ပြန်ခြင်း မပြုချေ။
အဆိုပါ ၁၆ နှစ်သား ယောက်ျားလေးသည် လာမည့် သီတင်းပတ်များအတွင်း ဆေးရုံမှ ဆင်းခွင့် ရရှိလိမ့်မည်ဟု ဆိုသည်။
အဆိုပါ ယောက်ျားလေးသည် Pfizer-BioNTech/Comirnaty အမှတ်တံဆိပ် ကာကွယ်ဆေးကို ထိုးနှံပြီး ခြောက်ရက်အကြာတွင် အိမ်မှာ လဲကျသွားခဲ့သည်။ ထိုသို့ မဖြစ်ခင်မှာ အလေးမ ကာယလေ့ကျင့်ခန်း ပြုခဲ့သည်။
ဘေးထွက်ဆိုကျိုး ထိခိုက်မှုများကို အလွှာသုံးမျိုးသုံးစား ခွဲခြားထားသည်။
ပထမအမျိုးအစားမှာ သေဆုံးခြင်း၊ တစ်သက်တာ မစွမ်းမသန်ဖြစ်ခြင်းတို့ ဖြစ်ပွားခဲ့လျှင် စင်ကာပူဒေါ်လာ ၂၂၅,၀၀၀ ကို တစ်ကြိမ်တည်း ရရှိမည်။
ဒုတိယအမျိုးအစားမှာ အတွင်းလူနာအဖြစ် ကုသမှု ခံယူရပြီး သူတစ်ပါး အကူအညီဖြင့် နေထိုင်ရသည့်လူနာမျိုး ဖြစ်ပြီး စင်ကာပူဒေါ်လာ ၁၀,၀၀၀ ကို တစ်ကြိမ်တည်း ရရှိမည်။
နောက်ဆုံးအမျိုးအစားမှာ ဆေးရုံတက်ရပြီး ဆေးကုသမှု ခံယူရပြီးသည့်နောက်တွင် ပြန်ကောင်းသွားသည့် လူနာမျိုး ဖြစ်ပြီး စင်ကာပူဒေါ်လာ ၂,၀၀၀ ကို တစ်ကြိမ်တည်း ရရှိမည်။
အမျိုးအစား သုံးခုစလုံးတွင် သတ်မှတ်ထားသည့် ထောက်ပံ့ကြေး ပမာဏမှာ ပုံသေဖြစ်သည်။