ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပြီး ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ ရောဂါတွေဟာလည်း အများအပြား ပေါ်ပေါက်လာနေပါတယ်။
ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ( World Health Organization: WHO ) နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရောဂါခံစားနေရသူတွေကို နှစ်သိမ့်နိုင်ဖို့နဲ့ ရောဂါတွေ ဖြစ်ပွားမှု လျော့ကျစေဖို့အတွက် အသိပညာ ပိုပေးနိုင်အောင် အထိမ်းအမှတ်နေ့တွေ ရက်သတ်မှတ် ကျင်းပလာခဲ့တာ အခုချိန်ထိပဲ ဖြစ်ပါတယ်။
အထိမ်းအမှတ်နေ့တွေ အများကြီးရှိတဲ့ထဲက လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျင်းပ ပြုလုပ်မယ့် ကျန်းမာရေးဆိုင်ရာ အထိမ်းအမှတ်နေ့တွေနဲ့ ကျင်းပရခြင်း ရည်ရွယ်ချက်တွေကို ဗဟုသုတရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာ့ကင်ဆာနေ့၊ ဖေဖော်ဝါရီလ (၄) ရက်
ကမ္ဘာ့ကင်ဆာနေ့ ( World Cancer Day ) ကို ၂၀၀၀ ပြည့်နှစ်က စတင်ပြီး နှစ်စဉ် ဖေဖေါ်ဝါရီလ (၄) ရက်နေ့တိုင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ကျင်းပကြပါတယ်။ ကင်ဆာရောဂါဆိုင်ရာ အသိပညာပေးခြင်း၊ ကင်ဆာကာကွယ်ခြင်း၊ စောစီးစွာ ရောဂါ ရှာဖွေကုသခြင်းနဲ့ ကင်ဆာရောဂါဆိုင်ရာ သုတေသနများအတွက် ပံ့ပိုးပေးနိုင်စေဖို့ မျှော်လင့်ပြီး ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။
မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အသိပညာပေးနေ့၊ ဖေဖော်ဝါရီလ (၁၀) ရက်
လိင်မှုနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အသိပညာပေးနေ့ ( Sexual and Reproductive Health Awareness Day ) ကို ၂၀၁၀ ခုနှစ်က စပြီး နှစ်စဉ် ဖေဖော်ဝါရီလ (၁၀) ရက်မှာ ကျင်းပကြပါတယ်။ လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ လိင်မှုကိစ္စဟာ အရေးကြီးတဲ့ ကဏ္ဍဖြစ်ပြီး မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်စေဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ကွန်ဒုံးနေ့၊ ဖေဖော်ဝါရီလ (၁၃) ရက်
၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဒုံးနေ့ ( International Condom Day ) ကို နှစ်တိုင်း ချစ်သူများနေ့ မတိုင်ခင် တစ်ရက်အလို ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ကျင်းပပါတယ်။ ကွန်ဒုံး အသုံးပြုခြင်းဟာ ကိုယ်ဝန်ရရှိတာကို (၉၈) ရာခိုင်နှုန်းထိ ကာကွယ်ပေးသလို လိင်ကတဆင့် ကူးဆက်နိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
တချို့နိုင်ငံတွေမှာ လိင်မှုဆိုင်ရာ ကျန်းမာရေး အသိပညာပေးရေး ရက်သတ္တပတ် ( Condom Awareness Week & Pregnancy Awareness Week ) ဆိုပြီး ဖေဖော်ဝါရီလ (၁၄) ရက်ကနေ (၂၁) ရက်နေ့အထိ ကျင်းပလေ့လည်း ရှိကြပါတယ်။
မွေးရာပါ နှလုံးချို့ယွင်းမှုနေ့၊ ဖေဖော်ဝါရီလ (၁၄) ရက်
ဖေဖော်ဝါရီလ (၁၄) ရက်နေ့ဟာ ချစ်သူများနေ့ ဖြစ်သလို မွေးရာပါ နှလုံးရောဂါ ဖြစ်သူတွေအတွက် ရည်ရွယ် ပြုလုပ်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ တစ်လလုံးနီးပါး အပြည်ပြည်ဆိုင်ရာ မွေးရာပါ နှလုံးချို့ယွင်းမှုနေ့ ( International Congenital Heart Defect Day ) ကို ကျင်းပလေ့ ရှိကြတာကြောင့် ဖေဖော်ဝါရီလကို မွေးရာပါ နှလုံးချို့ယွင်းမှု အသိပညာပေးရေးလလို့တောင် သတ်မှတ်လို့ ရပါတယ်။
Advertisement
Click Here > Asia Pacific Inspection Agency
ကလေးသူငယ် ကင်ဆာနေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်
ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ ကင်ဆာရောဂါကို ခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် ကလေးသူငယ် ကင်ဆာနေ့ ( International Childhood Cancer Day ) ကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့တိုင်းမှာ ပြုလုပ် ကျင်းပတာ ဖြစ်ပါတယ်။ ကင်ဆာရောဂါဖြစ်နေတဲ့ ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုကို နှစ်သိမ့်ပေးနိုင်စေဖို့၊ ကင်ဆာအကြောင်း အသိပညာ ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
ကမ္ဘာ့ဦးနှောက်ရောင် ရောဂါနေ့၊ ဖေဖော်ဝါရီလ (၂၂) ရက်
နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၂၂) ရက်မှာ ကမ္ဘာ့ဦးနှောက်ရောင် ရောဂါနေ့ ( World Encephalitis Day ) ကို ကျင်းပ ပြုလုပ်ပြီး ဦးနှောက်ရောင် ရောဂါအကြောင်း အသိပညာ ပေးကြပါတယ်။ ၂၀၁၄ က စတင် ကျင်းပခဲ့ပေမယ့် လုပ်ခဲ့တာ အသိပညာပေးပွဲတွေဟာ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက လူပေါင်း (၁၈၇) သန်းဆီ ရောက်တယ်လို့ ဆိုပါတယ်။
အစားအသောက် ပုံမှန်စားရေး အသိပညာပေး ရက်သတ္တပတ်၊ ဖေဖော်ဝါရီလ (၂၂) ရက်
အစားအသောက် မမှန်ခြင်းဟာ စိတ်ရောဂါဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပြီး အမျိုးသမီးတွေ အတွက်ရော အမျိုးသားတွေအတွက်ပါ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ စိတ်ခံစားမှု လွန်ကဲတာ၊ စိတ်နေသဘောထားနဲ့ စိတ်အပြောင်းအလဲ မြန်တာ စတဲ့ အချက်တွေဟာ အစားအသောက် ပုံမမှန်ခြင်းကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေပါပဲ။
ဒါကြောင့် လူတိုင်း အစားအသောက်ကို ပုံမှန်စားစေဖို့ ရည်ရွယ်ချက်နဲ့ ဖေဖော်ဝါရီလ (၂၀) ရက်ကနေ (၂၆) ရက်နေ့အထိ အစားအသောက် ပုံမှန်စားရေး အသိပညာပေး ရက်သတ္တပတ် ( Eating Disorders Awareness Week ) အဖြစ် ကျင်းပကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရှားပါးရောဂါနေ့၊ ဖေဖော်ဝါရီလ (၂၈) ရက်
ပထမဦးဆုံး ကမ္ဘာ့ရှားပါးရောဂါနေ့ ( World Rare Disease Day ) ကို ရှားပါးရောဂါများဆိုင်ရာ ဥရောပအဖွဲ့အစည်းက ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ စတင် ကျင်းပခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဖေဖော်ဝါရီ လကုန် (၂၈) ရက် သို့ (၂၉) ရက်နေ့တိုင်းမှာ ကျင်းပနေဆဲ ဖြစ်ပါတယ်။
အဖွဲ့အစည်းရဲ့ အဆိုအရ လူ (၂၀) မှာ (၁) ယောက်ဟာ ရှားပါးရောဂါ ဖြစ်ကြတယ်လို့ သိရပါတယ်။ ရှားပါးရောဂါဆိုတာ ရောဂါတစ်ခုထဲ ဖြစ်နေတာ မဟုတ်ဘဲ ရောဂါနှစ်မျိုး သုံးမျိုး ရောထွေး ဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ ဘာရောဂါလို့ နာမည်တပ်မရတာမျိုးတွေ ဖြစ်တတ်တာမျိုးပါ။ ရှားပါးရောဂါပေါင်း (၆,၀၀၀) ကျော်လောက် ရှိပါတယ်။