What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 April 2020 15:01

COVID-19 သံသယ လူနာများ၏ ဓာတ်ခွဲနမူနာများကို Polymerase Chain Reaction (PCR) နည်းပညာဖြင့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

COVID.png

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော COVID 19 သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ရှိကမ္ဘာတစ်ဝှမ်း အသုံးပြုလျှက်ရှိသော Polymerase Chain Reaction (PCR) နည်းပညာ ဖြင့် နေ့စဉ်ပိတ်ရက်မရှိ စစ်ဆေးလျှက်ရှိရာ ယခုအခါ နေ့စဉ် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀၀) မှ (၃၀၀) ခန့်အထိစစ်ဆေးပေး လျှက်ရှိပါသည်။

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် COVID 19 သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးရာတွင် COVID 19 ရောဂါပိုးရှိမရှိ PCR နည်းပညာဖြင့်စစ်ဆေးရုံ သာမက အဆိုပါသံသယ လူနာ များ၏ Clinical Pathology စစ်ဆေးမှုများ၊ ဘက်တီးရီးယား ပိုမွေးခြင်းဆိုင်ရာ လုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ရပါသည်။ PCR နည်းပညာဖြင့်စစ်ဆေးရာ တွင် အောက်ပါအတိုင်းအဆင့်ဆင့် စမ်းသပ်စစ်ဆေးရပါသည်။

 

(၁) ဓာတ်ခွဲနမူနာများရယူခြင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိဆေးရုံအသီးသီးမှ Clinical management team မှ စောင့်ကြည့်လူနာ (PUI) အဖြစ် သတ်မှတ်သော လူနာများ၊ Hospital quarantine cases များ၊ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် ထိတွေ့ခဲ့သူ (Contact) များ ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများကို တာဝန်ကျ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမှ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (PPE) အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း (SOP) အတိုင်း စနစ်တကျရယူ၍ Viral Transport Media (VTM) ဖြင့် ထည့်ပြီး သတ်မှတ် ထားသော စံလုပ်ထုံးလုပ်နည်းများအတိုင်း Laborarory Request Form နှင့်တကွ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်လျှက်ရှိပါသည်။

 

ထိုသို့ပေးပို့ရာတွင် တိုင်းဒေသကြီး/ ပြည်နယ် ခရီးအကွာအဝေးအလိုက် ခရီးကြာမြင့်ချိန် ကွားခြားမှုရှိပါသည်။ ဓာတ်ခွဲနမူနာများ ရယူခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများပို့ချပြီး လိုအပ်သော SOP နှင့် Guideline များကို ဖြန့်ဝေပြီးဖြစ်ပါသည်။

 


(၂) ဓာတ်ခွဲနမူနာများကိုလက်ခံခြင်းနှင့် စာရင်းသွင်းခြင်း

ပထမဦးစွာ တိုင်းဒေသကြီး/ပြည်နယ်များရှိဆေးရုံအသီးသီးမှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ရောက်ရှိလာသော COVID-19 သံသယ လူနာများ၏ ဓာတ်ခွဲနမူနာများ ကို လက်ခံ၍ လူနာအမည်၊ နေရပ်လိပ်စာ၊ ရောဂါလက္ခဏာများ စသည့် case investigation တွင် ပါသည့် အချက်အလက်များကို စာရင်းသွင်းပါသည်။

 


(၃) ဓာတ်ခွဲနမူနာများကို ထုတ်ယူခြင်း/ပြင်ဆင်ခြင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများမှ ထုပ်ပိုး၍ ပေးပို့လာသော ဓာတ်ခွဲနမူနာများကို စနစ်တကျ အဆင့်ဆင့်ထုတ်ယူရပါသည်။ ပထမဦးစွာ ဓာတ်ခွဲနမူနာထည့်သည့် အအေးပုံး(Sample carrier (Cold Box)) ထဲမှ ဓာတ်ခွဲနမူနာကို မထုတ်ယူမီ Sample carrier ပုံးကို 0.5% Hypochlorite solution ဖြင့် စနစ်တကျ ဆေးကြောရပါသည်။ ထိုနောက် Sample carrier ပုံးထဲမှ ဓာတ်ခွဲနမူနာထည့်ထားသော ပလပ်စတစ်ဘူးကို ထုတ်ယူ၍ ထပ်မံဆေးကြောရပါသည်။

 

ပလပ်စတစ်ဘူးကို တစ်ရှုးဖြင့် ခြောက်သွေ့အောင်သုတ်ရပါသည်။ အဆိုပါအဆင့်ဆင့်ကို Biosafety Cabinet အတွင်းတွင် စနစ်တကျပြုလုပ်ရပါသည်။ ထို့နောက် ဓာတ်ခွဲနမူနာထံမှ ribonucleic acid (RNA) ထုတ်ယူရန် အတွက် Nucleic AcidExtraction Room (၂) ခန်းမှ (၃) ခန်း အတွင်းသို့ ပို့ဆောင်ရပါသည်။ ဓာတ်ခွဲနမူနာကို Sample carrier ပုံးထဲမှ ထုတ်ယူ၍ (RNA) ထုတ်ယူရန် အဆင်သင့် ဖြစ်စေရန်အတွက် ဆောင်ရွက်ခြင်း အဆင့်သည် ဓာတ်ခွဲနမူနာ (၂၀၀) ကျော် မှ (၃၀၀) ကျော် အတွက် တစ်နေ့လျှင် (၂) ကြိမ် ပြုလုပ်ရပြီး စုစုပေါင်းကြာမြင့်ချိန် (၆) နာရီခန့်ဖြစ်ပါသည်။

 

ဓာတ်ခွဲနမူနာကို ပြင်ဆင်သူ အနေဖြင့် ပုံတွင်ပြထားသည့်အတိုင်း personal protective equipment (PPE) အပြည့်အစုံ ဝတ်ဆင်ရပါသည်။

 


(၄) ဓာတ်ခွဲနမူနာ မှ Ribonucleic Acid (RNA) ထုတ်ယူခြင်း

ဓာတ်ခွဲနမူနာများကို Centrifuge တွင် လှည့်ခြင်းနှင့် Washing ပြုလုပ်ခြင်းတို့ကို အကြိမ် များစွာပြုလုပ်၍ virus inactivation ပြုလုပ်ရပါသည်။ ထို့နောက် Inactivated ပြုလုပ်ပြီးသော ဓာတ်ခွဲ နမူနာထံမှ RNA ကို Manual Method အပြင် Automatic Extractor ဖြင့်လည်း အသုံးပြု၍ ထုတ်ယူပါသည်။ ဓာတ်ခွဲနမူနာ (၂၀၀) မှ (၃၀၀) ခန့်အတွက် စုစုပေါင်းကြာမြင့်ချိန် (၅) နာရီခန့်ဖြစ်ပါသည်။

 

(၅) Mastermix preparation ပြုလုပ်ခြင်း နှင့် Extracted RNA ကို Mastermix နှင့်ရောစပ်ခြင်း

ထုတ်ယူပြီးသော ဓာတ်ခွဲနမူနာ၏ RNA နှင့် Primer & probe ၊ Nucleotide ၊ Polymerase စသည့် enzyme များကို ရောစပ်၍ Polymerase Chain Reaction ဆောင်ရွက်ရန် အတွက် ပြင်ဆင်ခြင်း (Mastermix preparation) ကိုဆောင်ရွက်ရပါသည်။ ပြင်ဆင်ပြီးသော Mastermix ကို Extracted RNA နှင့်ထပ်မံရောစပ်ရပါသည်။ အဆိုပါအဆင့်တွင် ဓာတ်ခွဲနမူနာ (၂၀၀) မှ (၃၀၀) အထိ ကြာမြင့်ချိန် (၃) နာရီ မှ (၄) နာရီ ခန့်ဖြစ်ပါသည်။

 

(၆) COVID-19 ဗိုင်းရပ်စ်ပိုးရှိ/မရှိ Polymerase Chain Reaction (PCR) နည်းပညာဖြင့်စစ်ဆေးခြင်း

Polymerase Chain Reaction သည် ဓာတ်ခွဲနမူနာတွင် ပါဝင်သော Deoxyribonucleic acid (DNA) ကို အဆများစွာပွား၍ ဓာတ်ခွဲနမူနာ ၏ DNA နှင့် သက်ဆိုင်ရာဗိုင်းရပ်စ်ပိုး၏ DNA တို့ ကိုက်ညီမှုရှိမရှိစစ်ဆေးသော ဓာတ်ခွဲစမ်းသပ်စစ်ဆေးနည်းဖြစ်ပါသည်။ PCR စစ်ဆေးသည့် အဆင့် တွင် ဓာတ်ခွဲနမူနာ၏ RNA ကို DNA သို့ပြောင်းလဲခြင်း (Reverse Transcription) ၊ ပြောင်းလဲပြီး သော DNA ကို double stranded မှ single stranded သို့ပြောင်းလဲခြင်း (denaturing stage) ၊ single stranded DNA များကို primer ဖြင့်ပေါင်းခြင်း (Annealing stage) ၊ primer ပေါင်းပြီးသော single stranded DNA များကို Polymerase ကို အသုံးပြု၍ nucleotide များဖြင့်ပေါင်းစပ်ကာ Double Stranded DNA ဖြစ်အောင် ဆောင်ရွက်ခြင်း (Extending stage) စသည်တို့ကို (၄၅) ကြိမ်ထိ ပြုလုပ်ပါသည်။ DNA copies များ Billion copies အထိ တိုးပွားအောင် ဆောင်ရွက်နိုင်ပါ သည်။ False negative များမရှိစေရန်နှင့် COVID19 ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ (Gene) များအားလုံးကို ရှာဖွေနိုင်ရန်အတွက် Different Protocol (၂) ခု မှ (၃) ခုဖြင့်ဆောင်ရွက်ရပါသည်။

 

သက်ဆိုင်ရာ PCR စက် အမျိုးအစားပေါ်မူတည်၍ စက်တစ်လုံးလျှင် ဓာတ်ခွဲနမူနာ (၉၀) ကျော် စစ်ဆေးနိုင်ပြီး စစ်ဆေးချိန် (၁)နာရီ ခွဲခန့်အထိ ကြာမြင့်သောကြောင့် ဓာတ်ခွဲနမူနာ (၂၀၀) မှ (၃၀၀) အထိဖြစ်ပါက စက် (၂) လုံးဖြင့် (၂) ကြိမ် စစ်ဆေးရသည့်အတွက် (၃) နာရီခန့် ကြာမြင့်ပါသည်။
ထိုနောက် PCR နည်းပညာဖြင့် အဆများစွာပွားပြီးသော ဓာတ်ခွဲနမူနာ၏ DNA ကို COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးပါသည်။ သံသယလူနာ၏ ဓာတ်ခွဲနမူနာ DNA သည် COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိပါက COVID-19 ရောဂါပိုးရှိသည်ဟု သတ်မှတ်နိုင်ပါသည်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် positive control နှင့် negative control တို့ ကောင်းမွန်စွာ အဖြေမှန်ကန်မှသာ စစ်ဆေးချက်အဖြေကို အတည်ပြုသတ်မှတ်နိုင်ပါသည်။ အဆိုပါ အဆင့်၌ Positive Control နှင့် Negative Control များကောင်းမွန်စွာ အလုပ်မလုပ်လျှင် Mastermix အဆင့်မှ တဖန်ပြန်လည်စတင်ဆောင်ရွက်ရပါသည်။

 

(၇) ဓာတ်ခွဲအဖြေထုတ်ပေးခြင်း

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဖြေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန နှင့် သက်ဆိုင်ရာဆေးရုံများသို့ Code No. ဖြင့် လုံခြုံရေးအဆင့်သတ်မှတ်၍ အချိန်နှင့် တစ်ပြေးညီ ပေးပို့အကြောင်းကြားလျက်ရှိပါသည်။

 

PCR နည်းပညာသည် COVID-19 ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် လက်ရှိ ကမ္ဘာတစ်ဝှမ်း အသုံးပြုလျှက်ရှိသော နည်းပညာဖြစ်ပါသည်။ PCR နည်းပညာဖြင့် COVID-19 ဗိုင်းရပ်စ်ရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးမှုအဆင့်ဆင့်၏ စုစုပေါင်း ကြာမြင့်ချိန်သည် (၁၆) နာရီ မှ (၁၇) နာရီ ခန့်အထိဖြစ်ပါသည်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဆင့် တိုင်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေး သော ဓာတ်ခွဲဝန်ထမ်းများအနေဖြင့် ရောဂါပိုး ကူးစက်ခံရမှု မရှိစေရန်အတွက် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment - PPE) အပြည့်အစုံကို ဝတ်ဆင်၍ ဓာတ်ခွဲခန်းလုံခြုံရေးအဆင့်အရ သတ်မှတ်ထားသော Enhanced BSL-2 Laboratory ထဲတွင် ကောင်းမွန်သော ဓာတ်ခွဲခန်းကျင့်စဉ် (Good Laboratory Practice) ဖြင့် ဆောင်ရွက်ရပါသည်။

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော သံသယ COVID-19 လူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ခံ၍ COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နေ့ရောညပါ တာဝန်ကျဝန်ထမ်းများမှ (၂၄/၇) တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်

 

Image may contain: house, sky and outdoor

Image may contain: sky, cloud and outdoor

Image may contain: one or more people and people sitting

Image may contain: one or more people, people sitting and indoor

Image may contain: one or more people

Image may contain: one or more people

Image may contain: one or more people and indoor

Image may contain: one or more people and indoor

Image may contain: indoor

Image may contain: one or more people

Image may contain: one or more people and indoor

Image may contain: one or more people

Image may contain: one or more people, people sitting, screen, office and indoor

Image may contain: one or more people, people sitting, screen and office

 

Read times Last modified on Monday, 13 April 2020 15:20
Rate this item
(2 votes)