What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 May 2020 08:30

မန္တလေးရှိ ကိုဗစ် ၁၉ ရှိမရှိ စစ်ဆေးပေးမည့်ဓာတ်ခွဲခန်း စတင်အသုံးပြုမည်

တစ်နေ့လျှင် လူဦးရေ ၂၇၀ ခန့် စမ်းသပ်နိုင်မည်။
မန္တလေးမြို့တွင်စီစဉ်လျှက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး(Covid 19) ရှိမရှိ စမ်းသပ်နိုင်မည့် ဓာတ်ခွဲခန်းကို မနက်ဖြန် မေလ ၂၇ ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်ဟု မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ယနေ့ညပိုင်းတွင် ၎င်း၏လူမှုကွန်ရက်မှတဆင့် သတင်းထုတ်ပြန်သည်။
" လောလောဆယ် RT-PCR (Real Time- Polymerase Chain Reaction) စက်နှစ်ခုနဲ့ စမ်းသပ်လည်ပတ်မှာဖြစ်လို့ တစ်နေ့ကို (လူဦးရေ)၂၇၀ လောက်အထိ စမ်းသပ်နိုင်မှာပါ " ဟု ၎င်းက ပြောသည်။
အထက်မြန်မာပြည်အတွက် ကိုဗစ် ၁၉ ရောဂါ အတည်ပြုစစ်ဆေးပေးနိုင်မည့် ဓာတ်ခွဲခန်းထားရှိသော ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဆိုင်ရာဌာန-မန္တလေး (Public Health Laboratory-PHL)ကို မန္တလေးမြို့ ၃၅ လမ်း (၆၅ × ၆၆ လမ်းကြား)ရှိ FDA ရုံးအဆောက်အအုံ၌ ဆောင်ရွက်ထားသည်။
မူလအဆောက်အအုံ တိုးချဲ့ခြင်းနှင့် PHL အတွက် Influenza Center (တုတ်ကွေးဆောင်) လုပ်ဆောင်နိုင်ရန် နှစ်ထပ်ခွဲအဆောက်အအုံအသစ်ကို သုံးလအတွင်း အပြီးဆောက်လုပ်သွားရန် မြေနေရာလျာထားပြီးဟု မြို့တော်၀န်က ဆိုသည်။
မန္တလေးဓာတ်ခွဲခန်း၌ အသုံးပြုရန် ကျပ်သိန်းလေးထောင်နီးပါးတန်ဖိုးရှိ စက်ပစ္စည်းများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက မေလ ၂၃ ရက်နေ့တွင် လှူဒါန်းခဲ့ပြီး အဆိုပါစက်များ အသုံးပြုပုံကို သင်တန်းပေးလျှက် ရှိသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး(Covid 19) ရှိမရှိ အတည်ပြုနိုင်ရန်အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန-ရန်ကုန်(NHL)၊ ဆေးသုတေသနဦးစီးဌာနနှင့် အမှတ် ၂ တပ်မတော်ဆေးရုံ ကုတင် ၁၀၀၀ (နေပြည်တော်)တို့တွင် စစ်ဆေးလျှက် ရှိသည်။
ယနေ့ ည ၈ နာရီအထိ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၀၆ ဦး၊ ပိုးကင်းစင်သူ ၁၂၄ ဦးနှင့် သေဆုံးသူ ခြောက်ဦးရှိပြီဖြစ်သည်။
Photo- Ye Lwin
Source - The Voice Journal
Read times Last modified on Wednesday, 27 May 2020 08:33
Rate this item
(0 votes)