နေပြည်တော်မှဓါတ်ခွဲ အတည်ပြုလူနာတစ်ဦးနဲ့ ထိတွေထားတဲ့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေး ရဲ့ Swab အဖြေမှာ Negative လို့ ဦးဇော်ဌေး က ပြောပါတယ်။
ဒီနေ့ညနေမှာဦးဇော်ဌေးအပါအဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်၂ဦး၊ဓါတ်ပုံ သတင်းထောက် ၁ဦးစုစုပေါင်း ၄ဦး တို့ကို စစ်ဆေးရာမှာ ၄ဦးစလုံး Negative အဖြေထွက်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
အလားတူဌာန မှ ၁၁ဦးကို စစ်ဆေးရာမှာလည်း ၁၁ဦးစလုံး Negative အဖြေထွက်ကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်သူအားလုံး မနေ့ကရော ၊ ဒီကနေ့ရော စစ်ပြီး ဖြစ်ရာအားလုံး Negative ဖြစ်တယ်လို့သိရပါတယ်။
သမ္မတအိမ်တော်မှာ ကျန်တဲ့ ဌာနတွေ၊ သမ္မတရုံးက ကျန်ဌာနတွေ အလုပ်မပိတ်ဘဲ တစ်ဝက်တက်စနစ်နဲ့ ဆောင်ရွက်နေပြီးယန္တရား ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ဆိုပါတယ်။
နိုင်ငံတော်သမ္မတကြီးရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကျန်းမာရေး ကောင်းမွန်ကြောင်း၊လုပ်ငန်းတာဝန်တွေ ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း သိရပါတယ်။
သတင်း - ပိုးဥ (နေပြည်တော်ရုံးခွဲ)