What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 08:38

ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသမှုပေးရန် အမြန်ဆုံးဆောင်ရွက်သွားမည်

"ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး" အား

စက်တင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကူးစက်)၊ ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိနေသော ဗဟိုကွင်းဆင်းအဖွဲ့များ၊ ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ဗဟိုကွင်းဆင်းအဖွဲ့များ၊ ဆေးရုံများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -
• ရန်ကုန်တိုင်းဒေသကြီး၌ လက်တွေ့မြေပြင်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဩဂုတ်လ (၁၃)ရက်နေ့တွင် အဖွဲ့ဝင် (၂၂) ဦးပါဝင်သော "ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့" ကို လုပ်ငန်းစဉ် (၈) ရပ်ဖြင့် ဖွဲ့စည်းခဲ့သည်။
• ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ ကုသရေးပညာရှင်များဖြစ်သည့် ဆေးပညာ၊ အပူပိုင်းကူးစက်ရောဂါပညာ၊ မေ့ဆေးပညာနှင့် အရေးပေါ်ကုသမှုဆေးပညာ ပါမောက္ခ/ ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဓာတ်ခွဲ၊ ဝယ်ယူဖြန့်ဖြူးရေးနှင့် စီမံခန့်ခွဲမှု ကဏ္ဍတာဝန်ရှိသူများပါဝင်သဖြင့် ရှုထောင့်မျိုးစုံမှ ဝိုင်းဝန်းဆွေးနွေးကာ ဆောင်ရွက်နိုင်ရန်အတွက် ဤအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
• ကပ်ရောဂါတစ်ခုကို ထိန်းချုပ်ရာတွင် ဖြစ်ပေါ်ပြောင်းလဲလာသည့် အခြေအနေအပေါ်မူတည်ပြီး နည်းဗျူဟာများ ပြောင်းလဲရသည်ဖြစ်ရာ ယခုအချိန်၌
- COVID-19 လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ရေး၊
- COVID-19 လူနာများသေဆုံးမှုနည်းပါးစေရေးအတွက် ကုသမှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရေး၊
- အသွားအလာကန့်သတ်သည့်နေရာများ စနစ်တကျစီမံခန့်ခွဲနိုင်ရေး
ဟူသည့် အဓိကနည်းဗျူဟာ (၃) ရပ်ကို အဓိကထား ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
• လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးရှုထောင့်မှသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရှုထောင့် ပေါင်းစုံမှ ချိန်ထိုးဆောင်ရွက်လျက်ရှိသည်။
• ယခုအချိန်တွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဆောင်ရွက်၍ မရဘဲ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အချင်းချင်း နားလည်မှုရှိစွာ ချိန်သားကိုက်ညှိနှိုင်းဆောင်ရွက်ကြဖို့ အရေးကြီးသည်။
• ယခုပြန်လည်ဦးမော့လာသည့် COVID-19 ကို ထိရောက်စွာ ကိုင်တွယ်၍ ပြန်လည်ထိန်းချုပ်နိုင်ရန်မှာ သက်ဆိုင် ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဦးဆောင်ကာ ဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်းထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ကပ်ရောဂါထိန်းချုပ်မှုနှင့် ပတ်သက်သော ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များအား ဝန်ထမ်းများမှ ပံ့ပိုးပေးရမည်ဖြစ်သည်။
• အဓိကဦးတည်၍ဆောင်ရွက်ရမည့်နည်းဗျူဟာမှာ ပြည်သူများအကြား ငုတ်လျှိုးနေသည့် ရောဂါပိုးရှိသူများအား စနစ်တကျအမြန်ဆုံး ဦးစားပေးအဖြစ် ဖော်ထုတ်ကြရမည်ဖြစ်ပြီး အဆိုပါ ရောဂါရှိပြီး ငုတ်လျှိုးနေသူများအား ဖော်ထုတ်နိုင်မှု တစ်ရက်နောက်ကျလျှင်နောက်ကျသလောက် ကူးစက်ဖြစ်ပွားမှု များပြားလျင်မြန်သွားမည်ဖြစ်သည်။
• ဤကပ်ရောဂါသည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်သဖြင့် ထိန်းချုပ်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ကပ်ရောဂါမပြီးဆုံးခင်အထိ အချိန်အထိ ထိန်းချုပ်မှုလုပ်ငန်းများကို လျှော့ချခြင်း မရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ပေါ့ဆ၍ မရချေ။
• ယခုကာလ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိန်းချုပ်မှုလုပ်ငန်းကို အရှိန်အဟုန်မြှင့်ကာ တင်းကျပ်စွာ လုပ်ကိုင်လျက်ရှိပြီး ဖြစ်ပေါ်လာသော အခြေအနေအပေါ်မူတည်၍ တစ်ဆင့်ပြီးတစ်ဆင့်လျှော့ချမည်ဖြစ်သည်။
• ယခုဖြစ်ပေါ်လျက်ရှိသော ကပ်ရောဂါ၏ အတိုင်းအဆနှင့် ပျံ့နှံ့မှု ပုံသဏ္ဍာန်ပေါ်မူတည်၍ ဝန်ကြီးဌာနသည် ဆေးရုံဆင်းခွင့်သတ်မှတ်ချက်နှင့် အသွားအလာကန့်သတ်ခြင်းကာလ သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်လျက်ရှိပြီး လိုအပ်သလို အမြန်ဆုံးပြင်ဆင်ထုတ်ဝေပေးသွားမည်။
• ပုဂ္ဂလိကဆေးရုံများ၏ အခန်းကဏ္ဍသည်အရေးကြီးသဖြင့် ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသမှုပေးရန်ကိစ္စရပ်အား ဆွေးနွေးပြီးဖြစ်ရာ မူအားဖြင့် သဘောတူညီထားပြီး ဖြစ်ရာ အသေးစိတ်ညှိနှိုင်းမှုများကို အမြန်ဆုံး ဆက်လက်လုပ်ဆောင်သွားကြစေလိုသည်။
• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှလည်း တစ်ပြည်လုံးအတိုင်းအတာဖြင့် ဤရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဍာန်ကို နေ့စဉ် သုံးသပ်လျက်ရှိပြီး တွေ့ရှိချက်များပေါ်မူတည်ပြီး ဝန်ကြီးဌာနအနေဖြင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
• ယခုအချိန်တွင် ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစေရေးသည် အဓိကအရေးအကြီးဆုံးဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးပံ့ပိုးပေးလျက်ရှိပါကြောင်း၊ နေရာအဆောက်အဦ၊ ဟိုတယ်များကို နေထိုင်ခွင့်ပေးသည့် အလှူရှင်များအားလည်း ကျေးဇူးအထူးတင်ရှိပါသည်။
• ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ မိမိဆန္ဒအလျောက် သွားရောက် တာဝန်ထမ်းဆောင်နေသော တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများအားလည်း အထူးဂုဏ်ယူအသိအမှတ်ပြုပါသည်။
• ယခုအခြေအနေသည် ကူးစက်မှုဒုတိယလှိုင်း စနေသည့် အခြေအနေဖြစ်သဖြင့် ရောဂါပိုးတွေ့ရှိသူအရေအတွက်များ ဆက်လက်မြင့်မားနိုင်မည်။
• ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်ဖြစ်ပွားသူများ ရုတ်တရက်များပြားလာကာ၊ အသွားအလာကန့်သတ်ထားရသူများလည်း များပြားလာသည်ဖြစ်ရာ အသွားအလာကန့်သတ်ရာနေရာအချို့တွင် အစဦးကာလ၌ အဆင်မပြေမှုများရှိခဲ့သည်ကို သိရှိရသည်။ ထို့သို့အဆင်မပြေမှုများကို နားလည်သည်းခံစေလိုပါသည်။ ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားလျက်ရှိသည်။
• အဓိကပြောကြားလိုသည်မှာ ပြည်သူ့တစ်ဦးတစ်ယောက်ချင်းစီ တာဝန်သိစွာဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်ပါက ဒုတိယလှိုင်း၏ ဖြစ်ပွားမှု ပမာဏနှင့် အရှိန်ကို လျော့ချနိုင်ပြီး မကြာခင် ထိန်းချုပ်နိုင်မည်ဟု ယူဆပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် -
• ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးဌာန (လှိုင်)၊ COVID-19 ကုသရေးဌာန (သုဝဏ္ဏ) နှင့် COVID-19 ကုသရေးဌာန (ဒဂုံဆပ်ကမ်း) တို့အား ပြင်ဆင်ဖွင့်လှစ်ဆောင်ရွက်နေမှုများကို တင်ပြခြင်း၊
• အဆိုပါ COVID-19 ကုသရေးဌာနများတွင် ရောဂါလက္ခဏာ မရှိသူ၊ သာမာန်ရောဂါလက္ခဏာသူများ ကိုထားရှိရန် အဆိုပြုခြင်းနှင့် အရေးပေါ်လူနာများအား အရေးပေါ်ကုသမှုပေးရန် high dependency unit များ၊ အသက်ရှူစက် (ventilator) များထားရှိမှု၊ လူနာတင်ယာဉ်များထားရှိမှု အခြေအနေများအား တင်ပြခြင်း၊
• COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအား ရောဂါလက္ခဏာ မရှိသူ၊ သာမာန်ရောဂါလက္ခဏာသူ၊ ရောဂါပြင်းထန်နိုင်ချေရှိသူနှင့် ရောဂါလက္ခဏာပြင်းထန်သူဟူ၍ အမျိုးအစားခွဲခြားသတ်မှတ်ရန်နှင့် အမျိုးအစားအလိုက် သတ်မှတ် COVID-19 ကုသရေးဌာနသို့ ပို့ဆောင်ကုသမှုပေးရန် ဆွေးနွေးခြင်း၊
• ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Videoconferencing စနစ်ဖြင့် နေ့စဉ်ဆက်သွယ်ကာ ဆွေးနွေးမှုများ ဆောင်ရွက်နေမှုကို တင်ပြခြင်း၊
• ကျန်းမာရေးဝန်ထမ်းများ လူနာများအားကိုင်တွယ်ကုသပေးပြီးနောက် ရောဂါကူးစက်ခံရနိုင်ချေရှိသည့် အတွက် နေအိမ်သို့မပြန်လိုဘဲ သီးခြားနေထိုင်နိုင်ရန်၊ စားသောက်ရန်နှင့် ဆေးရုံနှင့်အဆောင် ကြိုပို့ရန် ဆောင်ရွက်နေမှုများအားတင်ပြခြင်း၊
• ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများအား တင်ပြခြင်း၊
• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများ ရောဂါကူးစက်မှုမရှိစေရေးအတွက် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊
• ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့မှုနှင့် ပုဂ္ဂလိကဆေးရုံများမှ COVID-19 လူနာများအား လက်ခံကုသခွင့်ပြုရန် အဆိုပြုမှုအား တင်ပြခြင်း၊
• ဆေးတက္ကသိုလ် (၁) မှ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား/သူများက အသွားအလာကန့်သတ်ရာ နေရာများတွင် စေတနာ့ဝန်ထမ်း အဖြစ်လုပ်ကိုင်ဆောင်ရွက်နေမှုများအား တင်ပြခြင်း၊
• COVID-19 ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအနက် သေဆုံးလူနာများ၏ ရောဂါဖြစ်စဉ်၊ ရောဂါလက္ခဏာများနှင့် သေဆုံးရသည့်အကြောင်းအရင်းများအား သုံးသပ်ဆန်းစစ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် တွေ့ရှိချက်များကို အသိပေးမျှဝေခြင်း၊
• ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ နိုင်ငံတကာတွေ့ရှိချက်များ၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခြင်း၊
• ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ခွဲနမူနာများအား ဓာတ်ခွဲနမူနာစုဆောင်းသည့် ဌာနအဖြစ် နေရာတစ်ခုသတ်မှတ်ကာ စုဆောင်းရယူရန် အဆိုပြုခြင်း တို့ကိုလုပ်ဆောင်ခဲ့ပါသည်။
အစည်းအဝေး၌ -
• အသွားအလာကန့်သတ်ခြင်း သတ်မှတ်ချက်များ၊ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များနှင့် ဓာတ်ခွဲ စစ်ဆေးမှုဆိုင်ရာ သတ်မှတ်ချက်များကို ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့် ရရှိသော အရင်းအမြစ်များနှင့် ကိုက်ညီစွာ မွမ်းမံပြင်ဆင်ရန်အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာ ပညာရှင်များ သီးခြားဆွေးနွေးမှုများပြုလုပ်ပြီး မွမ်းမံရေးဆွဲရန်၊
• ကျန်းမာရေးဝန်ထမ်းများ လူနာများအားကိုင်တွယ်ကုသပေးပြီးနောက် ရောဂါကူးစက်ခံရနိုင်ချေရှိသည့် အတွက် နေအိမ်သို့မပြန်လိုဘဲ သီးခြားနေထိုင်နိုင်ရန်၊ စားသောက်ရန်နှင့် ဆေးရုံနှင့်အဆောင် ကြိုပို့ရန် ဆောင်ရွက်နေမှုများအား ဦးစားပေးဆောင်ရွက်ရန်၊
• COVID-19 လူနာနှင့်ထိတွေ့ခဲ့သူများ နှင့် စောင့်ကြည့်လူနာများအား ဓာတ်ခွဲစစ်ဆေးပြီးနောက် ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာ COVID-19 ကုသရေးဌာနသို့ ရောဂါပြင်းထန်နိုင်ချေရှိမှု အခြေအနေအလိုက် စနစ်တကျလွှဲပြောင်းနိုင်ရေးအတွက် လုပ်ငန့်အဆင့်ဆင့်လမ်းညွှန် (flow chart) များ ရေးဆွဲဖြန့်ဝေထားရန်၊
• အသွားအလာကန့်သတ်ရာနေရာများတွင် အသွားအလာကန့်သတ်ထားသူများ၏ အချက်အလက်၊ စာရင်းဇယားများကို ကွန်ပြူတာစနစ်ဖြင့် ဖြည့်စွက်ထားရှိရန်၊
• ဆေးတက္ကသိုလ်များရှိ ဓာတ်ခွဲခန်းများတွင် PCR စက်များ ထပ်မံတပ်ဆင်ကာ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ရန်၊
• အသွားအလာကန့်သတ်ခြင်းခံရသူ (သို့မဟုတ်) ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများကို သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ ပံ့ပိုးမှုများ ဆောင်ရွက်ရန် တို့ကိုဆုံးဖြတ်ခဲ့ပါသည်။
ယနေ့၊ နံနက်ပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနမှ အရာရှိကြီးများသည် Videoconferencing စနစ်အသုံးပြုကာ-
• လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားကူးစက်မှုအခြေအနေနှင့် သေဆုံးမှုအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊
• လက်ရှိချမှတ်ကျင့်သုံးနေသော အသွားအလာကန့်သတ်ခြင်းကာလနှင့် နေရာသတ်မှတ်ချက်များ၊ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များ၊ ဓာတ်ခွဲစစ်ဆေးမှု ဆိုင်ရာ သတ်မှတ်ချက်များ နှင့် ပတ်သက်၍ ပြန်လည်လေ့လာသုံးသပ်ပြီး၊ လက်တွေ့မြေပြင်အခြေအနေနှင့်ကိုက်ညီသော ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကို ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ ပါသည်။

 

Read times
Rate this item
(0 votes)