What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 October 2020 12:12

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးအတုတွေ စုံစမ်းဖော်ထုတ်ဖို့ ကျန်းမာရေးဌာန ညွန်ကြား

တရုတ်နိုင်ငံထုတ် တရားမဝင် ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေ မြန်မာနိုင်ငံ ဈေးကွက်ထဲ ရောက်မလာအောင် စောင့်ကြည့်စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေတဲ့ အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ဆက်ထားပါတယ်။

 

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ရောင်းချတဲ့ ကြော်ငြာတွေ လူမှုကွန်ရက် နဲ့ ပြင်ပဆေးဆိုင်တွေမှာ အခုတလော ပျံ့နှံ့လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဈေးကွက်ထဲ ရောက်မလာအောင် ကာကွယ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ဝန်ကြီးဌာနက တိုင်းနဲ့ပြည်နယ်တွေကို ညွှန်ကြားလိုက်တာပါ။

 

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အာမခံချက်မပါတဲ့အတွက် တရားဝင်မှု မရှိတာကြောင့် မြန်မာနိုင်ငံ ဈေးကွက်ထဲ ရောက်လာမယ့် အန္တရာယ်ကို သတိထားဖို့လိုတဲ့အကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ပြောခွင့်ရသူတဦးဖြစ်သူ စစ်ကိုင်းတိုင်း တိုင်းဦးစီးမှူး ဒေါက်တာထွန်းလင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

 

“အဓိက အဲဒါတရားမဝင်ဘူး၊ တရားမဝင်အဖြစ်ပဲ ကျနော်တို့ သတ်မှတ်ထားတယ်၊ WHO မှ ဒီဟာကို လက်မခံသေးတာ။ တကယ် ဒီဆေးက လက်ခံနိုင်တဲ့ အတိုင်းအတာ ရှိတယ်ဆိုရင်ဗျာ တရားဝင် WHO မှာ သူတို့ အစစ်ဆေးခံပြီးတော့မှ ဥပမာ တိရိစ္တာန်မှာ စမ်းရင် အောင်တာတွေ့တယ်၊ နောက်တခုက volunteer နဲ့အရင်စစ်တယ်၊ စစ်ပြီးတော့မှ တကယ့်လူနာတွေနဲ့ စမ်းကြည့်တယ်ပေါ့၊

 

အဲဒီလို အဆင့်ဆင့်တွေ trial လုပ်ကြည့်လို့ အိုကေတယ်ဆိုမှ WHO ကလည်း ခွင့်ပြုမှာလေ။ အဲဒီလိုခွင့်ပြုပြီဆိုမှ ဒီဆေးက တကယ်ကို successful ဖြစ်တယ်၊ တကယ်လည်း apply ဖြစ်တယ် သုံးလို့ရတယ်ဆိုတဲ့ အနေအထားမျိုးကို သူတို့ announce ( ကြေညာ) လိမ့်မယ်၊ အဲဒီအခါကျမှ ကျနော်တို့က သုံးရဲမှာလေ။ အခုကျတော့ ကျနော်တို့လိုနိုင်ငံကို ငယ်နိုင်ပေါ့ဗျာ အဲဒီသဘောတရားနဲ့ လာပြီးအဲလိုလုပ်လို့တော့ မရဘူးထင်တယ် ကျနော်တော့။”

 

ဈေးကွက်ထဲမှာ ပျံ့နှံ့နေတာ ရှိမရှိ စုံစမ်းပေးဖို့ ပြည်နယ်နဲ့တိုင်း အားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကြောင်းကြားထားပြီး စစ်ကိုင်းတိုင်းကတော့ မနက်ဖြန် စစ်ဆေးရေးစလုပ်မှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲရောက်နေတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ရောဂါ ကာကွယ်ဆေးတမျိုးရဲ့ တန်ဖိုးဟာ ပျမ်းမျှ တရုတ်ယွမ်ငွေ ၆၀၀ ဝန်းကျင် မြန်မာငွေနဲ့ဆို ၁သိန်းကျော် ရှိပါတယ်။

 

အမေရိကန် အပါအဝင် နိုင်ငံကြီး တော်တော်များများမှာ လူနဲ့စမ်းသပ်တဲ့အထိ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ဖို့ကြိုးစားနေကြပေမဲ့ စမ်းသပ်မှုတွေ နောက်ဆုံးအဆင့်ကို မရောက်သေးဘူးလို့ ဒေါက်တာထွန်းလင်းအောင်က ဆက်ပြောပါတယ်။

 

“ တရုတ်ကထုတ်တဲ့ဆေးသည် WHO ကလည်း အသိအမှတ်မပြုထားသေးသလို ကျန်တဲ့ ရုရှားတို့၊ ကိုရီးယားတို့၊ အိန္ဒိယတို့ ထုတ်နေကြတယ်၊ သူတို့လည်း research မှာက phase 3 အဆင့်လောက်ပဲ ရှိသေးတယ် phase 4 မရောက်သေးဘူး၊ စမ်းသပ်ဆဲကာလ ဖြစ်တဲ့အတွက်ကြောင့်မို့ ဘယ်နိုင်ငံမှ အခုအချိန်ထိကတော့ အောင်မြင်တဲ့ ကာကွယ်ဆေး မထုတ်နိုင်သေးဘူး။”

 

စက်တင်ဘာ ၂၆ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ သဘာပတိအနေနဲ့ ကျင်းပခဲ့တဲ့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူပေါင်းဆောင်ရွက်ရေး အဆင့်မြင့်အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လည်းအွန်လိုင်းကနေ တက်ရောက်ခဲ့ပါတယ်။

 

ဒီအစည်းအဝေးမှာ ကမ္ဘာ့ပြည်သူတွေ အသုံးပြုနိုင်မယ့် ကာကွယ်ဆေးအဖြစ် ဖြန့်ဝေပေးဖို့ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ ဒီဆေးကို ဈေးသက်သက်သာသာနဲ့ စောစောစီးစီးရဖို့အတွက် တရုတ်နိုင်ငံကို မေတ္တာရပ်ခံထားပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ ကိုဗစ်ကာကွယ်ဆေး အစောဆုံး ထောက်ပံ့ပေးဖို့ ဆန္ဒရှိကြောင်းလည်း ပြောဆိုထားပါတယ်။

 

Burmese VOA News

Read times
Rate this item
(0 votes)