What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 15 January 2021 10:27

အစိုးရအဖွဲ့ ဦးဆောင်သည့် ‘Stop COVID-19 Yellow Campaign’ လှုပ်ရှားမှုတွင် ကမ္ဘောဇဘဏ် ပူးပေါင်းပါဝင်

မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်သော ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဖြတ်တောက်သွားနိုင်ရေး ကြိုးပမ်းမှုဖြစ်သည့် ‘Stop COVID-19 Yellow Campaign’ အဝါရောင်လူထု အသိပညာပေး အစီအစဉ်တွင် ပါဝင်ကူညီ ပံ့ပိုးသွားမည် ဖြစ်ပါသည်။

 

အဆိုပါ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ နှာခေါင်းစည်းတပ်ဆင်ရန်၊ ပုံမှန် လက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် စသည်တို့ကို ပြည်သူများ ပိုမို သတိပြု လိုက်နာလာစေရေး အရှိန်မြှင့်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ အဝါရောင် လူထုအသိပညာပေးမှုဖြစ်သည့် ‘Stop COVID-19 Yellow Campaign’ လှုပ်ရှားမှု အစီအစဉ်ကို New Normal ၊ New Living ၊ New Yangon ဆောင်ပုဒ်နှင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့ပါသည်။ အဝါရောင်ကို အသုံးပြုရခြင်းမှာ ထင်သာမြင်သာရှိပြီး အများပြည်သူအနေဖြင့် ပိုစတာများကို သတိထားဖတ်မိစေရန် တိုက်တွန်းနိုင်သောကြောင့် ဖြစ်ပါသည်။

 

 

Image_4_Credit_to_KBZ_Bank.JPG

 

အဝါရောင် ပိုစတာများကို လူသွားလူလာများသည့် ဘတ်စ်ကားမှတ်တိုင်များ၊ အကြို၊ အပို့ ပြုလုပ်သည့် ဂိတ်ပေါက်များ၊ ဆေးရုံများ၊ ဟိုတယ်များနှင့် ဘဏ်ခွဲများတွင် ထားရှိခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်အရ ကမ္ဘောဇဘဏ်က customers များအား ကိုဗစ်-၁၉ ကပ်ရောဂါဘေးအန္တရာယ်မှ ကာကွယ်နိုင်မည့် အမူအကျင့်များကို လိုက်နာလာကြစေရန် တိုက်တွန်းအားပေးသောအနေဖြင့် ရန်ကုန်မြို့ရှိ ဘဏ်ခွဲများတွင် ပိုစတာများ ထားရှိခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

 

‘Stop COVID-19 Yellow Campaign’ အသိပညာပေးနှိုးဆော်ချက်ကို SMS နှင့် အက်ပလီကေးရှင်းမှတစ်ဆင့် အသိပေးချက် ပေးပို့သည့် လုပ်ဆောင်ချက်ကို အသုံးပြု၍ KBZPay အသုံးပြုသူပေါင်း (၇.၅) သန်းနှင့် ကမ္ဘောဇ mBanking အသုံးပြုသူပေါင်း (၇၈၀,၀၀၀) ထံသို့လည်းကောင်း၊ နေ့စဉ် customer ပေါင်း (၇၅,၀၀၀) ခန့် အသုံးပြုနေသည့် ကမ္ဘောဇဘဏ်၏ ATM စက်များမှ လည်းကောင်း၊ အသိပညာပေး အချက်အလက်များ ပေးပို့မည် ဖြစ်ပါသည်။ အသိပညာပေး အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်များနှင့် ပတ်သက်သည့် နောက်ဆုံးရ လေ့လာတွေ့ရှိချက်များကိုလည်း ကမ္ဘောဇဘဏ်၏ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဖော်ပြပေးမည် ဖြစ်ပါသည်။

 

Image_1_Credit_to_KBZ_Bank.JPG

 

ရန်ကုန်မြို့၊ ကမ္ဘောဇဘဏ်၊ ကမာရွတ်ဘဏ်ခွဲ (၁) ၌ ယနေ့နံနက် ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများက ဘဏ်ခွဲဝင်ပေါက်တွင် ပိုစတာများ ထားရှိပေးခဲ့ပြီး ပြည်သူလူထုအား နှာခေါင်းစည်းတပ်ဆင်ရန်၊ ပုံမှန် လက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် တိုက်တွန်းသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကမ္ဘောဇဘဏ် အဖွဲ့သားများ ပြင်ဆင်ထားရှိသည့် စက်ခလုပ်ကို နှိပ်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ KBZPay နှင့် ကမ္ဘောဇဘဏ် ဝန်ဆောင်မှု အသုံးပြုသူများထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်များ ပါဝင်သည့် အသိပေးကြေညာချက်တစ်ခုကို ပေးပို့ခဲ့သည်။

 

“ဒီ ‘Stop COVID-19 Yellow Campaign’ လှုပ်ရှားမှုက ကျွန်တော်တို့ နေထိုင်နေရတဲ့ ‘new normal’ ကာလမှာ ပြည်သူတွေအနေနဲ့ ရောဂါပိုး ကူးစက်မခံရအောင် ကာကွယ်ဖို့၊ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်တွေကို အမြဲမပြတ် လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းအားပေးတဲ့အနေနဲ့ ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ ပြည်သူတွေပါ ပူးပေါင်းပါဝင်လာကြဖို့ ဖြစ်ပါတယ်။

 

ဒါမှ ကျွန်တော်တို့တွေ အားလုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ပြီး စီးပွားရေးတွေလည်း ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်မယ်ဆိုရင် ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်နေတဲ့ကြားက ရှေ့ဆက်လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး၊ ဒုတိယညွန်ကြားရေးမှူးချူပ် ဒေါက်တာထွန်းမြင့် က ပြောကြားသည်။ကမ္ဘောဇဘဏ်၏ Value Center General Manager ဖြစ်သူ ဦးစိုးကိုကို က “ကိုဗစ်-၁၉ ကို တိုက်ထုတ်ပစ်ဖို့ဆိုရင် ကျွန်တော်တို့ အားလုံးရဲ့ စုပေါင်းအင်အား လိုပါတယ်။

 

ကမ္ဘောဇဘဏ်အနေနဲ့ အခုလို ‘Stop COVID-19 Yellow Campaign’ လှုပ်ရှားမှုမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးခွင့်ရတဲ့အတွက် တစ်ကယ့်ကို ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကနေ သန်းပေါင်းများစွာသော customer တွေနဲ့ လူအများကို ကိုယ်ကိုယ်တိုင်နဲ့ အခြားသူတွေကို ရောဂါကူးစက်ခြင်းကနေ ကာကွယ်နိုင်အောင် အမြဲမပြတ် သတိရှိနေဖို့ တိုက်တွန်းနှိုးဆော်သွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကပင် ကမ္ဘောဇဘဏ်သည် ၎င်း၏ customer များနှင့် ဝန်ထမ်းများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ချမှတ်လုပ်ဆောင်ခဲ့ပါသည်။

 

ကမ္ဘောဇဘဏ်သည် customers များ နေ့စဉ် လိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် ဘဏ်ခွဲတိုင်းတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များအား စနစ်တကျ စီမံဆောင်ရွက်ခဲ့ပါသည်။ Customer အများစုမှာ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ကို မြန်မြန်ဆန်ဆန် ကူးပြောင်းနိုင်ခဲ့သော်လည်း ဘဏ်ခွဲများတွင် ပေးအပ်သော ဝန်ဆောင်မှုအပေါ် မှီခိုနေရတဲ့သူများလည်း ရှိနေပါသည်။

 

အထက်ပါအချက်နှင့်အတူ နိုင်ငံ၏ စီးပွားရေးကဏ္ဍ အဆင်ပြေပြေ လည်ပတ်နိုင်ရေးအတွက် ဘဏ်ခွဲများ၏ အရေးပါပုံကို ထည့်သွင်းစဉ်းစားပြီး တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်များကို ပုံစံအမျိုးမျိုးဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်များမှာ - Customer များနှင့် လူကိုယ်တိုင်တွေ့ဆုံဝန်ဆောင်မှု ပေးနေသော ဝန်ထမ်းများနှင့် ငွေသား ကိုင်တွယ်ရသည့် ဝန်ထမ်းများအတွက် တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်း (PPE) အပါအဝင် နှာခေါင်းစည်း၊ face shields ၊ လက်အိတ်နှင့် လက်သန့်ဆေးရည်များ အလုံအလောက် ဖြန့်ဝေထားခြင်း၊ ဝန်ထမ်းများ၏ နေ့စဉ် ကျန်းမာရေးအခြေအနေကို သတင်းပို့နိုင်ရန် ကျန်းမာရေးရာ ကြည့်ရှုစောင့်ရှောက်သည့် အွန်လိုင်းမှ သတင်းပို့စနစ်တစ်ခုကို စတင် အသုံးပြုခြင်း၊ 

 

နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲအားလုံးတွင် ခန္ဓာကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးနိုင်သည့် နေရာများ ထားရှိပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ပိုစတာများ ထားရှိပေးခြင်း၊ ဘဏ်ခွဲများအတွင်း မကြာခဏ ထိတွေ့နေရသည့် မျက်နှာပြင်များကို ပိုးသတ်၊ သန့်ရှင်းသော အကြိမ်ရေကို တိုးမြှင့် ဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်းများ အားလုံးအတွက် ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရန် webinars များကိုလည်း မကြာခဏ ပြုလုပ်ပေးခဲ့ပါသည်။ ဝန်ထမ်းတိုင်း၏ လုပ်ငန်းစွမ်းရည် တိုးတက်မှု စစ်ဆေးသည့် လုပ်ငန်းစဉ်တွင်လည်း ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး အွန်လိုင်းမှတစ်ဆင့် လေ့လာနိုင်ရန်၊ အွန်လိုင်းစာမေးပွဲများ မဖြစ်မနေ ပါဝင်ဖြေဆိုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။

 

“ကျွန်တော်တို့ ဘဏ်အနေနဲ့ ၂၀၂၀ ခုနှစ်၊ မတ်လ အစပိုင်းကတည်းက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြင်ဆင်မှုတွေ စတင်ခဲ့တာပါ။ ကူးစက်ရောဂါ ပျံ့နှံ့မှုကလည်း တဖြည်းဖြည်း တိုးပွားလာနေတဲ့အတွက် ကျွန်တော်တို့ customers ဝန်ထမ်းတွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး ဒီလုပ်ငန်းစဉ်တွေကို တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ အနည်းဆုံး ဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ mobile banking နဲ့ KBZPay အက်ပလီကေးရှင်းတွေကို အသုံးပြုကြပါလို့ အင်တိုက်အားတိုက် တိုက်တွန်းနေပေမဲ့လည်း ဒီဝန်ဆောင်မှုတွေကို လူတိုင်း ရယူအသုံးမပြုနိုင်သေး တဲ့အတွက်၊ တချို့ customer တွေအနေနဲ့ ဘဏ်ခွဲရှိတဲ့ နေရာကို သွားဖို့လိုအပ်နေဆဲဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ထားပါတယ်" ဟု ဦးစိုးကိုကို က ထပ်မံပြောကြားသည်။

 

ကိုဗစ်-၁၉ သည် မြန်မာနိုင်ငံက ပြည်သူများ၏ ဘဏ်ဝန်ဆောင်မှု ရယူသည့်ပုံစံ၊ ဈေးဝယ်၊ ငွေချေသည့် ပုံစံများ အားလုံးကို ဒစ်ဂျစ်တယ် စီးပွားရေးစနစ်တစ်ခုအဖြစ် အရှိန်အဟုန်ဖြင့် အသွင်ကူးပြောင်းပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ကမ္ဘောဇဘဏ် အနေဖြင့် ဤပြောင်းလဲမှုကို လက်ခံကြိုဆိုပြီး customer များအား ATMs ၊ KBZPay မိုဘိုင်းပိုက်ဆံအိတ်၊ KBZ iBanking နှင့် mBanking အစရှိသော တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု လုံးဝ မရှိသည့် ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများကို ပြောင်းလဲအသုံးပြုကြရန် တိုက်တွန်းခဲ့ပါသည်။ အဆိုပါဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဘဏ်ခွဲတစ်ခုသို့ သွားစရာ မလိုတော့ဘဲ မိမိတို့၏ ငွေကြေးများကို ဘေးကင်းလုံခြုံမှုရှိစွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။

 

ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲတစ်ခုသို့ သွားရောက်ရန် လိုအပ်လာပါကလည်း အောက်ပါ ကာကွယ်ရေးအစီအစဉ်များကို customer တိုင်း မဖြစ်မနေ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့မှု ရှိ၊ မရှိ ရာဇဝင်ကို သိရှိနိုင်ရန် ကိုယ်ရေးအချက်အလက် မျှဝေရန်

ဘဏ်ခွဲအတွင်းသို့ မဝင်ခင် ဘေစင်တွင် လက်ဆေးရန် သို့မဟုတ် လက်သန့်ဆေးရည် အသုံးပြုရန်

နှာခေါင်းစည်းနှင့် face shield တပ်ဆင်ထားရန်

တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး ညွှန်ကြားထားသည့်အတိုင်း customer များအနေဖြင့် အချိန်တိုင်း (၃) ပေမှ (၆) ပေအတွင်း ခွာနေရန်

ဘဏ်ခွဲအတွင်း တစ်ချိန်တည်းတွင် customer (၁၅) ဦးအထိ အများဆုံး ဝန်ဆောင်မှုပေးရန် သတ်မှတ်ထားသည့်အတွက် တိုကင်ယူပြီး အပြင်မှာ စောင့်ဆိုင်းပေးရန်

 

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ကမ္ဘောဇဘဏ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘဏ်ခွဲပေါင်း (၁၂၂) ဘဏ်ကို ဆက်လက် ဖွင့်လှစ် ဝန်ဆောင်ပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားဘဏ်ခွဲများအားလည်း ပုံမှန်အတိုင်း ဆက်လက် လည်ပတ်လျက်ရှိပါသည်။ အဆိုပါ ဘဏ်ခွဲများကို ပုံမှန်ဘဏ်လုပ်ငန်းချိန်အတိုင်း တနင်္လာနေ့မှ သောကြာနေ့၊ နံနက် (၉:၃၀) နာရီမှ နေ့လယ် (၃) နာရီ အတွင်း ဆက်လက်ဖွင့်လှစ် ဝန်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

 

ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို customer များ ဝင်ရောက်ကြည့်ရှုနိုင်ရန် ကမ္ဘောဇဘဏ် ဝက်ဘ်ဆိုက် www.kbzbank.com/en/covid-19-newsletter-english/ တွင် အချိန်နှင့်တပြေးညီ ဖော်ပြပေးလျက် ရှိပါသည်။ ထပ်မံပြီး customer များအနေဖြင့် အကူအညီ လိုအပ်သည့်အခါ ဖုန်းနံပါတ် - ၀၉၉၅၁၀၁၈၅၅၅ သို့မဟုတ် အီးမေးလ် - This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်နိုင်ပါသည်။

 

ကမ္ဘောဇဘဏ် အကြောင်း

ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း(၅၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင်ဘဏ် ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံ၏ လူမှု ဘဝ အရည်အသွေးကို ဘဏ်လုပ်ငန်းမှတစ်ဆင့် တိုးမြှင့်ရန်ဟူ၍ ဖြစ်သည်။

 

ကမ္ဘောဇဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံ၏ retail နှင့် commercial ဘဏ်လုပ်ငန်းတွင် ဈေးကွက်၏ ၄၀% ကို ရယူထားပါသည်။ ကမ္ဘောဇဘဏ်သည် တီထွင်ဆန်းသစ်မှုဆိုင်ရာ အခွင့်အလမ်းများ၊ မြန်မာပြည်သူ လူထု၏ လိုအပ်ချက်နှင့် နိုင်ငံ၏ တမူထူးခြားသည့် စီးပွားရေးပုံစံ အခင်းအကျင်းကို ကောင်းစွာ သဘောပေါက် နားလည်သည့်အားလျော်စွာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍကို၊ အထူးသဖြင့် ဒစ်ဂျစ်တယ်နှင့် နည်းပညာ ကဏ္ဍများတွင် ရှေ့ပြေးဦးဆောင်လျက်ရှိပါ သည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပိုမိုလွတ်လပ်ကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် စိတ်လှုပ်ရှားဖွယ်ရာအခွင့်အလမ်းများ ရှိလာမည့်အတွက် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ အရှိန်အဟုန်နှင့် တိုးတက်ဖြစ်ထွန်းနေသည့်မြို့ကြီးများ၊ စွန့်ဦးတီထွင်သူများ၊ ဒေသတွင်း လူမှု အသိုက်အဝန်းများကို အရေးပါ၍ အချက်အချာကျသည့် ပေါင်းကူးတံတားအဖြစ် ပံ့ပိုးပေးလျက် ရှိပါသည်။

Read times Last modified on Friday, 15 January 2021 10:36
Rate this item
(0 votes)