What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 August 2021 16:35

‘Virus Shut Out’ လည်ဆွဲက ကိုဗစ်ကို ကာကွယ်မပေးနိုင်ပါ

‘Virus Shut Out’ လည်ဆွဲက ကိုဗစ်ကို ကာကွယ်မပေးနိုင်ပါ

Covid-19 ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးကြရတဲ့သူတွေ များလာတာနဲ့အမျှ ကုသနည်းတွေလည်း ပိုစုံလင်လာတယ်။ အကာအကွယ်အတွက် ဆေးတွေ၊ ဆေးပစ္စည်းတွေ၊ ထုတ်ကုန်အမျိုးမျိုး ဈေးကွက်ထဲ ရောက်လာတယ်။ ကိုဗစ်ကို အနည်းနဲ့အများ ကာကွယ်ပေးပါတယ်ဆိုတဲ့ လိမ်တာညာတာတွေနဲ့ ရောင်းချတဲ့ပစ္စည်းတွေလည်း ပါလာတယ်။ အုတ်အရောရော ကျောက်အရောရော ဖြစ်နေတဲ့အထဲမှာ ကမ္ဘာတစ်လွှား ဖြန့်ချိရောင်းချတဲ့ ‘Virus Shut Out’ လည်ဆွဲဆိုတာလည်း ပါတယ်။ အတော်လည်း ရေပန်းစားတယ်။ လူသုံးများတယ်။

Youtube, Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာတွေမှာ၊ ဈေးရောင်းဝဘ်ဆိုက်တွေမှာ ‘Virus Shut Out’ လည်ဆွဲကို ရောင်းချကြတယ်။ Amazon ဝဘ်ဆိုက်မှာလည်း ရောင်းတယ်။
Youtube ဗီဒီယိုတစ်ခုမှာ အတုအပ သတိပြုဖို့ကိုတောင် သတိပေးထားတယ်။ သူပြသတဲ့ ဆေးပစ္စည်းကို 100% Original Virus Shut Out လို့ဆိုထားတယ်။ ကပ်ရောဂါ ဗိုင်းရပ်ကို ကာကွယ်ပေးတယ်လို့ တင်ပြသွားပေမဲ့ ဆေဘက်ဆိုင်ရာအာဏာပိုင်တွေထံမှ ထောက်ခံချက် အတည်ပြုချက် ဘာတစ်ခုမှ မပြသနိုင်ဘူး။

Virus Shut Out လေပိုးသတ်ကတ် ဆိုပြီး ရောင်းတာမှာ လည်ဆွဲရဲ့ တစ်မီတာပတ်လည်ကို ဗိုင်းရပ်စ်ရောက်မလာအောင် တားပေးထားတယ်လို့ ဆိုတယ်။ ရုပ်ပိုင်းဆိုင်ရာ ပိုးသတ်အား အားကောင်းတယ်လို့ ဆိုတယ်။
ကတ်ကို တတ်ကျွမ်းသူတွေ စစ်ဆေးစမ်းသပ်ကြည့်တဲ့အခါ ကလိုရင်းဒိုင်အောက်ဆိုဒ် chlorine dioxide ကို သုံးထားကြောင်း တွေ့ရတယ်။ လည်ဆွဲမှာ ထည့်ပေးထားတဲ့ ကလိုရင်းဒိုင်အောက်ဆိုဒ်က ဘက်တီးရီယားတွေ သတ်ပေးတယ်။ ပိုးမဝင်တဲ့အကျိုး ရှိတယ်ဆိုတယ်။ ဗိုင်းရပ်စ် အမျိုးမျိုးကို ထိထိရောက်ရောက် သတ်ပေးတယ်လို့ ဆိုတယ်။ ပြောဆိုထားတာတွေက အထောက်အထား မခိုင်လုံတာ သေချာပါတယ်။
ကလိုရင်းဒိုင်အောက်ဆိုဒ်က လည်ဆွဲကို ဆွဲထားတဲ့သူအတွက်လည်း အန္တရာယ် ရှိပါတယ်။

Chlorine dioxide က လူတွေက ထုတ်လုပ်တဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး သောက်ရေသန့် ပိုးသတ်ဖို့ သုံးကြတယ်။ ဒါပေမဲ့ ရှူမိရင် အစာစားတဲ့အထဲ ပါရင် ကျန်းမာရေး ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အသက်ရှူတဲ့အထဲ ပါလာရင် နှာခေါင်း၊ လည်ချောင်းနဲ့ အဆုပ်တွေကို ထိခိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ‘Virus Shut Out’ လည်ဆွဲတွေ ရေပန်းစားချိန်မှာ COVID-19 တုံ့ပြန်ရေး အိန္ဒိယသိပ္ပံပညာရှင်များ အဖွဲ့ Indian Scientists’ Response to COVID-19 team မှ Dr. Rohini Karandikar က သတိပေးစကား ပြောဆိုခဲ့ပါတယ်။ ကလိုရင်းဒိုင်အောက်ဆိုဒ်ကို ချေးချွတ်ဆပ်ပြာအဖြစ် သုံးကြတယ်။ ဒီတော့ ချေးချွတ်ဆပ်ပြာက ဗိုင်းရပ်စ်ကို သတ်ပေးတယ်။ ဒါပေမဲ့ မျက်စိထဲ ဝင်ရင် မျက်စိထိခိုက်မယ်။ အရေပြားထိရင် အရေပြား ထိခိုက်မယ်။ ပိုဆိုးသွားနိုင်တာက အသက်ရှူလမ်းကြောင်းထဲ ဝင်ရင် အသက်ရှူစနစ်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်တဲ့။

သူမက “ကတ်ပြားကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်တယ်။ ဘယ်လောက်များများ ထုတ်ပေးနေသလဲ မသိနိုင်ဘူး” လို့ ဖြည့်စွက်ပြောကြားခဲ့တယ်။

‘Virus Shut Out’ လည်ဆွဲတွေ အမေရိကန်၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်တို့ကိုလည်း ရောက်တယ်။ အဲဒီနိုင်ငံတွေမှာ အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ရေးအဖွဲ့ FDA က လည်ဆွဲကတ် သုံးစွဲတာကို အတည်ပြု ခွင့်ပြုပေးခြင်း မရှိတဲ့အပြင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ဖမ်းဆီးသိမ်းဆည်းပါတယ်။
“ကတ်ပြား လည်မှာ ဆွဲထားရင် ဘေးကင်းပြီလို့ အထင်မှားစေတယ်။ လူချင်း ခပ်ခွာခွာနေတာ၊ မတ်စ်တပ်တာ စတဲ့ ရှောင်ရန်ဆောင်ရန် သတိထားစရာတွေကို မလိုတော့ဘူးလို့ ပေါ့လျော့မိစေတယ်” လို့ Dr. Rohini က ရှင်းပြခဲ့ပါတယ်။

 

hongkong_virus_shut_out.jpg

 

ဟောင်ကောင်မှာ ဖြန့်ချိတဲ့ ‘Virus Shut Out’ လည်ဆွဲတွေမှာ ဂျပန်စာဖြင့် ရေးသားဖော်ပြပေးထားတယ်။
ဟောင်ကောင်မှ ဗိုင်းရပ်စ်ပညာရှင်နှင့် ကိုယ်ခံအားပညာရှင် Dr Ariane Davison က “လုံးဝ ညာထားတာပါ။ အသက်ရှူလမ်းကြောင်း ထိခိုက်စေတဲ့ ဗိုင်းရပ်စ်တွေ မလှုပ်မယှက်ဖြစ်သွားအောင် ကာကွယ်ပေးဖို့ ဘာမှ လုပ်မပေးဘူး” လို့ အတိအလင်း ပြောကြားခဲ့ပါတယ်။
“လည်ပင်းမှာ ဆွဲထားတယ်။ ပိုးဝင်တဲ့ နှာခေါင်းနဲ့ ပါးစပ် အနီးကပ် ရှိမနေဘူး။ မျက်နှာနား ကပ်ထားရင် အထဲမှာပါတဲ့ ကလိုရင်းအောက်ဆိုဒ်က မျက်လုံးနဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်လိမ့်မယ်။ သူက ချေးချွတ်တဲ့သတ္တိရှိတော့ ပွန်းစားပစ်လိမ့်မယ်” လို့ သူက သတိပေးပါတယ်။

လက်လီအရောင်းဆိုင်တွေကို ဖြန့်ချိတဲ့လုပ်ငန်းမှ အသိပေးညွှန်ကြားချက် ပေးထားတာမှာ ဝယ်ယူသူတွေကို ကိုဗစ်ကာကွယ်ပေးတယ်လို့ အထင်ရှိအောင် ပြောဆိုခြင်း မပြုရန် တားမြစ်ထားပါတယ်။ ထို့အပြင် ဖြန့်ချိတဲ့လုပ်ငန်းအနေဖြင့် ‘Virus Shut Out’ လည်ဆွဲက ကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်ပေးတယ်လို့ မည်သည့်အခါမှ မပြောဆိုဘူးလို့ ပြောကြားထားပါတယ်။


ဘယ်လိုပဲ တားဆီး ဖမ်းဆီးအရေးယူပေမဲ့ ရေနစ်နေတဲ့သူ ကောက်ရိုးတစ်မျှင်ကို အားကိုးတကြီးဖြင့် ဆွဲထားသလိုမျိုး ကိုဗစ်ရန်က ဝေးအောင် လည်ဆွဲကတ်ပြားကို ဆွဲကြတယ်။ အစစ်လား အတုလား ဆိုတဲ့ ပြဿနာ ရှိနေတာကိုလည်း သတိမထားတော့ဘူး။ အစစ်ဆိုရင်တောင် ကာကွယ်ပေးနိုင်ခြင်း မရှိတဲ့အတွက် အတုဆိုရင် အလကားပဲဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။
မတ်စ်တပ်ပါ။ လက်ဆေးပါ။ လူချင်းခပ်ခွာခွာ နေပါ။ မျက်နှာပြင်တွေကို ပိုးသတ်ပါ ဆိုတဲ့ ကာကွယ်ရေးအချက်တွေကို မမေ့မလျော့ မပျက်မကွက် လုပ်နေဖို့ လိုပါတယ်။

 

Read times
Rate this item
(1 Vote)