What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 November 2021 10:13

Omicron ကိုဗစ်မျိုးကွဲသစ် ကမ္ဘာအနှံ့ပျံ့နှံ့လာမှု မြန်မာပြည်တွင်းစိုးရိမ်မှုရှိ

Omicron ကိုဗစ်မျိုးကွဲသစ် ကမ္ဘာအနှံ့ပျံ့နှံ့လာမှု မြန်မာပြည်တွင်းစိုးရိမ်မှုရှိ

မြန်မာနိုင်ငံမှာ ကူးစက်မြန် Delta ကိုဗစ်မျိုးကွဲကြောင့်ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်မှုဒဏ် တော်တော်လေးခံခဲ့ရတဲ့အတွက် အသစ်ထပ်ပေါ်လာတဲ့ဗီဇပြောင်း Omicron ပိုးကူးစက်ပျံ့နှံ့မှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ ကျန်မာရေးဌာနဘက်ကတော့ ရောဂါကာကွယ်ဆိုင်ရာကိစ္စရပ်တွေကို မကြာခင်ထုတ်ပြန်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အာဖရိကတိုက်တောင်ပိုင်းမှာ စတင်တွေ့ရှိတဲ့ ဗီဇပြောင်းကိုဗစ်ရောဂါပိုးသစ်ကူးစက်သူတွေ Omicron ရောဂါပိုးကူးစက်သူတွေကို အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတိုက် နိုင်ငံတချို့မှာ တေ့ွရှိနေတဲ့အတွက် မြန်မာနိုင်ငံဆီ ကူးစက်လာမှာကို စိုးရိမ်သူတွေရှိနေပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မြန် Delta မျိုးကွဲဒဏ်ကြောင့် ကူးစက် သေဆုံးသူတွေများခဲ့တာကြောင့် အခုပိုးသစ် ထပ်မံကူးစက်မှာ စိုးရိမ်နေကြတာပါ။

မကြာခင်အချိန်အထိ ကိုဗစ်ကပ်ရောဂါကူးစက်သူ များပြားခဲ့တဲ့ ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ပေးသောလက် ပရဟိတအဖွဲ့ကဦးမြင့်မော်က သူတို့စိုးရိမ်မှုကို ခုလိုပြောပါတယ်။

“အခု အာဖရိကမှာ စတွေ့တဲ့ မျိုးရိုးဗီဇအသစ် ကိုဗစ်ပိုးဟာပေါ့နော်။ ကျနော်တို့ မြန်မာနိုင်ငံဘက်ကိုတော့ မရောက်သေးဘူး။ ဒါပေမယ့် ရောက်မှာကိုတော့ စိုးရိမ်တယ်။ ရောက်လာရင်လည်း ကျနော်တို့ ဒီဘက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကာကွယ်မှု ရှိတယ်၊ မရှိဘူးဆိုတာကတော့ ကျနော်မသိဘူးပေါ့နော်။အတတ်နိုင်ဆုံးတော့ ကျနော်တို့ ကာကွယ်မယ်။ ဒါပေမယ့် ရောက်မလာဖို့ကိုတော့ ကျနော်တို့ ဆုတောင်း တယ်ပေါ့။”

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု လျော့ကျလာတာကြောင့် မြို့နယ် ၁၀၀ ကျော်မှာ ထုတ်ပြန်ခဲ့တဲ့ Stay at Home ကန့်သတ်ချက်တွေကိုဖယ်ရှားပေးထားတာ အခု ၁၁ မြို့နယ်သာ ကျန်ပါတော့တယ်။ အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ထားသလို ကိုဗစ်စည်းကမ်းတွေကိုလည်း တစ်ဖြည်းဖြည်း ဖြေလျော့ပေးထားပါတယ်။

ကိုဗစ်တတိယလှိုင်းတုန်းကလို ထိန်းမနိုင်သိမ်းမနိုင် ကူးစက်မှုတွေ မဖြစ်ရအောင် ပြည်သူတွေအနေနဲ့ ကျန်းမာရေးစည်းကမ်း ချက်တွေနဲ့အညီ လိုက်နာသင့်သလို သက်ဆိုင်ရာတွေဖက်ကလည်း ဗီဇမျိုးကွဲ ကိုဗစ်သစ် ထပ်မံကူးစက်မှု မရှိအောင် ကြိုတင်လုပ်ဆောင်သင့်တယ်လို့လည်း ရခိုင်ကိုဗစ်စောင့် ရေးအဖွဲ့က ကိုဇော်လှိုင် ထွန်းကပြောပါတယ်။

“အခု အိုမီခရွန်လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြောနေတဲ့မျိုးရိုးဗီဇသစ် ပေါ့နော်- သူကတော့ လက္ခာတွေ မပြဘူး၊ ကူးစက်မြန်တယ်ပေါ့။ ... ဆိုတော့ ကျနော်တို့ဆီမှာ နယ်စပ်ကုန်သွယ်ရေးပေါက်တွေပေါ့နော်၊ အဲဒါနဲ့ ထိတွေ့နေတဲ့ ဘင်္ဂလားဒေရှ့်တို့၊ အန္ဒိယတို့ဘက်ကလာမယ့်သူတွေကို ခိုးဝင်လာတာပဲဖြစ်ဖြစ်၊ တရားဝင်လာတာပဲဖြစ်ဖြစ်၊ အဲလိုလူတွေမှာ ပိုးတွေ့ခဲ့ရင် ကျနော်တို့ ရခိုင်မှာလည်း စတုတ္ထလှိုင်း ကူးစက်သွားနိုင်မယ့် အခြေအနေမှာ ရှိနေတာပေါ့။ ... ဆိုတော့ ကျနော်တို့ အသိ၊ သတိ ပိုထားရမယ်လို့တော့ မြင်ပါတယ်ခင်ဗျာ။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ အပြင် စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စီးပွားရေးတွေ ကျဆင်းခဲ့နေတာမို့ ပြည်သူတွေစားဝတ်နေရေး ကြပ်တည်းနေပါတယ်။ ဒီအခြေအနေမှာ ကျန်းမာရေးစည်းကမ်းချက်တွေကို လိုက်နာဖို့ အဓိက အာရုံမစိုက်နိုင်ကြပါဘူး။ လက်ရှိကိုဗစ်ဗီဇမျိုးကွဲသစ်နဲ့ပတ်သက်ပြီး စည်းကမ်းချက်တွေကို ကျန်းမာရေးဌာနာက ထုတ်ပြန်ပေးဖို့လိုအပ်သလို နိုင်ငံခြားအဝင်အထွက်တွေကိုလည်း ကြိုတင် စိစစ်ဆောင်ရွက်တာတွေကို လုပ်ပေးဖို့လိုအပ်တယ်လို့လည်း ရန်ကုန် ရွှေသန်လျင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းကပြောပါတယ်။

“အခုအချိန်မှာတော့ မြန်မာပြည်သူတွေအနေနဲ့ တအားကို ကြပ်တည်းတဲ့ အနေအထားတခုကို ရောက်လာကြပြီလေ။ စားဝတ်နေရေးကအစ အကုန်လုံးအဆင် မပြေကြဘူး။ အလုပ်အကိုင်ရှားပြီး ငွေရှာရတာ ရှားပါးလာတဲ့အတွက် စားဝတ်နေရေး အခက်အခဲ လုံးပန်းနေရတဲ့အတွက် ပြည်သူတွေဟာ ကျန်းမာရေးဘက်ကို သိပ်ပြီးတော့ ဂရုမထားတိုင်တဲ့အပိုင်း ရှိတယ်ပေါ့။ အဲဒါကိုတော့ နိုင်ငံတော်မှာ ရှိတဲ့ ဌာနာအသီးသီးပေါ့။ ကျန်းမာရေးဌာနအနေနဲ့ အသိပေးကြော်ငြာတွေ၊ စာစောင်တွေ နောက် အသံလွှင့်ဌာနကပဲဖြစ်ဖြစ်၊ ရေဒီယိုကပဲဖြစ်ဖြစ် ဘယ်လိုနေထိုင်ဖို့ ကာကွယ်ရေးဘက်ကိုတော့ နိုးနိုးကြားကြားလေးနဲ့ ပြောပေးစေချင်တာပေါ့နော်။ ဒါမှလည်း ပြည်သူတွေ ကျန်းမာရေးအသိ နိုးကြားလာမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ဒီ ၇ လပိုင်းမှာက ဆိုးဆိုးရွားရွားကြီး ခံခဲ့ရပြီလေ။”

ကျန်မာရေးဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကတော့ ကိုဗစ်ဗီဇမျိုးကွဲသစ်နဲ့ပတ်သက်ပြီး မကြာခင်ထုတ်ပြန်ပေး သွားဖို့ရှိကြောင်း အခုလို ပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့ မကြာခင်လည်း ထုတ်ပြန်ဖို့ ရှိပါတယ်နော်။ လောလော ဆယ်တော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကြိုတော့ မပြောသေးပါဘူး နော်၊ ဟုတ်ကဲ့။”

မြန်မာနိုင်ငံတဝန်း ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတာမှာ အကြိမ်ပြည့်ထိုးပြီးသူ ၁၂ သန်းနီးပါးရှိပြီး တကြိမ်ထိုးထားသူ ၅ သန်းနီးပါးရှိတယ်လို့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိ ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ်နဲ့ပတ်သက်လို့ အတိအကျသိရအောင် သိပ္ပံပညာရှင်တွေကြိုးစားနေကြချိန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့နဲ့ အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ ဆရာဝန်တွေက တိုက်တွန်းနေပါတယ်။

လက်ရှိအသစ်ထပ်မံတွေ့ရှိတဲ့ ကိုဗစ်ဗီဇမျိုးကွဲဖြစ်တဲ့ Omicron ကူးစက်မှုတွေကြောင့် နိုင်ငံတချို့မှာပြည်ဝင်ခွင့် တင်းကြပ်မှုတွေ နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့်ပိတ်ပင်တာတွေ စတင်လုပ်နေကြပါတယ်။ အာရှတိုက်ထဲက ဟောင်ကောင်မှာ Omicron ကိုဗစ်ပိုးသစ်ကူးစက်သူကို ပထမဆုံးတွေ့ရှိထားပါတယ်။

ဗွီအိုအေ

Read times
Rate this item
(0 votes)