What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 February 2022 09:20

ရန်ကုန်မှာ ကိုဗစ် စတုတ္တလှိုင်းစပြီလား

တကယ်ပဲ စတုတ္ထလှိုင်း စတင်နေပြီလား။

ဖေဖော်ဝါရီလဆန်းက စပြီး ရန်ကုန်မြို့မှာ ကိုဗစ်အစုလိုက်အပြုံလိုက် ကူးစက်မှုတွေရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောသလို ကိုဗစ်ကုသရေးစင်တာတွေမှာလည်း လူနာတွေပြည့်နေတဲ့အခြေအနေရှိတယ်လို့ ရန်ကုန်မြို့ကစင်တာတွေကနေ သိရပါတယ်။ အခုလို ကိုဗစ် ၁၉ ရောဂါ အစုလိုက်အပြုံလိုက် တွေ့ရှိမှုတွေ ရှိနေတာကြောင့် စတုတ္ထလှိုင်း စတင်နေပြီလို့ လူတွေကြားမှာ ပြောနေကြပါတယ်။

တကယ်ပဲ စတုတ္ထလှိုင်း စတင်နေပြီလား။

"နေရာဒေသအလိုက်ဆိုရင်တော့ ရန်ကုန်မှာတော့ စနေပြီလို့ ပြောလို့ရမယ်။ တစ်ပြည်လုံး အနေနဲ့ကတော့ မဟုတ်သေးဘူးလို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုးတွေ့ရာခိုင်နှုန်း မနေ့ကအထိက ၁.၃ ရာခိုင်နှုန်း ၊ ၁.၂ ရာခိုင်နှုန်း လောက်ပဲရှိသေးတာလေ။"လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ‌ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ အနည်းဆုံးလူ ၄၀ နီးပါး ကိုဗစ်ကူးစက်မှုဖြစ်ခဲ့တာကြောင့် ဆေးရုံကို ဒီရက်ပိုင်းအတွင်း လော့ဒေါင်းချခံရပါတယ်။

အလားတူ ရန်ကုန်မြို့အတွင်းမှာ ဖေဖော်ဝါရီလဆန်းအတွင်း မင်္ဂလာဒုံမြို့နယ်က စက်ရုံတစ်ရုံမှာလည်း လူရာနဲ့ချီ ကိုဗစ်ကူးစက်မှုရှိခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်က စက်ရုံတစ်ခုကနေ ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာပေါင်း ၇၀၀ ကျော်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လူအစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှုတွေ ရန်ကုန်မှာ ခပ်စိတ်စိတ် တွေ့လာရသလို ဖျားနာတာကြောင့် နေအိမ်မှာ သီးသန့်နေကြသူတွေလည်း သိသိသာသာ များလာတယ်လို့ ပုဂ္ဂလိကဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်အချို့ထံက သိရပါတယ်။

နေအိမ်မှာ သီးသန့်နေသူအများစုဟာ Rapid Test Kits နဲ့ ကိုယ်တိုင်စစ်ဆေးကြပြီး ကိုဗစ် ကူးစက်ခံနေရကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေမှုတွေလည်း တွေ့လာရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတင် ရန်ကုန်တိုင်းတစ်တိုင်းတည်းမှာကို ပိုးတွေ့လူနာ ၆၂၉ ဦးရှိပြီး အဲ့ဒီနောက်ရက်ပိုင်းအတွင်း‌ ဖေဖော်ဝါရီ ၆ ရက်အထိ နေ့စဉ်လိုလို ရန်ကုန်မှာပိုးတွေ့သူ တစ်ရာနီးပါးရှိနေခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မင်္ဂလာဒုံမြို့နယ်တစ်ခုတည်းကပဲ ၅၉၉ ဦးတွေ့ခဲ့ပြီးတော့ အဲ့ဒီ့စက်ရုံက လူနာတွေထဲက ၁၀ ဦးကို ထပ်မံ စစ်ဆေးခဲ့ရာမှာ ကိုဗစ်မျိုးဗီဇပြောင်း အိုမီခရွန် ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ပြန်များလာပြီး အခု ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၆ရက်အထိ လူနာသစ် ၁၄၀၀ ကျော် တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ ရက်ပိုင်းအတွင်း မင်္ဂလာဒုံမြို့နယ်ပြီးရင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မရမ်းကုန်းမြို့နယ်မှာ ၁၅၃ ဦးနဲ့ ဗဟန်းမြို့နယ် မှာ၁၆ ဦး နဲ့ အများဆုံး တွေ့ရှိထားတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ၁၈၈ ဦး၊ ၂ ရက်နေ့ ၆၂၉ ဦး၊ ၃ ရက်နေ့ ၆၂ ဦး၊ ၄ ရက်နေ့ ၂၆၃ ဦးနဲ့ ၅ ရက်နေ့ ၁၃၃ ဦး ၊ ၆ ရက်နေ့ မှာ ၁၉၈ ဦး အပါအဝင် စုစုပေါင်း ၁၄၇၃ ဦးအထိ တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။

ရောဂါဖြစ်သူတွေဟာ နေအိမ်တွေမှာသီးသန့်နေထိုင်ကာ ကုသတာဟာ ကိုဗစ်ရောဂါပြင်းထန်လာမယ်ဆိုရင် အန္တရာယ်များတယ်လို့ ကျန်းမာရေးဘက်က ပြောပါတယ်။

ဒါပေမဲ့ ကိုဗစ်ရောဂါကိုလက်ခံ ကုသပေးမယ့် ပုဂ္ဂလိကဆေးရုံတွေမှာလည်း လူနာတွေပြည့်နေပြီဖြစ်သလို ကုသရေးစင်တာတွေ မှာလည်း လက်ခံနိုင်တဲ့ကုတင်အရေအတွက် ပြည့်လုနီးပါးဖြစ်နေပြီလို့ ဘီဘီစီဘက်က မေးမြန်းကြည့်ချက်တွေအရ သိရပါတယ်။

အိုမီခရွန် ကိုဗစ်ရောဂါ မျိုးဗီဇပြောင်းပိုးသစ်ဟာ ရောဂါမပြင်းထန်ပေမယ့် ကူးစက်မှုမြန်ဆန်ပါတယ်။ မြန်မာပြည်မှာ ပြည်ပပြန်လာသူတွေကနေ အိုမီခရွန်စတွေ့ခဲ့ပြီး ဇန်နဝါရီလကုန်ပိုင်းမှာ ပြည်တွင်းအိုမီခရွန်ကူးစက်မှု စတင်လာခဲ့ပြီး ဖေဖော်ဝါရီ (၃)ရက်အထိ နောက်ဆုံးထုတ်ပြန်ချက်အရတော့ အိုမီခရွန်ကူးစက်သူ (၃၄၈)ဦးရှိပြီဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေဟာ ယေဘုယျဆန်ပြီး သတင်းအချက်အလက်တွေကို ပိုမိုအသေးစိတ်ပြောသင့်တယ်လို့ ပြည်သူတွေအကြားဝေဖန်မှုတွေ မြင့်တက်နေသလို ကိုဗစ်တဖန်ကူးစက်မှုများလာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အဆင်သင့် လုံလုံလောက်လောက်ရှိနေပြီလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေကြပါတယ်။

 ဘီဘီစီ

Read times Last modified on Wednesday, 09 February 2022 09:30
Rate this item
(0 votes)