What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 January 2019 13:49

အမျိုးသားများတွင် အဖြစ်များသော ကင်ဆာရောဂါများ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ လက္ခဏာတွေနဲ့ ကာကွယ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ဆီးကျိတ်ကင်ဆာ

သတိပေးလက္ခဏာ - အများအားဖြင့်တော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဆီးသွားရခက်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးကျဉ်တာ၊ ဆီးပူတာနဲ့ ခါးနာတာစတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ လွဲမှားနိုင်သော အခြားရောဂါများ - ဆီးသွားမှုဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ဆီးကျိတ်ကြီးတာ၊ ဆီးပြွန်ကျဉ်းတာတွေနဲ့ လက္ခဏာချင်း တူတာကြောင့် မှားတတ်ပါတယ်။

စမ်းသပ် စစ်ဆေးမှု - စမ်းသပ် စစ်ဆေးမှုတွေအရ ဆီးကျိတ်က မာနေရင်၊ ပုံမှန်မဟုတ်ရင်၊ PSA အဆင့်မြင့်နေရင်တော့ ဆီးကျိတ်ကင်ဆာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် PSA ဓာတ်ကို ကြိုတင်စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

 

၂) အဆုတ်ကင်ဆာ

သတိပေးလက္ခဏာ - ချောင်းဆိုးတာက မပျောက်နိုင် ဖြစ်နေရင် ဒါမှမဟုတ် ချောင်းဆိုးရင်း သွေးပါရင် ကင်ဆာလို့ သံသယတော့ ရှိနိုင်ပါတယ်။ တချို့လူတွေမှာ ရင်ဘတ်နာတာလည်း ဖြစ်တတ်ပါတယ်။

လွဲမှားနိုင်သော အခြားရောဂါများ - ရင်ဘတ်ဓာတ်မှန် ရိုက်ကြည့်ရင် နမိုးနီးယား အဆုတ်ရောင်ရောဂါနဲ့ ကင်ဆာအကျိတ်က အဖြူပဲ ပေါ်ပါတယ်။ စမ်းသပ် စစ်ဆေးမှု - အသားစယူ စစ်ဆေးပြီး အဖြေရှာနိုင်ပါတယ်။

 

၃) အူမကြီးကင်ဆာ

သတိပေးလက္ခဏာ - ဝမ်းထဲသွေးပါတာ ဖြစ်တတ်ပါတယ်။ တစ်ကြိမ်လောက် ဝမ်းထဲသွေးပါခဲ့ရင်တောင် လျစ်လျူရှုမထားသင့်ပါဘူး။ သွေးစိမ့်ထွက်တဲ့ ကင်ဆာအကြို polyp ဖြစ်နေနိုင်လို့ပါ။

လွဲမှားနိုင်သော အခြားရောဂါများ - အသက် ၅၀ အောက် အမျိုးသားတွေမှာ သွေးပါတာက လိပ်ခေါင်းကနေ သွေးထွက်တာ၊ အူရောင်တာ၊ သွေးကြောတွေ ပုံမှန်မဟုတ်တာနဲ့ အူအိတ်မြှောင်တွေ ရောင်တာတို့ ဖြစ်နိုင်ပါတယ်။

စမ်းသပ် စစ်ဆေးမှု - အူမကြီးအတွင်း မှန်ပြောင်းထည့်ပြီး ကြည့်တာနဲ့ သံသယရှိရင် အသားစယူ စစ်ဆေးတာတွေကို လုပ်သင့်ပါတယ်။ Polyps အသားပို ဖြစ်နေရင်လည်း ဖြတ်တောက် ဖယ်ထုတ်ရပါမယ်။

 

၎) ဆီးအိတ်ကင်ဆာ

သတိပေးလက္ခဏာ - ဆီးထဲ သွေးပါတဲ့လက္ခဏာ ပြတတ်ပါတယ်။ သင်က အသက် ၆၀ အောက် ငယ်သူဆိုရင် ဆီးကျောက်တည်တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဆီးအိတ်ကင်ဆာ အများစုကို စောစောစီးစီးတွေ့ရင် ကုသ ပျောက်ကင်းနိုင်ပါတယ်။

လွဲမှားနိုင်သော အခြားရောဂါများ - ဆီးအိတ် အလုပ်လုပ်လွန်တာ ဒါမှမဟုတ် ပိုးဝင်မှုကြောင့် ဆီးသွားရင်း နာကျင်တာတွေနဲ့ လွဲမှားနိုင်ပါတယ်။

စမ်းသပ် စစ်ဆေးမှု - ဆီးအိတ်ကို ကြည့်ဖို့ လိင်တံကတစ်ဆင့် မှန်ပြောင်းနဲ့ ကြည့်တာ၊ ဆီးစစ်တာတွေကို လုပ်ရပါမယ်။

 

၅) သားနံရည်ဂလင်း ကင်ဆာ

သတိပေးလက္ခဏာ - လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ နေရာတွေမှာရှိတဲ့ သားနံရည်ကျိတ်တွေ ရောင်ရမ်းတာ ဖြစ်ပါတယ်။ တစ်ပတ်လောက် ကြာတဲ့အထိ မပျောက်ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အချိန်တစ်လ၊ နှစ်လလောက် ကြာတဲ့အထိ ကိုယ်အလေးချိန် ကျနေရင်၊ အရက်သောက်ပြီး သားနံရည်ကျိတ်တွေ နာကျင်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

လွဲမှားနိုင်သော အခြားရောဂါများ - ကူးစက်ပိုးဝင်တာကြောင့်လည်း သားနံရည်ကျိတ်တွေ ရောင်ရမ်းတတ်ပါတယ်။

စမ်းသပ် စစ်ဆေးမှု - သွေးစစ်ဆေးမှုလုပ်ရင် သိနိုင်ပါတယ်။ ဒါပေမဲ့ အသားစယူ စစ်ဆေးမှုလုပ်ရင် ပိုပြီး တိကျတဲ့အဖြေကို ရမှာဖြစ်ပါတယ်။

 

၆) မှဲ့ကင်ဆာ

သတိပေးလက္ခဏာ - မှဲ့တွေက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားရင် ဒါမှမဟုတ် ကြီးသွားရင်၊ အရောင်၊ အရွယ်အစားနဲ့ အချိုးမတူတော့ဘဲ ပြောင်းလဲသွားရင်၊ ဒီလို ဖြစ်တာတွေနဲ့အတူ ယားတာ၊ နာတာနဲ့ သွေးထွက်တာတွေ ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

လွဲမှားနိုင်သော အခြားရောဂါများ - ကင်ဆာမဟုတ်တဲ့ အကျိတ်ကြီးထွားမှုနဲ့ လွဲမှားနိုင်ပါတယ်။

စမ်းသပ် စစ်ဆေးမှု - မှဲ့နေရာကို အသားစယူ စစ်ဆေးသင့်ပါတယ်။

Source: ကေအမ်(yatanarpon)

 

Read:  သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်သော လက္ခဏာများ

သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်သော လက္ခဏာများ

Read times Last modified on Wednesday, 27 February 2019 15:07
Rate this item
(0 votes)