What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 August 2020 11:17

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (ခေါ်) Urinary Tract Infection (UTI)

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (ခေါ်) Urinary Tract Infection (UTI) Google

ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ကလေး၊ လူကြီး၊ ကျား/မ မရွေးအရွယ်သုံးပါးလုံးမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြသနာတစ်ခုပါ။

 

ဆီးလမ်းကြောင်းတလျှောက်မှာ -ခန္ဓာကိုယ်ရဲ့မလိုအပ်တဲ့အညစ်အကြေးတွေကို ဆီးအဖြစ်စစ်ထုတ်လုပ်ဆောင်ပေးမယ့်ကျောက်ကပ်၊ -ဆီးသိုလှောင်ရန်ဆီးအိမ်၊ ကျောက်ကပ်နဲ့ဆီးအိမ်ကိုဆက်ထားတဲ့ဆီးပြွန်နှင့် ဆီးအိမ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ရန်ဆီးသွားပြွန် စတဲ့အင်္ဂါအစိတ်အပိုင်းတွေပါပါတယ်။ ဒီအစိတ်အပိုင်းတွေရဲ့ တစ်နေရာရာမှာရောဂါပိုးမွှားဝင်ခြင်းကို ဆီးလမ်းကြောင်းပိုးဝင်ခြင်း(UTI) လို့ခေါ်ပါတယ်။

 

UTI မှာအမျိုးအစား (၂)ခုရှိပါတယ်။ ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း - (ဆီးသွားပြွန်နှင့်ဆီးအိမ်) နှင့် ဆီးလမ်းကြောင်းအထက်ပိုင်းပိုးဝင်ခြင်း - (ဆီးပြွန်နှင့်ကျောက်ကပ်) တို့ ဖြစ်ပါတယ်။ UTI ကဘက်တီးရီးယားရောဂါပိုးဖြစ်တဲ့ E-Coli ပိုးကြောင့်အဖြစ်များပါတယ်။ ဆီးသွားလမ်းကြောင်းနှင့် စအိုအနီးတဝိုက်အရေပြားပေါ်မှာဒီလိုပိုးတွေရှိနေတဲ့အခါ ၎င်းတို့မှဆီးအိမ်၊ ဆီးပြွန်နဲ့ကျောက်ကပ်အထိ ဝင်ရောက်နိုင်တာပါ။

 

ဖြစ်ပွားနိုင်ခြေများသူများကတော့ အမျိုးသမီးများဟာအမျိုးသားများထက် ဆီးစွန့်ရာနှင့်စအိုဝပိုနီးကပ်ပြီးဆီးသွားလမ်းကြောင်းပိုတိုလို့ ပိုးမွှားဝင်ဖို့အခွင့်အလမ်းပိုများပါတယ်။ လိင်ဆက်ဆံမှုများသူများ ၊အမျိုးသမီးသုံးကွန်ဒုံးနှင့် သုတ်ကောင်သေဆေးတွေ အသုံးများသူများ၊ သွေးဆုံးပြီးအမျိုးသမီးများမှာဟော်မုန်းအပြောင်းအလဲကြောင့် အမျိုးသမီးအင်္ဂါလမ်းကြောင်း ခြောက်သွေ့ယားယံတတ်ပြီး ဆီးပိုးဝင်ရောက်မှုများတတ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန်မှာလည်း ကိုယ်ဝန်ကဆီးအိမ်ကိုဖိထားမိလို့ ဆီးအောင့်သလိုဆီးကျန်ရှိတတ်ခြင်းကြောင့် ပိုးဝင်နိုင်ခြေပိုများပါတယ်။ ဆီးအောင့်ထားတာများတတ်သူများ၊ ကိုယ်ခံအားနည်းနေတတ်သောနာတာရှည်ရောဂါရှင်များ (ဆီးချိုရောဂါ၊ လေဖြတ်လူနာများစသဖြင့်) ၊ ဆီးလမ်းကြောင်းပုံမှန်မဟုတ်သူများ (ဥပမာ- ဆီးအိမ်မှာအိတ်ငယ်အပိုပါလာသူများ၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊ ခွဲစိတ်ဖူးခြင်းနှင့် ဆီးပိုက်ထည့်ထားတဲ့လူနာများ) မှာအဖြစ်များတတ်ပါတယ်။ 

 

ရောဂါလက္ခဏာများကတော့ ဆီးမကြာခဏသွားချင်ပေမယ့် သွားလိုက်တဲ့အခါဆီးနည်းနည်းလေးပဲထွက်ပြီး ပူစပ်ပူလောင်ခံစားရခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးနံ့ပိုနံခြင်း ၊သွေး (သို့) ပြည် ပါလာတတ်ခြင်း ၊ ကိုယ်အပူချိန်တက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးပိုးများကြောင့်ဆီးလမ်းကြောင်းတလျှောက်ရောင်ရမ်းမှုဖြစ်ပြီး ဗိုက်အောက်ပိုင်းနာကျင်ကိုက်ခဲခြင်း၊ ကျောက်ကပ်အထိပိုးဝင်သွားပါက ခါး၊ ကျောကုန်းနှင့် တင်ပဆုံနာခြင်းတို့ရှိတတ်ပါတယ်။ 

 

ကလေးငယ်များမှာဖြစ်ပါက နို့စို့နည်းခြင်း၊ အန်ခြင်း ၊ဆီးပေါက်ချိန်တွင်ငိုခြင်း၊ ဆီးသွားတဲ့အကြိမ်ရေများလာပေမယ့် ပမာဏနည်းသွားခြင်းတို့ပါရှိတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက နောက်ဆက်တွဲဆိုးကျိုးဝင်တာတော့အဖြစ်နည်းပါတယ်။ ဆိုးကျိုးဝင်ပြီဆိုရင်တော့ ကျောက်ကပ်အလုပ်မလုပ်ဘဲပျက်စီးနိုင်တဲ့အထိဆိုးတတ်ပါတယ်။ ကိုယ်ခံအားနည်းသူများ၊ နာတာရှည်ဝေဒနာရှင်များမှာဖြစ်တတ်တာမို့သတိပြုထားသင့်ပါတယ်။ 

 

စမ်းသပ်စစ်ဆေးခြင်းများအနေဖြင့် ဆီးဓာတ်ခွဲစစ်ခြင်း (Urinalysis) နှင့်ဆီးပိုးမွေးမြူခြင်း (Urine Culture) (ဆီးနမူနာယူပါက ဆီးပေါက်ချိန်အလယ်တွင်သွားသောဆီးကိုသာခံယူရပါမယ်။) ၊ ဝမ်းဗိုက်တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (Ultrasound Abdomen & Pelvis) နှင့် CT Abdomen တို့ပါလိုအပ်ပါကရိုက်ကူးစစ်ဆေးနိုင်ပါတယ်။

 

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသရာတွင် ပိုးသတ်ဆေးများအဖြစ် Ampicillin, Cefixime, Ciprofloxacin, Levofloxacin, Sulphamethoxazole-Trimethoprim, Doxycycline, Fosfomycin (or) Nitrofurantoin တို့ကိုအသုံးများပါတယ်။ အကိုက်အခဲပျောက်ဆေးများလည်းလိုအပ်ပါကတွဲသောက်ရပါတယ်။

 

သာမန်ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Simple UTI) ကဆေးသောက်ရုံဖြင့် (၇) ရက် ဝန်းကျင်အတွင်း ပျောက်ပါတယ်။ ရောဂါအနေအထားအလိုက် ဒီထက်ပိုကြာကြာကုရတာမျိုးလဲရှိပါတယ်။ ဆေးစသောက်ရုံနဲ့ ရောဂါလက္ခဏာတွေက စသက်သာတတ်ပါမယ်။ ဒါပေမယ့်ဆေးကိုမိမိသဘောအရ ရပ်တန့်တာမျိုးမလုပ်ဘဲ ဆေးပတ်လည်အောင်အပြည့်သောက်ရပါမယ်။ ဆီးပိုးတစ်ကောင်လောက်ကျန်နေရင်တောင် ပြန်ဖြစ်တတ်တဲ့ရောဂါပါ။

 

ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေပါရှိတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Complicated UTI) ဆိုရင်တော့ သောက်ဆေးရက်ပြည့်ပြီးချိန်မှာ ဆီးပိုးရှိမရှိပြန်လည်မွေးမြူစစ်ကြည့်ရပါတယ်။ ပိုးရှိနေသေးရင် ဆေးပြောင်းခြင်း၊ ပမာဏနှင့်အချိန်ကာလထပ်တိုးသောက်ခြင်းနှင့် ပိုးသတ်ဆေးထိုးခြင်း စတာတွေ ထပ်လုပ်ပြီးပိုးကင်းစင်တဲ့အထိကုသမှုခံရပါတယ်။

 

အချိန်မီကုသနိုင်လျှင်ပကတိပြန်ကောင်းပြီးရေရှည်မှာ ဆိုးကျိုးမရှိနိုင်တော့ပါဘူး။ ကလေးအရွယ်မှာဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏဖြစ်ခဲ့ပြီး သေချာမကုခဲ့ပါက ကျောက်ကပ်အနာရွတ်ဖြစ်တတ်ပြီးလူကြီးဖြစ်ချိန်တွင်သွေးတိုးရောဂါရလွယ်နိုင်ပါတယ်။

 

ကာကွယ်ခြင်းနှင့်ဆောင်ရန်ရှောင်ရန်လိုအပ်တာကတော့ တကိုယ်ရေသန့်ရှင်းရေးအလေးထားပြီးဆီးဝမ်းလမ်းကြောင်းများစိုစွတ်မှုမရှိနေအောင်ဂရုစိုက်ရန်၊ အတွင်းခံများကိုချွေးစုပ်ပြီးသက်တောင့်သက်သာရှိစေမယ့်ချည်သားမျိုးကိုဝတ်ဆင်ပါရန် ၊ ကလေးတွင်ဖြစ်ပါက သေးခံ၊ ဝမ်းခံများကို ယခင်ထက်ပိုဂရုစိုက်ပြီးမကြာခဏလဲလှယ်ပေးရန်၊ ဆီးကိုမကြာခဏသွားပေးခြင်းဖြင့် ဆီးအိမ်ကိုရှင်းလင်းရန်၊ ဝမ်းသွားပြီးသန့်စင်ရာတွင် ရှေ့ဘက်မှနောက်ဘက်သို့သာပွတ်တိုက်သန့်စင်ပေးပါ။ နောက်မှရှေ့သို့သန့်စင်မိပါက ဝမ်းသွားတဲ့ဘက်မှပိုးမွှားများ ဆီးလမ်းကြောင်းထိပ်သို့ရောက်လာနိုင်လို့ပါ။

 

လိင်ဆက်ဆံမှုမပြုမီနှင့် ပြုပြီးချိန်တိုင်းတွင်ဆီးသွားပေးပြီး သန့်ရှင်းမှုပြုပေးပါရန်၊ ရောဂါလက္ခဏာများရှိနေချိန်နှင့် ကုသနေချိန်အတွင်းလိင်ဆက်ဆံမှုပြုပါက အကာအကွယ်ပစ္စည်း(ကွန်ဒုံး)မဖြစ်မနေသုံးပေးပါရန်။ ရေများများသောက်ပေးပါ။ (နေ့စဉ်အနည်းဆုံး ၂လီတာ(သို့) ရေဖန်ခွက် (၈) ခွက်စာ) ၊ အသီးဖျော်ရည်များထဲတွင် Cranberry ၊ Blueberry ဖျော်ရည်များက ဆီးပိုးများမဝင်ရောက်နိုင်အောင်ကာကွယ်စွမ်းမြင့်တာမို့ ရွေးခြယ်သောက်သုံးပေးသင့်ပါတယ်။

 

ရှောင်ကြဉ်သင့်တာတွေကတော့ အရက်၊ ဘီယာ နှင့် alcohol ပါဝင်သောအရည်များ၊ Caffeine ဓာတ်ပါသော ကော်ဖီ ၊လက်ဖက်ရည်နှင့် ကာဗွန်ပါသောပုလင်း၊ သံဘူးအချိုရည်များ၊ အပူအစပ်စာများစတာတွေက ဆီးလမ်းကြောင်းကိုလှုံ့ဆော်ပေးပြီး ပိုးဝင်တဲ့အချိန်မှာပိုဆိုးစေတတ်လို့ ဝေဒနာခံစားနေရချိန်နဲ့ ကုသနေချိန်မှာဒီလိုအစားအသောက်တွေကိုရှောင်ကြဉ်ပေးသင့်ပါတယ်။

 

Asia Royal Hospital

Read times
Rate this item
(1 Vote)