What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 January 2019 14:59

ရာသီလာခြင်း ဆိုင်ရာ ပြဿနာများ

မျိုးဆက်ပွားနိုင်တဲ့ အသက်အရွယ်မှာ အမျိုးသမီးတွေအနေနဲ့ ဆရာဝန်နဲ့ ပြသရတဲ့ အဓိက အကြောင်းရင်းက ရာသီလာမှုဆိုင်ရာ ပြဿနာတွေပဲ ဖြစ်ပါတယ်။

၁) ရာသီသွေး ထိမ်ခြင်း

ရာသီလာရမယ့်အချိန်မှာ ရာသီမလာတာကို ရာသီသွေးထိမ်တယ်လို့ ခေါ်ပါတယ်။

 

ဖြစ်ရသော အကြောင်းရင်း
အပျိုဖော်ဝင်တဲ့ အသက်အရွယ် ရောက်တဲ့အထိ ရာသီသွေး မလာသေးတာကို Primary Amenorrhoea လို့ ခေါ်ပါတယ်။ ဒါက မျိုးရိုးလိုက်တဲ့ ရောဂါတချို့ ခံစားရတာ၊ ဟော်မုန်း မညီမျှတာနဲ့ မမျိုးဥအိမ်၊ သားအိမ် မပါတာစတဲ့ အကြောင်းတွေကြောင့် အဖြစ်များပါတယ်။ ခြောက်လလောက် ဆက်တိုက် ပုံမှန်ရာသီလာနေပါရက် နောက်ပိုင်းမှာ ရာသီသွေး ထိမ်သွားတာကို Secondary Amenorrhoea လို့ ခေါ်ပါတယ်။ မမျိုးဥအိမ် ချို့တဲ့တာ၊ အာဟာရပျက်တာ၊ စိတ်ဖိစီးမှုဒဏ် ခံရတာ၊ စိတ်ဓာတ်ကျတာ၊ အစားပျက်တာ၊ ပစ်ကျူထရီဂလင်း ပုံမမှန်တာ၊ ဦးနှောက်အောက်ခြေရှိ ဟိုက်ပိုသားလမတ် ချို့တဲ့တာစတဲ့ အခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ ကျားဟော်မုန်း မြင့်တက်တာ၊ မမျိုးဥအိမ် ပြဿနာ၊ အချိန်မတိုင်ခင် မမျိုးဥအိမ် ကြွေကျတာတွေကြောင့်လည်း ရာသီသွေး ထိမ်တတ်ပါတယ်။


၂) မကြာခဏ ရာသီလာခြင်း

ရာသီလာတာ ပုံမမှန်တာ ဒါမှမဟုတ် မကြာခဏ ရာသီလာတာတွေကို ဆိုလိုပါတယ်။ ရာသီသွေး အနည်းငယ်ပဲ ဆင်းတာ ဖြစ်ပါတယ်။

 

ဖြစ်ရသော အကြောင်းရင်း
မမျိုးဥအိမ်မှာ မမျိုးဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစု (PCOS) ကြောင့် ရာသီထိမ်တာ ဖြစ်တတ်ပါတယ်။ အဝလွန်တဲ့ အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်က မမျိုးဥကြွေတာကို ထိခိုက်စေတဲ့ ဟော်မုန်းပြဿနာ ရှိပါတယ်။ ရာသီလာတာ ပုံမှန်မဟုတ်တဲ့ အပြင် ဝက်ခြံထွက်တာ၊ အဝလွန်တာနဲ့ အမွေးအပိုပေါက်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ကလေးမရနိုင်ဘဲ မြုံတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

 

၃) ရာသီလာစဉ် ကိုက်ခဲနာကျင်ခြင်း

ရာသီလာစဉ် နာကျင်တာက မျိုးဆက်ပွားနိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသမီး ၄၀-၇၀ ရာခိုင်နှုန်းခန့် တစ်ချိန်မဟုတ် တစ်ချိန်မှာ ဖြစ်တတ်ပါတယ်။

 

ဖြစ်ရသော အကြောင်းရင်း
အမျိုးသမီး ၁၀ ဦးမှာ တစ်ဦးခန့်က ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဖြစ်တတ်ပြီး နိစ္စဓူဝ အလုပ်တွေကိုတောင် မလုပ်နိုင်လောက်အောင် ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ မမျိုးဥကြွေချိန်နဲ့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာက ခန္ဓာကိုယ်ထဲမှာ လှည့်လည်နေတဲ့ ဟော်မုန်းတွေ၊ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်မှု ရှိနေတတ်ပါတယ်။ နာကျင်ကိုက်ခဲမှုက ဝမ်းဗိုက်ရဲ့ အောက်ပိုင်းမှာ စတင်ခံစားရတတ်ပြီး ခါးနောက်ကျောနဲ့ ပေါင်တွေအထိ ပျံ့နှံ့ ရောက်ရှိတတ်ပါတယ်။ နာကျင်ကိုက်ခဲမှု ခံစားရတဲ့ အချိန်ကာလက ရှစ်နာရီကနေ ၇၂ နာရီအထိ ကြာမြင့်တတ်ပါတယ်။ ရာသီလာစဉ်အတွင်း အဆက်မပြတ်နာကျင်မှုနဲ့ လေထတာတွေကို ခံစားရတတ်ပါတယ်။ ဒီလို ရာသီအကြို ဝေဒနာခံစားရတာက ခေါင်းကိုက်တာ၊ ဝမ်းလျှောတာ၊ ပျို့ချင်အန်ချင် ဖြစ်တာနဲ့ အန်တာတွေနဲ့ တွဲပြီး ခံစားရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အခြေခံရောဂါတစ်ခုခုနဲ့ ဆက်စပ်ပြီး ဖြစ်တတ်ပါတယ်။ ဆက်စပ်မှုရှိတတ်တဲ့ အခြေခံရောဂါတွေက သားအိမ်အသားလုံးနဲ့ သားအိမ်အတွင်းလွှာ နေရာလွဲတာ (Endo-metriosis) တွေပဲ ဖြစ်ပါတယ်။ ဒီလို ရောဂါတွေရှိရင် အိမ်ထောင်ဖက်နဲ့ ကာမစပ်ယှက်မှု ပြုပြီးပါက သွေးထွက်တာ၊ နာကျင်တာ၊ သွေးထွက်များတာတွေ ဖြစ်တတ်ပါတယ်။

 

၎) ရာသီအကြို ဝေဒနာ ခံစားရခြင်း

အမျိုးသမီးအများစု ရာသီမလာခင် ဝေဒနာခံစားရတာက စိတ်ပိုင်းနဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပြောင်းအလဲကြောင့် ဖြစ်တတ်ပါတယ်။


ဖြစ်ရသော အကြောင်းရင်း
ရာသီအကြိုဝေဒနာနဲ့ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာ ၁၅၀ ကျော် ရှိပါတယ်။ အဖြစ်များတဲ့ ရာသီအကြို ဝေဒနာတွေကတော့ စိတ်ခံစားမှု လျော့ကျတာ၊ စိတ်တိုစိတ်ဆတ်တာ၊ ရင်သားတင်းမာတာ၊ လေပွလေထတာတွေပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ရာသီအကြို ဝေဒနာတွေက ရာသီမလာခင် နေ့ရက် အနည်းငယ်အတွင်းမှာ ဖြစ်တတ်ပြီး ရာသီလာချိန်မှာ သက်သာသွားတတ်ပါတယ်။ ရာသီအကြို ဝေဒနာဟာ အပျိုဖော်ဝင်ချိန်လို ဟော်မုန်းအပြောင်းအလဲ ဖြစ်တဲ့အချိန်တွေမှာ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ အသက် ၃၀- ၄၅ နှစ် ဝန်းကျင်ရှိ အမျိုးသမီးတွေဟာ ရာသီအကြိုဝေဒနာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။


၅) ရာသီသွေးဆင်း များခြင်း

ရာသီလာစဉ်အတွင်းမှာ သွေးဆင်းများတာက အမျိုးသမီး သုံးပုံတစ်ပုံခန့် ဖြစ်တတ်ပါတယ်။ ရာသီတစ်ကြိမ်လာရင် ရာသီသွေး ဆုံးရှုံးမှုက ၄၀ မီလီလီတာပဲ ဖြစ်သင့်ပေမယ့် ရာသီသွေးဆင်းများရင် ၈၀ မီလီလီတာနဲ့ အထက် ဖြစ်တတ်ပါတယ်။


ဖြစ်ရသော အကြောင်းရင်း
ရာသီသွေးဆင်းများတဲ့ အမျိုးသမီးတွေက လစဉ်သုံးဂွမ်းထုပ်ကို နှစ်ထပ်ခံရလေ့ ရှိပါတယ်။ ရာသီသွေးဆင်း များလွန်းတာကြောင့် ပုံမှန် လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်နိုင်လောက်အောင် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ သွေးခဲကြီးတွေ ဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေးဆင်းမှုဆိုင်ရာ ပြဿနာတွေ တွေ့ကြုံခံစားရတယ်ဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူဖို့ လိုပါက ကုသမှုခံယူသင့်ပါတယ်။
Source:ဇွန်(yatanarpon)

Read: သားအိမ် အသားလုံး ရှိချိန်တွင် ဆောင်သင့်၊ ရှောင်သင့်သော အစာများ

သားအိမ် အသားလုံး ရှိချိန်တွင် ဆောင်သင့်၊ ရှောင်သင့်သော အစာများ

Read times Last modified on Wednesday, 27 February 2019 15:07
Rate this item
(0 votes)