What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 March 2019 16:42

အရေးပြားပေါ်တွင် မြင်တွေ့နိုင်သည့် ဆေးဓာတ်မတည့် အလာဂျီ လက္ခဏာ

ကျွန်ုပ်တို့ ခန္ဓာကိုယ် အတွင်းသို့ ဆေးဝါး သို့မဟုတ် ဆေးဝါးအာနိသင် ရှိသည့် ပစ္စည်းများကို ပါးစပ်မှ သောက်သုံး (Ingestion) ခြင်း၊ သို့မဟုတ် နည်းလမ်းတစ်ခုခုဖြစ် ထိုးသွင်းခြင်း (Injection) များ ပြုလုပ်ရာတွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရလေ့ ရှိပါတယ်။

ထိုကဲ့သို့ ကြုံတွေ့ရခြင်းမျိုးကို ဆေးကြောင့် ဓာတ်မတည့် အလာဂျီ (Drug allerg) လို့ ခေါ်ပါတယ်။ ထိုဓာတ်မတည့် အလာဂျီ၏ သက်ရောက်မှုများသည် အရေပြားတွင် လည်းကောင်း၊ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများတွင် လည်းကောင်း ဖြစ်ပေါ်လေ့ ရှိပါတယ်။

 

လူတိုင်းလူတိုင်းသည် မိမိနှင့် မသင့်မြတ်သည့် ဆေး၊ ထိုးဆေးဝါး အသုံးပြုလျှင် မိမိ၌ ဓာတ်မတည့်မှု အလာဂျီ ဖြစ်နိုင်ကြောင်း အသေအချာ မှတ်သားထားသင့်သည်။ အခန့်မသင့်လျှင် ဆေးဓာတ်မတည့် အလာဂျီဖြစ်မှုသည် အသက် သေဆုံးသည့်အထိ အန္တရာယ်ရှိခြင်းကြောင့် ဖြစ်သည်။ တစ်ကြိမ်တစ်ခါ၌ လူတစ်ဦးသည် ဆေးဝါး တစ်ခုခုနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်ခဲ့ဖူးလျှင် ထိုဆေးသည် မိမိ အသက်ရှင် နေထိုင်ရမည့် ဘဝတစ်လျှောက်လုံး၌လည်း အလာဂျီ ဖြစ်ပေါ်လေ့ ရှိပါတယ်။ ထိုဆေးမျိုးကို ရာသက်ပန် ရှောင်ကြဉ်ဖို့ လိုပါသည်။ အချို့သော ဆေးဝါးများ အနေဖြင့် မလိုလားအပ်သော တုံ့ပြန်မှုများ ဥပမာအားဖြင့် အရေပြားပေါ်၌ အညိုအမည်းကွက်များ ဖြစ်ပေါ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အော့အန်ခြင်း အစရှိသည်တို့ကိုလည်း ဖြစ်ပေါ်စေလေ့ ရှိပါတယ်။

 

Drug allergy ကြောင့် အရေပြားပေါ်၌ တွေ့မြင်ရမည့် လက္ခဏာများ။

လူ့အရေပြားသည် ထင်ရှားစွာ မြင်နိုင်သော ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းကြီး တစ်ခု ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ဆေးဝါး ဓာတ်မတည့်မှု အလာဂျီ လက္ခဏာတို့ကို လွယ်ကူစွာ မြင်တွေ့နိုင်ခြင်း ဖြစ်သည်။ အချို့သော အရေပြား လက္ခဏာတို့သည် ပြင်းထန်မှု မရှိသော်လည်း အချို့သော အခြေအနေများသည် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်စေနိုင်သည်။ အန္တရာယ် ကြီးမားသော ဆေးဓာတ်မတည့်မှုကြောင့် အရေပြား တုံ့ပြန်မှုများတွင် အောက်ပါ လက္ခဏာများကို တွေ့ရပါတယ်။

 

အရေပြားအပေါ်၌ အင်ပျဉ်ထခြင်း၊ ၎င်းကို ဆေးပညာအခေါ် အာတီကေးရီးယား (Urticaria) သို့မဟုတ် သာမန်ဝေါဟာရ (Hives) ဟု လူအများ သိထားကြသည်။ အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းကြောင့် အရေပြားပေါ်၌ အဖုအပိန့် ထခြင်းမျိုးနှင့် ဆင်တူသည်။ ခြေလက်နှင့် ခန္ဓာကိုယ်ထည်ရှိ အရေပြားပေါ်တွင် ထူပိန်းပိန်း အနေအထား ယားယံသည့် အနီကွက်များအဖြစ် မြင်တွေ့နိုင်သည်။ ထို့ထက် ပြင်းထန်လာလျှင် အင်ဂျီယိုအဒီးမား (Angioedema) အဖြစ် အသွင်ပြောင်းကာ နူးညံ့သော အရေပြား ဧရိယာများ ဖြစ်သည့် ထက်အောက် မျက်ခွံများနှင့် နှုတ်ခမ်းနေရာများတွင် ဖူးရောင်သည့်အသွင် တွေ့ရလေ့ ရှိသည်။ ဆေးဝါး သောက်သုံးလိုက်သည့် အချိန်မှစ၍ တစ်နာရီအတွင်း အထက်ပါ လက္ခဏာတို့ လျင်မြန်စွာ ဖြစ်ပေါ်လေ့ ရှိသည်။ အခန့်မသင့်သော အနေအထားမျိုး၌ အသက်ရှူ လေပြွန်အတွင်း ရောင်ရမ်းမှု ဖြစ်ပေါ်ကာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။

 

Read More : သွေးပေါင် ကျဆင်းစေနိုင်သော နည်းလမ်း (၆) ခု

 

နောက်ထပ် အမျိုးအစား တစ်ခုကတော့ ပြင်းထန်သော အရေပြား တုံ့ပြန်မှု တစ်ခုဖြစ်သည့် စတီဗဂျွန်ဆန် လက္ခဏာစု (Steven Johnson Syndrome) ပင် ဖြစ်သည်။ အရေပြား ဓာတ်မတည့်မှု (erythema multiforme) အမျိုးအစားထဲတွင် အဆိုးဝါးဆုံးနှင့် အပြင်းထန်ဆုံးဟု သတ်မှတ်ထားသည်။ ခြေလက်နှင့် ခန္ဓာကိုယ်ထည်ပေါ်တွင် ဦးစွာ အနီရောင်ရှိ၍ ဝိုင်းသော သဏ္ဌာန်ရှိသော အကွက်များအဖြစ် စတင် ဖြစ်ပေါ်လေ့ ရှိသည်။ အနောက်ကမ္ဘာ၌ နွားထီးတို့၏ မျက်စိ (bull's eye) နှင့် ဆင်တူသည်ဟု တင်စားကြသည်။ ထိုအကွက် များ ဘေးတိုက်အရွယ်အစား ကြီးမားလာခြင်းကြောင့် နီးစပ်ရာ အကွက်အနားသတ် အချင်းချင်း တွဲဆက်သွားလေ့ ရှိသည်။

 

ထိုမှတစ်ဆင့် အရေပြား အပူလောင်သောအခါ၌ ဖြစ်ပေါ်လေ့ရှိသည့် အရေကြည်ဖုကြီးများ (blisters) အသွင်ကူးပြောင်းခြင်း တစ်ခါတစ်ရံတွင် အရေပြား ကွာကျခြင်းများ အဖြစ် ဆက်လက် ဖြစ်ပေါ်သည်။ ထို့အတူ မျက်စိကို ဖုံးအုပ်ထားသော မျက်ခွံအတွင်းမြှေး၊ ပါးစပ်နှင့် အာခံတွင်းမြှေး မျိုးပွားအင်္ဂါအတွင်း မြှေးများလည်း ကွာကျလေ့ ရှိသည်။ ဤသို့ အခြေအနေမျိုး ဖြစ်ပေါ်ပါက ဆေးရုံတက် ကုသခြင်း မဖြစ်မနေ လုပ်ဆောင်ရန်နှင့် ဆောလျင်စွာ ရောဂါလက္ခဏာ သတ်မှတ်ကုသခြင်း မပြုပါက အသက် သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။

 

သိပ်မပြင်းထန်သော ဆေးဝါးဓာတ် တုံ့ပြန်မှု အချို့တွင် အောက်ပါ အမျိုးအစားများ ပါဝင်သည်။ ဥပမာအားဖြင့် ဝက်သက် (measles) ရောဂါလက္ခဏာ တွေ့မြင်ရလေ့ရှိသည့် အရေပြားပေါ်မှ အနီစက်များနှင့် သွင်ပြင်လက္ခဏာချင်း ဆတူသော အကွက်များ ဖြစ်ပေါ်ခြင်း (maculo- popular eruptions) မျိုး ဖြစ်သည်။

 

ဤပုံစံသည် ဆေးဝါးများ သောက်သုံး၍ ဓာတ်မတည့် အလာဂျီ ဖြစ်ခြင်းများတွင် အများဆုံး တွေ့ရသော ပုံစံတစ်ခု ဖြစ်သည်။ ခြေထောက်၊ လက်နှင့် ခန္ဓာကိုယ်အနှံ့တွင် တွေ့နိုင် သည်။ ရုံးသုံး ပင်အပ်ခေါင်းအရွယ် အနီရောင် အဖုကလေးများနှင့် အနီကွက်များ ရော၍ တွေ့ရသည်။ တစ်နည်းအားဖြင့် ဝက်သက်ပေါက်ရာတွင် မြင်ရလေ့ရှိသော အရေပြား လက္ခဏာနှင့် ဆင်တူသည်။ အစက်အပြောက်များ ဖြစ်ပေါ်နေသော အရေပြား ဧရိယာပေါ် မကြာခဏဆိုသလို ယားယံသည့် ဝေဒနာ ခံစားရလေ့ ရှိသည်။

 

ဤအမျိုးအစားကိုတော့ မိမိ သောက်သုံးလိုက်သည့် ဆေးဝါး ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပြီး နောက်ပိုင်း ရက်အတော်ကြာမှ တွေ့မြင်ရလေ့ ရှိသည်။ တစ်နေရာတည်း၌ အကွက်ပေါ်လေ့ရှိသော ဆေးမတည့် လက္ခဏာ (fixed drug eruption) မိမိနှင့် မသင့်သော ဆေးသောက်သည့် အခါတိုင်း၌ ယခင် အရေပြားပေါ်၌ မြင်တွေ့ရလေ့ရှိသည့် နေရာအတိအကျ၌ အကွက် ပေါ်ခြင်းမျိုး ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့မှု မရှိသည့် ဆေးဓာတ်မတည့် တုံ့ပြန်မှု အမျိုးအစားပင် ဖြစ်သည်။

 

ခန္ဓာကိုယ်ပေါ် အရေပြား ဖုံးအုပ်ထားသည့် မည်သည့် အစိတ်အပိုင်းပေါ်တွင်မဆို ဖြစ်ပေါ်နိုင်သည်။ မိမိနှင့် မတည့်သော သောက်ဆေး၊ ထိုးဆေးတို့ ပြုလုပ်မိပြီး ရက်အတန်အကြာတွင်မှ စတင် ဖြစ်ပေါ်လေ့ ရှိသည်။ အရွယ်အစားအနေဖြင့် အကြီးအသေး အမျိုးမျိုး ကွဲပြားနိုင်ပြီး လုံးဝိုင်းသော၊ ဘဲဥပုံ အမျိုးမျိုးကို အကွက်သဏ္ဌာန် အရေပြားပေါ်၌ တွေ့နိုင်သည်။ လအနည်းငယ်အကြာတွင် အရောင်ရင့်သော အကွက်များအဖြစ် အသွင်ပြောင်းသွားပြီး တဖြည်းဖြည်း အရောင်မှိန်သွားလေ့ ရှိသည်။ ထိုမသင့်မြတ်သော ဆေးကို အသုံးပြုမိသည့် အခါတိုင်း ထိုအကွက်များ မူလနေရာ၌ ပြန်၍ ဖြစ်ပေါ်လေ့ ရှိသည်။

 

Source : ဒေါက်တာ မြင့်ဦး (အရေပြားနှင့် အလှအပဆရာဝန်)

Read times Last modified on Thursday, 21 March 2019 17:03
Rate this item
(1 Vote)