What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 January 2021 16:28

အမျိုးသမီးတိုင်း သိထားသင့်သည့် ရင်သား ကင်ဆာလက္ခဏာများ

အရွယ်ရောက်ပြီးအမျိုးသမီးတိုင်း၊ မိမ်ိရင်သား အနေအထားကို သိထားသင့်ပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်တဲ့ သံသယလက္ခဏာတွေ့ရှိပါက ၊ဆရာဝန်နှင့် အချိန်မှီ ပြသရန်လိုအပ်ပါတယ်။

 

သံသယဖြစ်ဖွယ် ရင်သားကင်ဆာလက္ခဏာများမှာ-

၁။ ရင်သား ၊ ချိုင်းနေရာတွင် အလုံး၊ အကျိတ်ပေါ်လာခြင်း၊

၂။ အရေပြားရောင်ရမ်းခြင်း၊ အရောင်ပြောင်းလာခြင်း၊

၃။ ရင်သားအရွယ်အစား၊ ပုံသဏ္ဍာန်ပြောင်းလဲသွားခြင်း၊

၄။ ရင်သားအရေပြား ချိုင့်ဝင်ခြင်း၊

၅။ နို့သီးတွင် ယားယံခြင်း၊ အနာဖေးတတ်ခြင်း၊

၆။ နို့သီးခေါင်းအတွင်းသို့ ချိုင့်ဝင်သွားခြင်း၊

၇။ နို့သီးခေါင်းမှ အရည်၊ သွေးထွက်ခြင်း၊

၈။ ရင်သားတစ်နေရာတည်းတွင် တင်းခြင်း၊ နာခြင်း။

တို့ဖြစ်ပြီ ဆိုရင် သတိထားသင့်နေပါပြီ။

 

ရင်သားကင်ဆာ ဖြစ်နိုင်ချေပိုများတဲ့ သူများမှာ-

-မိခင်၊ ညီအစ်မ၊ အဖွားနှင့် အဒေါ်များတွင် ရင်သားကင်ဆာဖြစ်ဖူးသူ၊

-အသက် ၁၂ နှစ် မတိုင်မီ စောစီးစွာ ရာသီစလာသူ၊

-အသက် ၅၅ နှစ် နောက်ပိုင်းမှ သွေးဆုံးသူ၊

-အမျိုးသမီး ဟော်မုန်းများကို ၅ နှစ်အထက်အသုံးပြုသူ၊

-ကိုယ်အလေးချိန် များလွန်းသူ၊ အဝလွန်သူ၊ ဆေးလိပ်သောက်သုံးသူ၊

သူတို့မှာ အဖြစ်ပိုများတာ တွေ့ရပါတယ်။

 

ရင်သားကင်ဆာ ဖြစ်နိုင်ချေနည်းသော်လည်း ရင်သားကင်ဆာဖြစ်ပွားနိုင်-

-အသက် ၄၀ ကျော်လာလေ၊ ရင်သားကင်ဆာဖြစ်ပွားနိုင်မှု များလာလေဖြစ်သည်၊

-စောစောတွေ့လေ၊ ကုသမှုအောင်မြင်နိုင်လေဖြစ်သည်။

-ရှက်ခြင်း၊ ကြောက်ခြင်း၊ ဆေးမီးတိုဖြင့် ကုသခြင်းသည် ရောဂါကို ရင့်လာစေပါသည်။

မိမိကိုယ်တိုင် မိမိရင်သားကိုရင်သားကင်ဆာ လက္ခဏာရှိ၊ မရှိ စမ်းသပ်နိုင်ပါတယ်။

 

(က) ကြည့်ရှုနည်း

 

၁။ အလင်းရောင် ကောင်းကောင်းရသော အခန်းရွေးပါ၊ ခါးအထက်ပိုင်းရှိ အဝတ်အစား အားလုံးချွတ်ပါ။ မှန်ရှေ့တွင် ရပ်ပြီး ရှေ့တည့်တည့်ကြည့်၍ လက်နှစ်ဖက်ကို ဘေးတွင် ပျော့၍ ချထားပါ။ မှန်တွင်းမှ မိမိရင်သား တစ်ခုစီကို သေချာကြည့်ပါ။

-ရင်သားနှစ်ခု မတူညီကြပါ၊ တစ်ဖက်မှာအောက် အနည်းငယ်ရောက်နေတတ်လျှင် ပုံမှန်ပဲဖြစ်ပါတယ်။

 

-ပုံမှန်မဟုသော ရင်သား အရောင်ပြောင်းလဲခြင်း၊ နို့သီးခေါင်းအနေအထားချိုင့်ဝင်ခြင်း၊ အရွယ်အစား၊ တိမ်းစောင်းခြင်း၊ ပြောင်းလဲခြင်း ရှိ/မရှိ ကြည့်ပါ။

-ခန္ဓာကိုယ်ကို အနည်းငယ်စီ ဘယ်၊ညာလှည့်ပြီး ရင်သားတစ်ဖက်စီကို ရှုထောင့်အမျိုးမျိုးမှ ကြည့်ပါ။လက်နှစ်ဖက်လုံးကို ဦးခေါင်းပေါ် မြှောက်တင်လိုက်ပြီး ရင်သားပြောင်းလဲမှု ရှိ / မရှိကြည့်ပါ။

 

-ဘယ်လက်ကိုမ ၍ လည်ပင်းနောက်ဖက်မှ ကိုင်ထားပြီး ဘယ်ဘက်ရင်သားအောက်ပိုင်းကို ညာဘက်လက်ဖြင့် အပေါ်သို့ မပြီး ကြည့်ပါ၊ ညာဘက်ကိုလည်း ထိုနည်းအတိုင်းလုပ်ပါ။

-လက်နှစ်ဖက်ကို မိမိခါးပေါ်သို့ တင်းတင်းထောက်ထားပြီး ရင်အုပ်ကြွက်သားများ တောင့်တင်းလာပါမည်။ရင် သားအရေပြား မသိမသာချိုင့်ဝင်ခြင်း၊ နို့သီးခေါင်းပြောင်းလဲခြင်း ရှိ/ မရှိကြည့်ပါ။

-လက်နှစ်ဖက်စလုံးရှေ့ကို ဆန့်တန်းပြီး မိမိခါးကို ရှေ့သို့ ကုန်းညွတ်ပြီး ဘေးတိုက်အနေအထား၊ ကြည့်ပါ။ ရင်သားနှစ်ခုစလုံး ပုံမှန်ဖြစ်ပါက အောက်သို့ တွဲလောင်းကျလာပါလိမ့်မည်။

 

(ခ) မတ်တပ်ရပ်၍ စမ်းသပ်ခြင်း

-ရင်သားအပေါ်ဖက်တွင် ညှပ်ရိုးအောက်နားမှစ၍ ရင်သားအောက်ဖက်၏ (၁) လက်မခန့် နေရာအထိနှင့် အလယ်တည့်တည့်နံရိုးမှစ၍ ရင်သားဘေးဘက်ရင်ခေါင်း အထိစမ်းသပ်ပါ။ စမ်းသပ်ရာတွင် ဘယ်လက်(သို့) ညာလက်ဖြင့် အပြန်အလှန်စမ်းသပ်နိုင်ပါတယ်။ လက်ညှိုုး၊ လက်ခလယ်၊ လက်သူကြွယ်သုံးချောင်းသာ အသုံးပြု သင့်ပါတယ်။

 

-လက်ချောင်းသုံးချောင်းကို စက်ဝိုင်းငယ်ကလေးများသဖွယ် ခရုခွေပုံဏ္ဍာန် ဝိုင်း၍ ဝိုင်း၍စမ်းသပ်ပါ။နို့သီးခေါင်း လေးများကို ညစ်ကြည့်ပါ။ အရည်ကြည်ထွက်ခြင်း၊ သွေးထွက်ခြင်း ရှိ / မရှိစစ်ဆေးပါ။

-ညာဘက်ချိုင်းကိုဘယ်လက်၊ ဘယ်ဘက်ချိုင်းကို ညာလက်ဖြင့် ချိုုင်းအလယ်တည့်တည့်မှစ၍ လက်ချောင်းသုံး ချောင်းဖြင့် နေရာအနှံ့ စမ်းသပ်ကြည့်ပါ။

 

(ဂ) အိပ်လျက် စမ်းသပ်ခြင်း၊

-ခေါင်းအုံးပေါ်တွင် ပက်လက်လှန်လှဲ၍ ရင်သားအောက်တည့်တည့်ကျောပြင်အောက်တွင် မျက်နှာသုတ်ပဝါတစ် ထည့်ကို ခေါက်ပြီး ထားပါ။ဘယ်ဘက်လက်ကို ခေါင်းအုံးအောက်တွင်ထား၍ ညာလက်ဖြင့် ဘယ်ဘက်ရင်သား ကိုစမ်းပါ။ ညာဘက်ကိုလည်း ဤနည်းအတိုင်းစမ်းပါ။

-ခန္ဓာကိုယ်ကို အနည်းငယ်တစောင်းအိပ်၍ ညာလက်ဖြင့် ဘယ်ဘက်ရင်သားအပေါ် အပြင်ပိုင်းနေရာ၊ ချိုင်းနားအထိ ရောက်အောင်စမ်းပါ။ညာဘက်ကိုလည်း ဤနည်းအတိုင်းလုပ်ပါ။

-ပတ်လက်ပြန်အိပ်၍ ညာဘက်ချိုင်းကိုဘယ်ဘက်၊ ဘယ်ဘက်ချိုင်းကိုညာဘက်အပြန်အလှန် စမ်းပါ၊ ချိုင်းအလည်တည့်တည့်မှစ၍ လက်ချောင်းသုံးချောင်းဖြင့် နေရာအနှံ့စမ်းသပ်ပါ။

-ဤနည်းများသည် လစဉ်ပုံမှန်စမ်းသပ်ရန် လိုအပ်ပါသည်။ ပုံမှန်မဟုတ်သော အလုံး၊ အကျိတ် ရှိ / မရှိ စမ်းသပ်ပါ။ ရာသီပေါ်သည့် နေ့ရက်မှ ရက်သတ္တပတ်အကြာတွင် စမ်းသပ်ရန်အကောင်းဆုံး အချိန်ဖြစ်ပါသည်။

Read times
Rate this item
(1 Vote)