What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 January 2021 19:10

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းနည်းလမ်းများ

ကျွန်မတို့ခန္ဓာကိုယ်မှာအရေးကြီးဆုံးအပိုင်းတစ်ခုဖြစ်တဲ့နှလုံးဟာ တကိုယ်လုံးရဲ့ အခြားအင်္ဂါ်များအတွက် သန့်စင်တဲ့သွေးများကိုပို့ပေးနိုင်ဖို့ နေ့ညမပြတ်အလုပ်လုပ်နေရပါတယ်။

တစ်နေ့ကိုအကြိမ် ၁သိန်း လောက် ညှစ်အားပြုရပြီး သွေးဂါလံပေါင်း ၂ထောင်လောက်ကိုနေ့စဉ်ညှစ်ပေးနေရတဲ့ သွေးညှစ်စက် (Blood Pump Machine )တစ်ခုပါ။ ဒီလိုအချိန်ပြည့်လုပ်နိုင်ဖို့ကို နှလုံးကြွက်သားများသန်မာနေအောင် အောက်ဆီဂျင်နဲ့ အာဟာရများကို ဘယ်နှင့်ညာ နှလုံးသွေးကြောမကြီးများ (Left & Right Coronary Arteries) များမှ ထောက်ပံ့ပေးထားပါတယ်။ ဘယ်ဘက်သွေးလွှတ်ကြောဘက်မှာ သွေးကြောငယ်နှစ်ချောင်း ထပ်ခွဲထွက်ပြီး နှလုံးကြွက်သားများဆီသွေးများပို့ပေးပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာကတော့ သွေးလွှတ်ကြောနံရံများတွင်အဆီများ၊ သွေးခဲလေးများ စုပုံလာမှုကြောင့်နံရံများထူလာပြီး သွေးစီးရာလမ်းကျဉ်းသွားခြင်း ၊ သွေးလှည့်ပတ်စနစ်မှာ သွေးနည်းပါးလာရာကနေ အောက်ဆီဂျင်ပါနည်းသွားတာမို့ ရင်ဘတ်အောင့်ခြင်း၊ ထိုမှတဆက်တည်း လည်ပင်း၊ မေးရိုး ၊ပုခုံးနှင့်လက်မောင်းများပါနာကျင်လာခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း ၊ ချွေးစေးပြန်ခြင်း၊ သတိလစ်ခြင်းနှင့် ရုတ်တရက်နှလုံးရပ်သွားခြင်းပါဖြစ်လာနိုင်လို့ အချိန်မီရောဂါရှာဖွေ ကုသဖို့အလွန်အရေးကြီးပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါကို သိရှိရန် စစ်ဆေးနိုင်တဲ့အဓိကစမ်းသပ်မှုများကတော့ ECG - နှလုံးခုန်နှုန်းမူမမှန်ခြင်းကိုသိရှိနိုင်ခြင်း ၊ Threadmill Stress test (Exercise ECG) - ပြေးစက်ပေါ်ပြေးခိုင်းပြီး နှလုံးရဲ့အမောခံနိုင်မှုကိုစမ်းခြင်း ၊ Echocardiogram - အသံလှိုင်းအသုံးပြုပြီးနှလုံးရဲ့ပုံရိပ်ကိုဖမ်းယူကြည့်ရှူခြင်း ၊ CT Angiogram - နှလုံးကိုကွန်ပြူတာဓာတ်မှန်ပုံရိပ်ရိုက်ကူးခြင်းဖြင့် သိရှိနိုင်ပါတယ်။

Coronary Angiography - နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း

ဒီနည်းကတော့ Gold Standard လို့ပညာရှင်များကအသိအမှတ်ပြုထားပြီး နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းရှိမရှိကို 100% အတိအကျသိနိုင်ပါတယ်။ ထုံဆေးပေးထားတဲ့လက်ကောက်ဝတ် (သို့) ပေါင်ရှိ သွေးကြောမှတဆင့် နှလုံးသွေးကြောအတွင်းသို့သေးငယ်သောပိုက်တစ်ခုသွင်းပြီး dye လို့ခေါ်တဲ့ ဆေးရည်တစ်မျိုးထိုးသွင်းကာ Invasive Cardiac Laboratory တွင် သွေးကြောပုံရိပ်ဖော်ကွန်ပြူတာမှ တဆင့်ကြည့်ရှုရတဲ့စစ်ဆေးနည်းဖြစ်ပါတယ်။ အဖြေရလဒ်ကို ချက်ချင်းသိရပြီးလိုအပ်ပါက ကုသနည်း (Stent Procedure) များကိုပါဒီနည်းပညာသုံးပြီး ဆက်လုပ်ဆောင်နိုင်ပါတယ်။

Nuclear Perfusion Test

Myocardial perfusion scan ၊ Single-photon emission computerized tomography (SPECT) ရိုက်ခြင်းလို့လဲခေါ်ပါတယ်။ ခန္ဓာကိုယ်ထဲသို့ရေဒီယိုသတ္တိကြွပစ္စည်းထိုးပြီး ၎င်းမှထုတ်လွှတ်လိုက်သော ရေဒီယိုဓာတ်ရောင်ခြည်ကို Gamma Camera ဖြင့်နှလုံးကို ပုံရိပ်ဖမ်းစစ်ဆေးခြင်းဖြစ်ပါတယ်။ နှလုံးသွေးကြောပိတ်ဆို့မှုအခြေအနေနှင့် နှလုံးကြွက်သားများသွေးရရှိမှုနှင့် စွမ်းဆောင်ရည်များကို တိတိကျကျသိနိုင်ပါမယ်။ ရှင်သန်နေသောနှလုံးကြွက်သားများအခြေအနေကိုကြည့်ပြီး နှလုံးသွေးကြောချဲ့ ခွဲစိတ်ခြင်းမျိုးပြုလုပ်ရန် သေချာအဆုံးအဖြတ်ပေးနိုင်တဲ့ test တစ်ခုဖြစ်ပါတယ်။

ကုသခြင်းများကတော့ နှလုံးသွေးကြောကျဉ်းရောဂါမှာ နည်းလမ်းမျိုးစုံဖြင့်ကုသလို့ရတဲ့ရောဂါဖြစ်ပါတယ်။ သောက်ဆေးများဖြင့်ကုသခြင်းမှာတော့ Aspirin, Clopidogrel, Warfarin စတဲ့ သွေးမခဲအောင်ပေးသောဆေးနှင့်သွေးကျဲဆေးများ ၊ Nitrates (သွေးလှည့်ပတ်အားကောင်းစေသောဆေးများ) ၊ Calcium channel blockers ( သွေးကြောကျယ်စေသောသွေးဖိအားကျဆေးများ) ၊ ACEI (သွေးတိုးကျဆေးများ) ၊ Beta blockers (နှလုံးခုန်နှေးဆေး) စတာတွေကို ရောဂါအခြေအနေအလိုက်အသုံးပြုရမှာပါဖြစ်ပါတယ်။

နှလုံးကိုမခွဲစိတ်ဘဲ Stent ထည့်ပြီးသွေးကြောချဲ့ကုသခြင်း (Angioplasty)

အလွန်သေးငယ်ပေါ့ပါးတဲ့ Stent လို့ခေါ်တဲ့သတ္တုပစ္စည်းလေးကို နှလုံးသွေးကြောကျဉ်းတဲ့နေရာသို့ ရောက်အောက်ထည့်သွင်းပြီးသွေးကြောချဲ့တဲ့နည်းပညာပါ။ Percutaneous Coronary Intervention (PCI)၊ Percutaneous Transluminal Coronary Angioplasty (PTCA) ၊ Ballon Angioplasty စသဖြင့်လည်းခေါ်ကြပါတယ်။ သွေးကြောကျဉ်းမှုပမာဏနှင့် လူနာအခြေအနေပေါ်မူတည်ပြီး Stent ကိုရွေးခြယ်ရပါတယ်။

သတ္တုသွေးကြောထောက်ကိရိယာ (Bare Metal Stent) နှင့် သတ္တုပေါ်တွင်ဆေးရည်သုတ်လိမ်းထားသော ကိရိယာ (Drug Eluting/ Drug Emitting Stent) ဆိုပြီး (၂)မျိုးရှိပါတယ်။ ဆီးချိုရောဂါပါရှိတဲ့လူနာများကတော့ Drug Eluting Stent နဲ့ပိုသင့်တော်ပါတယ်။

ထည့်သွင်းချိန်မှာတော့ ထုံဆေးပေးထားသောလက်ကောက်ဝတ် (သို့) ပေါင်ရှိ သွေးကြောမှတဆင့် နှလုံးသွေးကြောအတွင်းသို့သေးငယ်သောပိုက်တစ်ခုသွင်းပြီး၎င်းမှတဆင့် Stent ကိုထည့်ရပါတယ်။ ထည့်ပြီးချိန်တွင်အချိန်အတော်ကြာလဲလျောင်းနေရပြီး ထည့်ထားတဲ့လမ်းကြောင်း လက်ကောက်ဝတ် (သို့) ပေါင်ကိုကွေးကောက်ခြင်းမပြုရပါ။ ဆေးရုံမှာတစ်ညအိပ် နေပြီးဆရာဝန်ခွင့်ပြုပါက နောက်ရက်တွင် ဆေးရုံမှဆင်းပြီး လှုပ်ရှားသွားလာခြင်းစတင်လုပ်နိုင်ပါမယ်။ (၂)ပတ်အတွင်း အလေးအပင်မ,ခြင်း ၊ Stent လမ်းကြောင်းပေါ်သို့ဖိအားများသောအရာများကျရောက်မိခြင်းမရှိအောင် ဂရုထားပြီးနားနေရပါမယ်။

ခွဲစိတ်ပြီးနှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း (Coronary Artery Bypass Graft or CABG)

နှလုံးသွေးကြောပိတ်တာဆိုးသူများ၊ သွေးကြော၂ချောင်း ၃ချောင်းတပြိုင်တည်းပိတ်သူများကတော့ ဒီလိုနှလုံးခွဲစိတ်မှုမျိုး (Open Heart Surgery) ကိုရွေးခြယ်ရတတ်ပါတယ်။ သွေးကြောပိတ်ဆ့ိုတဲ့နေရာကို မပိတ်ဆို့နိုင်တော့အောင် ကောင်းမွန်သောသွေးကြောများဖြင့်ကိုင်းဆက်ကူးသွယ်ခြင်း (Grafting) ပြုလုပ်ပြီးသွေးလှည့်ပတ်မှုအားပြန်ကောင်းအောင်လုပ်တာဖြစ်ပါတယ်။ နှလုံးကိုခွဲစိတ်တာဖြစ်လို့ အလွန်အရေးကြီးပြီး နာရီများစွာခွဲစိတ်ရပါတယ်။

နှလုံးသွေးကြောရောဂါအတွက်အထက်ပါကုထုံးတွေဟာ ဝေဒနာကိုသက်သာပြီးနေ့စဉ်လူနေမှုဘဝကို အတတ်နိုင်ဆုံး ပြန်လည်ရရှိစေပေမယ့် သက်တမ်းစေ့အသက်ရှင်သန်နိုင်မှုအာမခံချက် (Life Expectancy) ကိုတော့ ဒီကုထုံးတွေချည်းသီးသန့်နဲ့မရရှိနိုင်ပါဘူး။ ဝေဒနာရှင်ကိုယ်တိုင်က လူမှုဘဝနေထိုင်မှုကို ဂရုတစိုက်နဲ့ပြုမူဆင်ခြင်မှသာ အများနည်းတူပုံမှန်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ရမှာပါ။ Risk factor တွေဖြစ်တဲ့ သွေးတိုး၊ ဆီးချိုရောဂါများကိုမဖြစ်အောင် ကာကွယ်ခြင်း၊ ထိန်းညှိကုသခြင်း၊ အဆီအဆိမ့်၊ အချို၊ ၊အငန်လွန်ကဲစွာစားသုံးခြင်းမှရှောင်ကြဉ်ခြင်း၊ ဆေးလိပ်၊ အရက် ရှောင်ခြင်း၊ စိတ်ဖိစီးမှုများသောနေထိုင်မှုဘဝမဖြစ်အောင် အတတ်နိုင်ဆုံးဆင်ခြင်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုခြင်း၊ စိတ်တည်ငြိမ်အောင်တရားရှူမှတ်ခြင်း စတာတွေကို နေ့စဉ်ပြုလုပ်သင့်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါမှာလက္ခဏာများသိသာစွာမပြဘဲရှိတတ်ပြီး ရောဂါလက္ခဏာများ စတင်ပြပြီဆိုပါကလည်း နှလုံးမှာအနည်းနှင့်အများစတင်ပျက်စီးနေပြီဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ရုတ်တရက်အသက်အန္တရာယ်ကိုထိခိုက်နိုင်သော ဒီရောဂါရှိမရှိကိုကြိုတင်သိနိုင်ရန်ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်း (Medical Checkup )များပြုလုပ်သင့်ပြီး မိမိမှာနှလုံးရောဂါနှင့်ပတ်သက်ပြီးလက္ခဏာများ ခံစားနေရပါကလည်း ပေါ့ဆမနေသင့်ဘဲ ကုသမှုအချိန်မီစေရန် အမြန်ဆုံးပြသတိုင်ပင်ကာ နှလုံးကျန်းမာရေးကိုဂရုပြုသင့်ပါတယ်။

နှလုံးရောဂါအမျိုးမျိုးကိုရှိမရှိကြိုတင်စစ်ဆေးကြည့်လိုပါက Medical checkup ပြုလုပ်ရန် Cardiac Screening Package များကိုလည်းသီးသန့်စီစဉ်ထားရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါနှင့်ပတ်သက်ပြီး Invasive Cardiac Laboratory တွင် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း (Coronary Angiography) ကို Innova IGS 520 GE Machine စက်သစ်ကြီးဖြင့်အသုံးပြုထားပါတယ်။ နှလုံးသွေးကြောနှင့်နှလုံးကြွက်သားများအခြေအနေကို အဆင်မြင့်နည်းပညာသုံးပြီးတိကျစွာ အဖြေထုတ်ပေးနိုင်တဲ့ (Myocardial Perfusion Scan )GE Healthcare Discover NM 530c စက်သစ်ကြီးကိုလည်း မြန်မာနိုင်ငံတွင်ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးနိုင်ခဲ့သော ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်ပါတယ်။

နှလုံးရောဂါအမျိုးမျိုးကို ကုသမှုပေးခြင်းအပိုင်းမှာလည်း နှလုံးသွေးကြောထောက်ကိရိယာထည့်ခြင်းနှင့် နှလုံးသွေးကြောချဲ့ခြင်း (Stent Implantation & Coronary Angioplasty)၊ နှလုံးခုန်နှုန်းပုံမှန်ထိန်းချုပ်စက်တပ်ဆင်ခြင်း (Pace Maker Insertion)၊ သွေးပေါင်ချိန်ကျဆင်းမသွားစေရန်ထိန်းချုပ်စက်တပ်ဆင်ခြင်း (Intra-Aortic Balloon Pump Insertion)၊ မွေးရာပါနှလုံးရောဂါများကိုပြုပြင်ပေးခြင်း (Closure of PDA, ASD,VSD) ၊ သွေးကြောဖြတ်ဆက်ကုသခြင်း CABG operation ကို နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများမှ ခွဲစိတ်ကုသမှ ုများ ပြုလုပ်ပေးလျှက်ရှိပါကြောင်း အသိပေးတင်ပြအပ်ပါတယ်။

Read times Last modified on Thursday, 28 January 2021 19:18
Rate this item
(0 votes)