“Rheumatic Fever” လို့ ခေါ်တဲ့ မြန်မာလို (လေးဖက်နာ) ရောဂါကို လူတိုင်းသိကြပါတယ်။ အဆစ်အမြစ်နာ၊ အဆစ်အမြစ်ရောင်ရာ မှ တဆင့် နှလုံးရောဂါဖြစ်သွားတတ်တာလည်း သိကြပါတယ်။
လူတိုင်းမသိသေးတဲ့ လေးဖက်နာရောဂါစဖြစ်တဲ့ အချိန်မှ ရောဂါလက္ခဏာများ၊ မဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ လေးဖက်နာရောဂါ၏ အသေးစိတ်ကို လေ့လာတင်ပြလိုက်ပါတယ်။
လေးဖက်နာ (ခေါ်) “Rheumatic Fever” မှာ ဗက်တီးရီးယားတစ်မျိုး ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ရာမှ ကိုယ် ခံစွမ်းအားစနစ် ( Immune System) ၏ ဖြစ်ပေါ်ပြောင်းလဲမှုတစ်ရပ်ကြောင့် စွဲကပ်လာရခြင်း ဖြစ်ပါတယ်။ ၎င်းဗက်တီးရီးယားပိုးအား Group A-B Haemolytic Streptococci ဟုလည်းခေါ်ပါတယ်။
ဗက်တီးရီးယားပိုးများသည် လည်ချောင်း အထူးသဖြင့် အာသီး ကိုရောင်စေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်၏ ဖြစ်ပေါ်ပြောင်းလဲမှု အဆင့်ဆင့်ကြောင့် လေးဖက်နာရောဂါဖြစ်လာရတာပါ။ ဒီရောဂါပိုးကြောင့် ကျောက်ကပ်ရောင်ရောဂါလည်း ဖြစ်စေပါတယ်။ ထိုဗက်တီးရီးယားပိုး ဝင်ရောက်ခံရပြီးနောက် လေးဖက်နာရောဂါဖြစ်သူရှိသကဲ့သို့ လုံးဝရောဂါမဖြစ်သူများလည်း ရှိပါတယ်။
လေးဖက်နာ ဖြစ်ခြင်းကို အားပေးသော အခြေအနေ နှင့် လေးဖက်နာဖြစ်ခြင်းကို ကာကွယ်လို့ရတဲ့ အခြေအနေဆိုပြီင်္း အခြေအနေ ( ၂ )ရပ်ကို လေ့လာတွေ့ရှိရပါတယ်။
(၁) သွေး၌ရှိသော သွေးရည်ကြည်ပရိုတင်း (Plasma Protein ) ပမာဏနှင့်
(၂) ခန္ဓာကိုယ်၏ သံဓာတ် (Iron ) သိမ်းဆည်းထားမှု ပမာဏတို့သည် အဓိကအရေးကြီးသော အချက်နှစ်ခုဖြစ်ကြောင်း တွေ့ရပါတယ်။
Group A-B Haemolytic Streptococci ဗက်တီးရီးယား ဝင်ရောက်ခံရသူတစ်ဦးသည် သွေး၌ သွေးရည်ကြည် ပရိုတင်း နည်းနေလျှင်ဖြစ်စေ ( သို့) ခန္ဓာကိုယ်၏ သံဓာတ်သိမ်းဆည်းမှု ချို့တဲ့နေလျှင်ဖြစ်စေ လေးဖက်နာရောဂါဖြစ်နိုင်သည်ဟု ဆိုပါတယ်။ သွေးရည်ကြည်ပရိုတင်း ပြည့်ပြည့်ဝဝ ရှိနေသူ (သို့) ခန္ဓာကိုယ်သံဓာတ်အားကောင်းသူများ တွင် ဗက်တီးရီးယားပိုးသည် လေးဖက်နာရောဂါအဆင့်သို့ မဖြစ်စေနိုင်ပါဘူး။ထို့ကြောင့် လေးဖက်နာဖြစ်ခြင်းကို ကြိုတင်ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါသည်။
သွေး၌သွေးရည်ကြည်ပရိုတင်း ပြည့်ဝခြင်းနှင့် ခန္ဓာကိုယ်၌ သံဓာတ်သိမ်းဆည်းမှု လုံလောက်စေခြင်းဖြင့် လေးဖက်နာရောဂါကို ကာကွယ်လိုရနိုင်ပါတယ်။
သွေးရည်ကြည်ပရိုတင်းမှာ အဓိကအားဖြင့် အယ်လ်ဗျူမင် ( Al bumin)၊ ဂလိုဗျူလင်( Globulin ) နှင့် ဖစ်ဘရင်နိုဂျင် ( Fibrinogen ) ဟူ၍ သုံးမျိုးရှိပါတယ်။ သွေး၌ ခြောက်မှ ရှစ်ရာခိုင်နှုန်းဂရမ် ပါဝင်ပါတယ်။ အသည်းမှ အဓိကထုတ်လုပ်ပေးတယ်။ သွေးရည်ကြည် ပရိုတင်းထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းအဖြစ် အာဟာရတွင် ပရိုတင်းဓာတ်ပါရန်လိုအပ်ပါတယ်။
ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကတော့- ဥအမျိုးမျိုး၊ အသားအမျိုးမျိုး၊နှင့် ပဲအမျိုးမျိုးတို့ဖြစ်ပါတယ်။ အာဟာရတွင်ပါသော ပရိုတင်းကို အစာလမ်းကြောင်းမှ ချေဖျက်ကာ အမိုင်နိုအက်စစ် ( Amino Acids )အဖြစ် စုပ်ယူရပါတယ်။ အမိုင်နိုအက်စစ်များကို အသည်းမှ ကုန်ကြမ်းအဖြစ် အသုံးပြုပြီး သွေးရည်ကြည်ပရိုတင်း ( အဓိက အယ်လ်ဗျူမင် ) ကို ထုတ်လုပ်ပေးပါတယ်။
သံဓာတ်သည် ခန္ဓာကိုယ်၌ သွေးနီဥများ တည်ဆောက်ခြင်း၊ ကြွက်သားကလာပ်စည်းများ တည်ဆောက်ခြင်း ၊ ဇီဝဓာတုပစ္စည်းများ ပြုလုပ်ခြင်းတို့အတွက် အဓိကအသုံးဝင်ပါတယ်။နေ့စဉ်စားသုံးလျက်ရှိသော အာဟာရတွင် သံဓာတ် ၁၀ မှ ၁၂ မီလီဂရမ်ပါပါတယ်။ ဒါပေမဲ့ ပမာဏ ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းသာ သံဓာတ်ကို အစာလမ်းကြောင်းမှ စုပ်ယူနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်၌ သံဓာတ်များလွန်းနေလျှင် စုပ်ယူမှု ရာခိုင်နှုန်း လျော့နည်းသွားပြီး ခန္ဓာကိုယ်၏ သံဓာတ်သိမ်းဆည်းမှု လျော့နည်းသွားပါက ပိုမိုစုပ်ယူနိုင်ပါလိမ့်မည်။ သံဓာတ်ကြွယ်ဝသော အစားအစာများမှာ တိရစ္ဆာန်များသွေး၊ အသားအမျိုးမျိုးနှင့်၊ ဟင်းသီးဟင်းရွက်များဖြစ်ကြပါတယ်။
သွေးရည်ကြည်ပရိုတင်းသည်သော်လည်းကောင်း၊ သံဓာတ်သည်လည်းကောင်း၊ အစာအာဟာရတွင် ပြည့်ဝလုံလောက်အောင် မပါရှိခြင်း၊ခန္ဓာကိုယ်အစာလမ်းကြောင်းမှ ချေဖျက်စုပ်ယူမှု ညံ့ဖျင်းခြင်း၊ ခန္ဓာကိုယ်မှ အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်ခြင်းနှင့် ဆုံးရှုံးမှု လွန်ကဲခြင်းတို့ကြောင့် ချို့တဲ့မှုဖြစ်နိုင်ပါတယ်။ သွေးရည်ကြည်ပရိုတင်းအတွက် အဓိက အသည်းမှ တည်ဆောက်ပေးရသည်ဖြစ်ရာ အသည်းရောဂါအမျိုးမျိုး ကြောင့် သွေး၌ ရှိသော သွေးရည်ကြည်ပရိုတင်းပမာဏ နည်းသွားနိုင်ပါတယ်။
လေးဖက်နာရောဂါသည် Group A-B Haemolytic Streptococci ဗက်တီင်္းရီးယားဖြစ်သည် မှန်သော်လည်း သွေးရည်ကြည်ပရိုတင်းနှင့် သံဓာတ်သိမ်းဆည်းမှု အားကောင်းသူများတွင် မဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရာ လေးဖက်နာရောဂါမဖြစ်အောင် ကာကွယ်ရန်နည်းလမ်းမှာ သွေး၌ရှိသော သွေးရည်ကြည်ပရိုတင်းနှင့် သံဓာတ်သိမ်းဆည်းမှု အားကောင်းစေရန်ဖြစ်သည်။
ထို့ကြောင့် လေးဖက်နာရောဂါမဖြစ်အောင် ပရိုတင်းဓာတ်နှင့် သံဓာတ်ကြွယ်ဝသော အစားအစာ၊အာဟာရများ ကို မှီဝဲကြပါ။ ခန္ဓာကိုယ်၌ သွေးရည်ပရိုတင်းနှင့် သံဓာတ်ပြည့်ဝစေရန် အခြေခံအချက်မှာ အာဟာရ၌ အသားဓာတ်၊ ပရိုတင်းဓာတ်နှင့် သံဓာတ်လုံလောက်စွာ ပါရှိစေဖို့ပါ။ အာဟာရချို့တဲ့ပါက ပရိုတင်းနှင့်သံဓာတ် ပြည့်ဝစွာရရှိမည်မဟုတ်ပေ။ လေးဖက်နာရောဂါသည် အသက်ငါးနှစ် မှ ၁၅ နှစ်ကြားကလေးများတွင် အဖြစ်များသဖြင့် မိမိကလေးများအား အာဟာရပြည့်ဝစွာစားသုံးစေခြင်းဖြင့် ကာကွယ်ကြရန် တိုက်တွန်းပါတယ်။
Source-Dr: Aye Kyaw
Read: ခန္ဓာကိုယ်မှ သံဓာတ်အသုံးပြုပုံအဆင့်ဆင့်နှင့် သံဓာတ်ပိုလျှံမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ