ကင်ဆာရောဂါဖြစ်မှာ လူတိုင်းကြောက်ကြပါတယ်။ ကင်ဆာလို့ ပြောလိုက်တာနဲ့ သေမိန့်ချမှတ်လိုက်သလိုပဲ အားလုံးကြောက်လန့်နေကြမှာပါ။
ရောဂါတစ်ခုဖြစ်ရတဲ့ အဓိက ပြဿနာကဘာလဲဆိုတော့ အစားအသောက်၊ အနေအထိုင်မဆင်ခြင်ကြဘူး။ ဖြစ်ပြီဆိုတော့မှ ပျောက်ဖို့ကုကြတယ်။မဖြစ်ခင်ကော ကာကွယ်လို့မရနိုင်ဘူးလားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။
ကင်ဆာမှာလည်း မဖြစ်ခင်၊ မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ဥပမာ- အရေပြားကင်ဆာ ဆိုရင်လည်း နေလောင်ဒဏ်ကြောင့်အများဆုံးဖြစ်ကြပါတယ်။ ဒါဆိုရင် အရေးမကြီးရင် နေပူထဲသိပ်မထွက်နဲ့ပေါ့၊ အရိပ်ရတဲ့နေရာမှာနေပေါ့။ အဖြစ်မနေ နေပူထဲမှာအလုပ်လုပ်နေရတဲ့သူတွေဆိုရင် ထီး၊ဦးထုပ်၊ နေကာမျက်မှန်၊ အင်္ကျီလက်ရှည် တခုခု နဲ့ကာကွယ်သင့်တယ်။
အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာဆိုရင်လည်း အကင်တွေစားတာရှောင်ပါ။ ကြပ်တင်ထားတဲ့အသား၊ အသားလွှာတွေ၊ သိပ်စားလွန်းတာ၊ အသီးအရွက်စားတာနည်းတာ၊ စတဲ့အချက်တွေက အူမကြီးကင်ဆာ ဖြစ်ဖို့ အကြောင်းခံတွေပါ။
အသည်းကင်ဆာဖြစ်ရတာကလည်း မှိုတတ်နေတဲ့အစားအစာတွေ၊ ဓာတုဆိုးဆေးတွေ၊ ငရုတ်သီးခြောက်မှုန့်တွေ စတာတွေကြောင့်အများဆုံးဖြစ်တယ်။ ခံတွင်းကင်ဆာ မဖြစ်အောင် ကွမ်း၊ ဆေးရွက်ကြီး ရှောင်ပါ။ အရက်သေစာ၊ အယ်ကိုဟောစတာတွေက အစာအိမ်၊ အစာရေမျိုနဲ့ အူ၊ အသည်း ကင်ဆာဖြစ်နိုင်ချေကို ပိုများပိုဆိုးစေပါတယ်။
ကင်ဆာရောဂါအတွက်ကာကွယ်ဆေး တွေလည်း ယခုခေတ်မှာပေါ်နေပါပြီ၊ဥပမာ- သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတို့လို ကာကွယ်ဆေးမျိုးတွေရနေပါပြီ၊ အသည်းကင်ဆာကာကွယ်ဖို့ အသည်ရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးပေးသင့်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးဟာ အသည်းကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ ထိပ်ဆုံးကပါနေပါတယ်။ ဒီတော့ ကာကွယ်ဆေးထိုးပြီးကာကွယ်တာ အကောင်းဆုံးကုသနည်းပါပဲ။
ဆေးလိပ် ၊ စီးကရက်သောက်တာ ရှောင်ပါ။ ဆေးလိပ်သောက်တိုင်း အဆုတ်ကင်ဆာမဖြစ်နိုင်ပေမဲ့ ဆေးလိပ်သောက်သူတိုင်းမှာ အဆုတ်ကင်ဆာနဲ့ တခြားရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းအရမ်းများပါတယ်။
အသီးအရွက်များများစားပါ။.ရေများများသောက်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ အိပ်ရေးဝအောင်အိပ်ပါ။ တရားထိုင်ပြီး စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျှော့ချပါ။
အကင်၊ ချဉ်ဖတ်၊ စည်သွပ်ဘူး၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ စားစရာတွေ၊တတ်နိုင်သလောက်ရှောင် သင့်ပါတယ်။
ကာကွယ်ခြင်းကကုသခြင်းထက် ပိုကောင်းတယ်ဆိုသည့်အတိုင်း ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်နေထိုင် ခြင်းဖြင့် ကျန်းမာတဲ့လူမှုဘဝများ ဖန်တီးနိုင်ကြပါစေ။