What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 January 2019 13:38

ဂေါက်အဆစ်ရောင်နာ ဖြစ်စေသည့် အံ့အားသင့်ဖွယ်ရာ အချက် ၉ သွယ်

ဂေါက်အဆစ်ရောင်နာ ရောဂါက ခြေထောက်တွေကို မကြာခဏ နာကျင်စေတဲ့ အဆစ်ရောင်ရမ်း နာကျင်မှု အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။

အနီရောင် အသားတွေ အစားများတာ၊ အယ်လ်ကိုဟော အသောက်များတာတွေလို အစားအသောက် မှားယွင်းမှုတွေ ကြောင့်လည်း ဂေါက်အဆစ်ရောင်နာကို ပိုဆိုးရွားစေပါတယ်။ ဒါ့အပြင် ဆေးဝါးတချို့နဲ့ ဆေးကုသမှု တချို့ကြောင့်လည်း ဂေါက်အဆစ်ရောင်နာ ဖြစ်တတ်ပါသေးတယ်။ ဒီလို ဂေါက်အဆစ်ရောင်နာနဲ့ ဆက်စပ်နေတဲ့ အံ့အားသင့်ဖွယ်ရာ အချက်တွေကို သိရှိ ဆင်ခြင်နိုင်စေဖို့ ရေးသားလိုက်ရပါတယ်။

 

(၁) အက်စပရင် ဆေးပြား

အက်စပရင်ဆေးပြားက သွေးထဲက ယူရစ်အက်စစ် ပမာဏကို မြင့်တက်စေပါတယ်။ ပုံမှန်ထက်များနေတဲ့အခါ ယူရစ်အက်စစ်က အဆစ်တွေထဲမှာ၊ အထူးသဖြင့် ခြေမနဲ့ လက်ချောင်းတွေထဲမှာ ဘလိတ်ဓားလို ချွန်တဲ့ ပုံဆောင်ခဲလေးတွေ အဖြစ် စုပုံနေတတ်ပါတယ်။ ဒီလို ပြောလိုက်လို့ နှလုံးရောဂါ ကာကွယ်ရေးအတွက် ပုံမှန်နေ့စဉ် မှီဝဲနေတဲ့ အက်စပရင် ဆေးတွေကို ရပ်ပစ်စရာ မလိုပါဘူး။ အက်စပရင်ဆေးကို ပုံမှန်ပဲ သောက်ရင်း ဂေါက်အဆစ်ရောင်နာ ဖြစ်စေနိုင်တဲ့ တခြားအချက်တွေ (ဥပမာ- အစားအစာ) တွေကို ရှောင်လိုက်ပါ။ ဒီလို ဆင်ခြင်နေတာတောင် သွေးတွင်း ယူရစ်အက်စစ် အဆင့်က မြင့်တက်နေဆဲ ဖြစ်နေရင် ဆေးကုသမှု ခံယူဖို့ လိုပါတယ်။

 

(၂) ဆီးဆေးများ

ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ရေနဲ့ ဆားဓာတ်ကို ဖယ်ထုတ်တာကြောင့် သွေးဖိအားကို လျော့ကျစေပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောက်ကပ်မှ ယူရစ်အက်စစ် စွန့်ထုတ်မှုကိုပါ ပိတ်ဆို့လိုက်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ်တွေ များလာပြီး ဂေါက်အဆစ်ရောင်နာ ဖြစ်စေတဲ့ အဆင့်အထိ ဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ ဆီးဆေးနဲ့ ယူရစ်အက်စစ်ကျစေတဲ့ ဆေး (OyrmAllopurinol) ကို တွဲသောက်တာက အဆင်ပြေပါတယ်။

 

(၃) ရေဓာတ် ခန်းခြောက်ခြင်း

ရေဓာတ်ခန်းခြောက်တာက မကောင်းတဲ့ ကျန်းမာရေးပြဿနာတွေကို လက်ယပ်ခေါ်နေပါတယ်။ အဲဒီအထဲမှာ ဂေါက်အဆစ်ရောင်နာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ သွေးထဲမှာ ယူရစ်အက်စစ် အဆင့်ကို တိုးစေပြီး ဂေါက်ရောဂါထတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ရေရှစ်ခွက်လောက် သောက်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် သင်က ဂေါက်အဆစ်ရောင် ရောဂါထတာ ဖြစ်ဖူးရင်နဲ့ တခြားရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေ ခံစားနေရရင် ရေကို ဂရုစိုက်ပြီး အလုံအလောက် ရအောင် သောက်ပေးပါ။

 

(၄) ပုံမှန်ထက် ကိုယ်အလေးချိန် များခြင်း

အပိုကိုယ်အလေးချိန် ရှိနေရင် အသား၊ အယ်လ်ကိုဟောနဲ့ သကြားပါတဲ့ အချိုရည်တွေလို ဂေါက်အဆစ်ရောင် ရောဂါဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ လေ့လာမှုအရ အဝလွန်တာက ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ်တွေ ပိုလုပ်နိုင်ရေးနဲ့ ယူရစ်အက်စစ် စွန့်ထုတ်မှုကို တားဆီးရေး နှစ်ရပ်စလုံးကို လုပ်ဆောင်တယ်လို့ သိရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းတာက ယူရစ်အက်စစ် ထိန်းချုပ်နိုင်ရေးအတွက် အရေးပါတဲ့ နည်းလမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

 

(၅) အစာလျှော့လွန်းခြင်း

သွေးတွင်း ယူရစ်အက်စစ်ရော ကိုယ်အလေးချိန်ပါ ကျန်းမာနေတဲ့ အတိုင်းအတာအတွင်းမှာ ရှိနေရင် အစာကို အလွန်အမင်း လျှော့စရာ မလိုပါဘူး။ အစာလျှော့ပြီး ကိုယ်အလေးချိန် လျော့ကျအောင် ကြိုးစားတာက ဂေါက်ရောဂါ ထနိုင်တဲ့ အန္တရာယ်ကို မြင့်မားစေပါတယ်။ အကြောင်းကတော့ အစာလျှော့လွန်းတာကြောင့် ခန္ဓာကိုယ်ထဲက ကီတုန်း အဆင့်မြင့်တက်ပြီး ကီတုန်းတွေက ယူရစ်အက်ဆစ်နေရာ ဝင်ကာ စွန့်ထုတ်ခံရလို့ပဲ ဖြစ်ပါတယ်။

 

(၆) သွေးဆုံးခြင်း

ဂေါက်အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ တိုးမြင့်တာက သွေးဆုံးချိန်မှာ မလိုလားအပ်တဲ့ အကျိုးဆက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်ရတာက သွေးဆုံးချိန်မှာ အီစထရိုဂျင် ဟော်မုန်းနည်းသွားလို့ပါ။ အီစထရိုဂျင်ဟော်မုန်းဟာ ကျောက်ကပ်မှ ယူရစ်အက်စစ် စွန့်ထုတ်ရေးမှာ ကူညီပါတယ်။ အီစထရိုဂျင် ဟော်မုန်းရဲ့ ကာကွယ်ရေး အာနိသင်ကြောင့် သွေးမဆုံးခင်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် ဂေါက်အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ လျော့နည်းရတာပါ။

 

(၇) ထိခိုက်ဒဏ်ရာ ရရှိမှု

ခြေမကို တစ်ခုခုနဲ့ တိုးတိုက်မိတာလို အသေးအမွှား ထိခိုက်မှုဟာ မိနစ်အနည်းငယ်ကြာရင် သက်သာသွားပေမယ့် ဂရုစိုက်ဖို့ လိုနေပါတယ်။ အကြောင်းကတော့ ထိခိုက်ဒဏ်ရာရတဲ့ အဆစ်တွေက ယူရစ်အက်စစ်ကို စုဆောင်းဖို့ ပိုကောင်းတဲ့နေရာ ဖြစ်နေတတ်တာကြောင့် တစ်ပတ်လောက်အတွင်းမှာ ဂေါက်အဆစ်ရောင် ရောဂါထတာကို ဖြစ်စေနိုင်လို့ပါ။ ထိခိုက်ဒဏ်ရာရတာက ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပေမယ့် အဆစ်တွေမှာ ဂေါက်အဆစ်ရောင် ရောဂါထတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်တွေကို ဒဏ်ဖြစ်စေမယ့် အပြုအမူတွေ၊ ခြေဆစ်၊ လက်ဆစ်ချိုးတာ၊ လက်ကောက်ဝတ်ချိုးတာတွေကို ရှောင်ဖို့လိုပါတယ်။

 

(၈) မိသားစုမျိုးရိုး

ဂေါက်အဆစ်ရောင်နာနဲ့ ပတ်သက်ပြီး သင်မထိန်းချုပ်နိုင်တဲ့ အချက်တစ်ချက်ပါ။ ဂေါက်အဆစ်ရောင်ရောဂါ ရှိသူ ၂၀ ရာခိုင်နှုန်းခန့်ဟာ မျိုးရိုးလိုက်ပြီး ဖြစ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာလေလေ၊ ဂေါက်အဆစ်ရောင် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကို အထူး ဂရုစိုက်ကာ ရှောင်ရှားရလေလေဆိုတာကို သတိရပါ။ အမျိုးသားတွေက အသက် ၄၅ အရွယ်လောက်မှာ ဂေါက်အဆစ်ရောင် ရောဂါဖြစ်နှုန်း အများဆုံးဖြစ်ပြီး အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီး အချိန်မှာ ဖြစ်နိုင်ခြေ အများဆုံးပါ။

 

(၉) သက်သောင့်သက်သာ မရှိသော ရှူးဖိနပ်ကို စီးခြင်း

သက်သောင့်သက်သာမရှိတဲ့ ရှူးဖိနပ်တွေကို စီးတာက ကျန်းမာရေးကို ထိခိုက်တာမျိုး ဖြစ်တတ်ပါတယ်။ အကြောင်းကတော့ ဖိနပ်က စီးထားတိုင်း ခြေထောက်ကို နာကျင်ထိခိုက်စေတာနဲ့ ယူရစ်အက်စစ် မြင့်မားနေတာတို့ တွဲမိသွားရင် ဂေါက်အဆစ်ရောင် ရောဂါထတာကို ဖြစ်စေနိုင်လို့ပါ။

Source:ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

 

Read: သစ်စေ့များစားခြင်းက ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်

သစ်စေ့များစားခြင်းက ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်

 

 

Read times Last modified on Wednesday, 27 February 2019 15:06
Rate this item
(2 votes)