What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 16 March 2019 14:00

လွှင့် မပစ်သင့်တဲ့ အခွံများ

သင်သတိမထားမိဘဲ လွှင့်ပစ်နေမိတဲ့ အချို့သော အစားအစာများရဲ့ အစိတ်အပိုင်းတွေမှာ အမှန်တကယ်စားသုံးနေတဲ့ အစိတ်အပိုင်းတွေမှာထက် အာဟာရတန်ဖိုးပိုများနေတတ်တာကို သင်သိပါသလား။

အရသာ မရှိလို့ ၊ စားသုံးဖို့ ခက်ခဲလို့၊  ဟင်းပွဲထဲမှာ အမြင်မလှလို့ စတဲ့အကြောင်းပြချက်တွေနဲ့ လွှင့်ပစ်လိုက်မိတဲ့ အစိတ်အပိုင်းတွေမှာ တန်ဖိုးကြီးမားတဲ့ အာဟာရဓာတ်တွေ နဲ့ ရောဂါဘယတွေကို ကာကွယ်ပေးနိုင်တဲ့ ဆေးဖက်ဝင် အာနိသင်တွေပါဝင်နေတတ်ပါတယ်။ လွှင့်မပစ်သင့်တဲ့ အစားအစာအချို့ရဲ့ လွှင့်ပစ်နေကျ အစိတ်အပိုင်းတွေက ဘာတွေများပါလဲ။


ငှက်ပျောခွံ

ငှက်ပျောခွံတွေကို အခန့်မသင့်ရင် သင့်ကို ချော်လဲစေနိုင်တဲ့ အသုံးမဝင်တဲ့ အမှိုက်လို့ပဲ သတ်မှတ်ထားပါသလား။ ဒါဆိုရင်တော့ ဆက်လက်ဖော်ပြပေးသွားမယ့် ငှက်ပျောခွံကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးပြုအာနိသင်ကို ဖတ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ငှက်ပျောသီးခွံမှာ Tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပါပြီး အဆိုပါဓာတ်က Serotonin ထုတ်လုပ်မှုကို မြှင့်တက်စေပါတယ်။ Serotonin ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းလို့ တင်စားခေါ်ဝေါ်လေ့ရှိကာ အဆိုပါဟော်မုန်းက စိတ်ခံစားမှုကို ကောင်းမွန်စေပြီး အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါဆို ဒီအကျိုးကျေးဇူးကိုရရှိဖို့ ငှက်ပျောခွံကို ဘယ်လို အသုံးပြုမှာပါလဲ။ ငှက်ပျောခွံကို ရေဆူဆူထဲမှာ ၁ဝ မိနစ်ခန့် ပြုတ်ပေးလိုက်ရင် ငှက်ပျောခွံက နူးပြီး ပျော့အိသွားမှာဖြစ်ပါတယ်။ Smoothie ထဲမှာထည့်အသုံးပြုနိုင်သလို ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်တဲ့အခါမှာလည်း ထည့်ပေးလို့ရပါတယ်။ ငှက်ပျောသီးကိုကြော်တာ ဒါမှမဟုတ် ဖုတ်တဲ့အခါ အရင်ကလို အခွံကိုနွှာမပစ်တော့ဘဲ အခွံနဲ့ တစ်ခါတည်းကြော်တာ၊ မီးကင်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

 

ဖရဲသီးအခွံ

ဖရဲသီးလို့ဆိုလိုက်ရင် အရည်ရွှန်းပြီးချိုမြတဲ့ အနီရောင် အစိတ်အပိုင်းကိုပဲ ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ သင်သတိမထားမိဘဲ ဖယ်ရှားပစ်လိုက်တဲ့ အခွံနဲ့ အနီရောင်အသားကြားက အဖြူရောင်အစိတ်အပိုင်းမှာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့၊ ကြွက်သားတွေ အားနည်းတာကို သက်သာစေနိုင်တဲ့ Amino Acid ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင် C ဗီတာမင် B6 စတဲ့ ကိုယ်ခံအားကောင်းမွန်ဖို့ အထောက်အကူပေးနိုင်တဲ့ ဗီတာမင်တွေလည်း ဖရဲသီးရဲ့ အဖြူရောင် အစိတ်အပိုင်းမှာ ပါဝင်နေပါသေးတယ်။ မေးခွန်းက ဖရဲသီးရဲ့ အဖြူရောင်အစိတ်အပိုင်းကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။ ဖရဲသီးဖျော်ရည်ထဲမှာ ထည့်ဖျော်နိုင်သလို သင့်တော်သလို လှီးဖြတ်ပြီး အသီးအရွက်သုပ်တဲ့အထဲလည်း ထည့်သုပ်ပေးလို့ရပါတယ်။ အကယ်၍ အစိမ်းမစားချင်ဘူးဆိုရင် ဟင်းချိုတစ်မျိုးမျိုးထဲ ရောထည့်ပြီး ချက်ပြုတ်တာ မျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။

 

 

နာနတ်သီး အူတိုင်

အမျှင်တွေပါဝင်ပြီး အနည်းငယ်ကြမ်းတမ်းတဲ့ အထိအတွေ့မျိုးရှိတာကြောင့် နာနတ်သီးရဲ့ အလယ်က အူတိုင်ကို ဖယ်ထုတ်ပြီးမှ စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ သင်ဖယ်ထုတ်ပြီး လွှင့်ပစ် လိုက်လေ့ရှိတဲ့ အူတိုင်မှာ ပရိုတိန်းတွေကို ချေဖျက်ပေးနိုင်တဲ့ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါရှိပါတယ်။ အဆိုပါအင်ဇိုင်းမှာ ရောင်ရမ်းနာကျင်မှုကို တားဆီးပေးနိုင်တဲ့ အာနိသင်လည်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရောဂါကြောင့် ဖြစ်တဲ့ရောင်ရမ်းမှုနဲ့ ကြွက်သားနာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ သွေးပျစ်ခြင်းကို တားဆီးပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်း ရှိကောင်းရှိနေနိုင်တယ်လို့ ပညာရှင်တွေယူဆထားတဲ့ Anticoa-gulant လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးလည်း နာနတ်သီးအူတိုင်မှာ ပါဝင်ပါသေးတယ်။

 

Read More : ဘယ်လိုအချိန်အခါမျိုးမှာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်လဲ

 

သံပရာသီးခွံ၊ လိမ္မော်သီးခွံ

ကိတ်မုန့်ဖုတ်တဲ့အခါနဲ့ ဟင်းပွဲတစ်ချို့မှာ တော့ ရှောက်သီးသံပရာသီးတွေရဲ့ အခွံကို အသုံးပြုလေ့ရှိတတ်ပေမဲ့ များသောအားဖြင့်တော့ ရှောက်သီး၊ သံပရာသီးတို့ကို အရည်ညှစ်ပြီးတာနဲ့ ကျန်တဲ့အခွံကို လွှင့်ပစ်လိုက်တတ်ကြပါတယ်။ ဒါပေမဲ့ ရှောက်သီး၊ သံပရာသီးတို့ကဲ့သို့သော Citrus အုပ်စုဝင် အသီးတွေရဲ့ အပြင်ဘက်ဆုံး အခွံမှာ သင်မျှော်လင့်မထားတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ခြစ်ထားတဲ့ သံပရာသီးအခွံ လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာခန့်မှာ အမျှင်ဓာတ် ၃ ဂရမ်ပါဝင်ပြီး သံပရာရည်မှာထက် ဗီတာမင် C ၅ ဆ ပိုမိုပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ Riboflavin ၊ Thiamin ၊ Niacin ၊ Folate ၊ ဗီတာမင် B6 ၊ ဗီတာမင် B5 ၊ ဗီတာမင် A ၊ Calcium ၊ Iron ၊ Potassium ၊ Zinc နဲ့ Magnesium စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် သံပရာသီး၊ လိမ္မော်သီး၊ ရှောက်သီး၊ ဂရိတ်ဖရုတွေရဲ့ အခွံတွေကို မလွှင့်ပစ်လိုက်ဘဲ အခွံတွေကို ခပ်ပါးပါးခြစ်ပြီး Smoothe ထဲမှာ ထည့်ဖျော်တာ၊ ဒိန်ချဉ်ထဲထည့်တာ၊ ကိတ်မုန့်ဖုတ်တဲ့အခါ အသုံးပြုတာ၊ ပြုလုပ်ပေးနိုင်ပါတယ်။

 

ကြက်သွန်နီအခွံ

ကြက်သွန်နီအခွံကတော့ ပစ်ကို ပစ်လိုက်ရမယ့် အရာလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကြက်သွန်နီအခွံမှာ ကြွယ်ဝစွာ ဖွဲ့စည်းပါဝင်နေတဲ့ Quercetin အမည်ရ ရောင်ခြယ်ပစ္စည်းတစ်မျိုးက ကြက်သွန်နီအခွံကို လွှင့်ပစ်ရမယ့် အစိတ်အပိုင်းတစ်ခုထက်ပိုပြီး တန်ဖိုးရှိသွားစေပါတယ်။ Flavonoid ဂုဏ်သတ္တိဆောင်တဲ့ Quercetin ရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီး သွေးဖိအားကို လျော့ကျစေနိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ သွေးဖိအားကို လျော့ကျစေနိုင်တာကြောင့် သွေးကြောပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့လည်း လေ့လာမှုတွေအရ သိရှိရပါတယ်။ အနီရောင် ကြက်သွန်နီက အဝါရောင်ထပ်ပိုပြီး အစွမ်းထက် တယ်လို့ ဆိုပါတယ်။ ကြက်သွန်နီကို အခွံခွာပြီး ချက်ပြုတ်တာထက် အခွံနဲ့တပါတည်း ထည့်ချက် ပြီးနောက်မှ အခွံတွေကို သပ်သပ်ဖယ်ထုတ်ပေးပါ။ ဒီလိုနည်းနဲ့ ကြက်သွန်နီအခွံမှာပါတဲ့ ဆေးဖက်ဝင် အာနိသင်ကို ရယူနိုင်ပါတယ်။

 

ကီဝီသီး အခွံ

ကီဝီသီးကို အခွံပါစားလို့ရပြီး သင့်ကျန်းမာရေးအတွက် အကျိုးပြုနိုင်တယ်ဆိုတာ သင်သိပါသလား။ ကီဝီသီးအခွံမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပြီး အသီးမှာထပ် အမျှင်ဓာတ်ပါဝင်မှု ပိုများတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အနည်းငယ်ကြမ်းရှရှနိုင်တဲ့ အခွံက အသီးရဲ့ အရသာကို ပျက်စေတာကြောင့် တော်တော်များများက ကီဝီသီးကို အခွံခွာပြီးမှသာ စားသုံးနေကြတာက သူ့ရဲ့အာနိသင်ကို လျော့နည်းသွားစေတယ်လို့ အာဟာရဗေဒ ပညာရှင်တွေ သတိပေးထားပါတယ်။ အကယ်၍ သင်က ကီဝီသီးကို အခွံနဲ့ မစားနိုင်ဘူးဆိုရင် အနည်းဆုံး ကြိတ်စက်နဲ့ ကြိတ်ပြီး ဖျော်သောက်တဲ့အခါမှာတော့ အခွံမခွာဘဲဖျော်သောက်ကြည့်ပါလို့ အကြံပြုချင်ပါတယ်။

 

Source: myanmarpeoplemagazine

Health Products Directory

Read times Last modified on Saturday, 16 March 2019 14:16
Rate this item
(0 votes)